ကချင်ပြည်နယ်အတွင်းက မြို့နယ်အများစုမှာ အိမ်ထောင်စုစာရင်း စစ်ဆေးတာနဲ့ လူဦးရေစာရင်း ကောက်ယူတာတွေကို စစ်ကောင်စီက စတင်လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။
ဗန်းမော်၊ရွှေကူနဲ့မိုးညှင်း စတဲ့မြို့တွေမှာတော့ ဇန်နဝါရီလ (၉)ရက်နေ့ကနေ အိမ်ထောင်စုပုံစံ (၁၀) စာရင်းတွေကို စတင်ကောက်ခံခဲ့ပြီး နောက်ရက်တွေမှာတော့ တခြားမြို့နယ်တွေမှာပါ ကောက်ခံလာတာကို တွေ့လာရပါတယ်။
ပြည်နယ်အတွင်းက မြို့နယ်အားလုံးမှာ လူဦးရေစာရင်းတွေ လိုက်ကောက်နေပေမယ့် ကချင်လွတ်လပ်ရေး တပ်မတော်(KIA) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တွေ မကြခဏဆိုသလို တိုက်ပွဲတွေ ဖြစ်ပွားလေ့ရှိတဲ့ ဖားကန့်မြို့မှာတော့ လက်ရှိအချိန်ထိ ကောက်ယူတာ မရှိသေးဘူးလို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။
“ မကောက်သေးဘူး ဖားကန့်မှာတော့ မကြားသေးဘူး။ တခြားရပ်ကွက်တွေရော ကျနော်တို့ရပ်ကွက်ရော။”လို့ ဆိုပါတယ်။
မြို့နယ်နဲ့ ရပ်ကွက်အသီးသီးက နေအိမ်တွေကို စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေး ရုံးဝန်ထမ်းတွေ၊ ကျောင်းဆရာ/မတွေ၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေနဲ့ ရာအိမ်မှူးတွေကို ဦးဆောင်ကောက်ခိုင်းနေတာဖြစ်ပြီး တစ်ချို့ရပ်ကွက်တွေမှာတော့ လူဦးရေစာရင်းတွေကို ဘာအတွက်ကောက်ရတယ်ဆိုတာ ပြောဆိုခြင်းမရှိဘူးလို့လည်း မိုးညှင်းမြို့မှာ နေထိုင်တဲ့ ဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။
“ကျမတို့ဘက်မှာ အခုလည်း လိုက်ကောက်နေတာဟုတ်တယ်။ ဒါပေမဲ့ သူတို့က ဘာအကြောင်းကြောင့် ကောက်တယ်ဆိုတာ သေချာလဲ မပြောပြဘူး။ ကျမမေးကြည့်လိုက်တာလေ ဘာကြောင့်မို့ကောက်တာလဲ ပြောတော့လဲ မပြောပြဘူး။ လဝကက ကောက်ခိုင်းတာတဲ့ အဲဒီလိုပဲ ပြောပြတယ်။” အထက်ပါအမျိုးသမီးက ရှင်းပြပါတယ်။
ဒါ့အပြင် အိမ်ထောင်စုထဲ မပါဝင်သေးတဲ့သူတွေကိုလည်း မွေးစာရင်းယူပြီး အိမ်ထောင်စုမူရင်းထဲမှာ တစ်ခါတည်း ဖြည့်စွက်ထည့်သွင်းတာတွေပါ ပြုလုပ်ခဲ့တယ်လို့လည်း သိရပါတယ်။
တချို့မြို့နယ်နဲ့ ရပ်ကွက်တွေမှာ တစ်အိမ်တက်ဆင်း လိုက်လံကောက်ယူသလို တစ်ချို့မြို့နယ်နဲ့ ရပ်ကွက် တွေမှာတော့ ရပ်ကွက်ရုံးအထိ သွားရောက် စာရင်းပေးရပြီး အိမ်ထောင်စုစာရင်းမှာပါတဲ့ မိသားစုဝင်တွေ နေအိမ်မှာ နေထိုင်တာ ရှိ/မရှိကိုလည်း ခေါ်ယူစစ်ဆေးတာတွေ ပြုလုပ်တယ်လို့လည်း မိုးညှင်းမြို့နယ်၊ ဟဲလုံကျေးရွာအုပ်စုမှာ နေထိုင်တဲ့ ဒေသခံအမျိုးသား တစ်ဦးက ပြောပါတယ်။
“ ပထမတစ်ရက်ကတော့ ဆယ်အိမ်မှူးတွေဆီမှာ ကိုယ့်ရဲ့ အိမ်ထောင်စု မိတ္တူ သွားပို့ခိုင်းတာလေ။ နောက်တစ်ရက်ကျတော့ အိမ်ထောင်ဦးစီး တစ်အိမ်တစ်ယောက် တစ်ယောက်ပေါ့။ ရပ်ကွက်ရုံးမှာ လာစုခိုင်းပြီးတော့ လာသမျှလူကို ခေါ်ပြီး မေးပြီးတော့ အဲဒါ ဒီအိမ်ထောင်စုထဲက ဇယားအတိုင်း မှန်တယ်မမှန်ဘူးဆိုတာ မေးတယ်။ ပြီးရင် အဲဒါနဲ့တိုက်တာပေါ့ ကိုယ်ဖြေတဲ့ဟာနဲ့ အားလုံးဘယ်နှစ်ယောက် ရှိတယ်ဆိုတာ တိုက်ကြည့်ပြီး။ ပြီးရင် ပြန်ခိုင်းတာပေါ့။” လို့ဆိုပါတယ်။
ကျေးရွာနဲ့ ရပ်ကွက်တစ်ချို့မှာတော့ လူဦးရေစာရင်းကောက်ယူတဲ့အခါ ကောက်ယူရတဲ့ အကြောင်းအရင်းကို ပြောဆိုပြီး ကောက်ခံတာတွေ ရှိတယ်လို့လည်း ဗန်းမော်မြို့ခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
“ သူတို့က အိမ်ထောင်စုတွေ စစ်ဆေးပြီးတော့ စာရင်းကောက်သွားတာပေါ့။ အဲဒီ လိုက်ကောက်နေတဲ့ စာရေးမ တစ်ယောက်ပြောတာကတော့ မဲစာရင်းကောက်တာတဲ့ သူက အဲဒီလိုပြောတယ်။ မဲစာရင်းအတွက် အိမ်ထောင်စု ကောက်တာပေါ့လေနော်။” လို့ ဆိုပါတယ်။
လူဦးရေစာရင်းကောက်ယူတဲ့ လုပ်ငန်းစဉ်ကို ဇန်နဝါရီလ(၉) ရက်နေ့ကနေ (၃၁) ရက်နေ့အထိ (၂၃) ရက် အတွင်း အပြီးကောက်ယူခိုင်းထားတယ်လို့လည်း ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဆီက သိရပါတယ်။
ဒါ့အပြင် ကချင်ပြည်နယ်အတွင်းက စစ်ရှောင်စခန်းတွေမှာလည်း လူဦးရေစာရင်း ကောက်ယူခဲ့ကြပြီး စစ်ကောင်စီ ဝန်ထမ်းတွေ ကိုယ်တိုင်လာရောက်ကောက်ယူတာ မဟုတ်ဘဲ စစ်ရှောင်စခန်းက တာဝန်ရှိသူတွေကို ကောက်ယူခိုင်းတာဖြစ်တယ်လို့ မြစ်ကြီးနားမြို့ပေါ်မှာရှိတဲ့ စစ်ရှောင်စခန်း တာဝန်ရှိသူတွေက ပြောပါတယ်။
စခန်းတာဝန်ခံတွေကို မြစ်ကြီးနားမြို့က စုပေါင်းရုံးမှာ တစ်ကြိမ် အထက (၁) စာသင်ကျောင်းမှာ တစ်ကြိမ်ခေါ်ယူပြီး သန်းခေါင်စာရင်းကောက်ယူရမယ့် ပုံစံတွေနဲ့ ပတ်သက်တဲ့ သင်တန်းပေးခဲ့တယ်လို့လည်း ဆိုပါတယ်။
သန်းခေါင်စာရင်း ကောက်ယူတဲ့အခါ နေအိမ်မှာ သုံးလနဲ့အထက် နေထိုင်ခြင်းမရှိတဲ့သူတွေကို ခရီးလွန်လို့ မှတ်ချက်ရေးပြီး ထည့်သွင်းတင်ပြရတယ်လို့ လည်း ဆိုပါတယ်။
စစ်ကောင်စီက ပြည်သူလူထုနဲ့ နိုင်ငံတကာကို လှည့်စားဖို့ အတွက် နောက်ထပ် ရွေးကောက်ပွဲ တစ်ခုကိုကျင်းပနိုင်ဖို့ အခုလိုလူဦးရေစာရင်းတွေ လိုက်လံကောက်ယူနေတာဖြစ်ပြီး စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲမှာ ပြည်သူတွေမပူးပေါင်းဖို့ လိုတယ်လို့ လက်ရှိအချိန်ထိ မြစ်ကြီးနားမြို့ပေါ် စစ်အာဏာရှင် ဆန့်ကျင်ရေး လှုပ်ရှားတွေမှာ ပါဝင်နေတဲ့ လူငယ်တစ်ဦးက သူ့ရဲ့အမြင်ကို ပြောပါတယ်။
“ စစ်တပ်ကတော့ ရွေးကောက်ပွဲကို မဖြစ်ဖြစ်အောင် လုပ်ဖို့ ကြိုးပမ်းနေတယ်လို့ပဲ မြင်တယ်။ ရွေးကောက်ပွဲကို ထွက်ပေါက်အနေနဲ့ ရည်ရွယ်ပြီးတော့မှ အကြပ်အတည်းကို ဖြေရှင်းမယ့် နည်းလမ်းအနေနဲ့ပြုလုပ်နေတယ်လို့ မြင်တယ်။ လုံးဝကို ကန့်ကွက်ရမယ်။ မဲထည့်တာမျိုးတွေကစ မပါဝင်သင့်ဘူး။ လူစာရင်းလာကောက်ရင်တောင် မပေးသင့်ဘူးလို့ ကျနော့်အနေနဲ့ မြင်တယ်။” လို့ပြောပါတယ်။
၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ဖေဖော်ဝါရီလ(၁) ရက်နေ့မှာ နိုင်ငံ့ခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချခဲ့ပြီး စစ်တပ်က အာဏာကိုသိမ်းယူခဲ့ပါတယ်။
အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ ဒီနှစ်အတွင်းမှာ ရွေးကောက်ပွဲ ပြန်ကျင်းပပြီး အနိုင်ရပါတီကို အာဏာလွှဲပေးမယ်လို့ နေပြည်တော်မှာ ပြီးခဲ့တဲ့ ဇန်နဝါရီလ(၄) ရက်နေ့က ပြုလုပ်ခဲ့တဲ့ လွတ်လပ်ရေးနေ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
ကချင်လွတ်မြောက်ရေးအဖွဲ့အစည်း (KIO/KIA) အပါအဝင် တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကောင်စီ ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ ပြည်သူတွေ ပါဝင်ခြင်းမပြုကြဖို့ ကြေညာချက်အသီးသီး ထုတ်ပြန်ထားကြပါတယ်။
စစ်အာဏာရှင်တွေ စိတ်တိုင်းကျ ရေးဆွဲခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေနဲ့တောင်မညီဘဲ စစ်အာဏာသိမ်းမှုကို ဆောင်ရွက်ခဲ့တဲ့ စစ်ကောင်စီဟာ နိုင်ငံရေးထွက်ပေါက်တစ်ခုအနေနဲ့ ရွေးကောက်ပွဲပြုလုပ်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး ကိုယ့်ဖဲကိုယ်ချိုးတဲ့ ရွေးကောက်ပွဲတစ်ခုသာ ဖြစ်တယ်လို့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဖားကန့်မဲ ဆန္ဒနယ်ကနေ ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရရှိခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ဟိန်းမင်းက ပြောပါတယ်။
“အာဏာသိမ်းပြီးပြန်တော့လည်း တရားဝင်မှုက မရတဲ့အတွက် အခုအချိန်မှာတော့ ဒါ နိုင်ငံရေးထွက်ပေါက် တစ်ခုလည်းဖြစ်တယ်။ ပြီးတော့ သူတို့အတွက် တရားဝင်မှုရဖို့လည်း လုပ်နိုင်မယ့် နည်းလမ်း တစ်ခု အနေနဲ့ အတုအယောင်ရွေးကောက်ပွဲတစ်ခုကို ကျင်းပမယ်ပေါ့။ အခုလိုပဲ ဒီလို သူတို့နိုင်မယ့် လူမျိုးတွေ ပါတီတွေကို ဒါခြေချုပ်ပြီးတော့မှ သူတို့ပဲ ပြိုင်မယ့် သဘောပါပဲ။ ဒါ သူတို့ မနိုင်နိုင်အောင်ကို ကိုယ့်ဖဲကိုယ်ချိုးတဲ့ ရွေးကောက်ပွဲလည်း ဖြစ်တယ်ပေါ့ဗျာ။” လို့ ဦးအောင်ဟိန်းမင်းက ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့မှာ ကျင်းပခဲ့တဲ့ အထွေထွေရွေးကောက်ပွဲမှာ NLD ပါတီက မဲဆန္ဒနယ် အများဆုံး အနိုင်ရထားပြီး လွှတ်တော်(၃)ရပ်အတွက် ကိုယ်စားလှယ်(၉၂၀)ဦးအထိ အနိုင်ရရှိခဲ့ပါတယ်။
စစ်ကောင်စီက ပြည်သူတွေကို မတရားဖမ်းဆီးသတ်ဖြတ်တာ ၊ ကျေးရွာတွေကို မီးရှို့တာ ၊ တစ်ရက်ထဲ လူပေါင်း ၆၀ ကျော် သေဆုံးခဲ့ရတဲ့အထိ ဗုံးကြဲတိုက်ခိုက်တာနဲ့ အကြမ်းဖက်မှုပေါင်းများစွာကို နှစ်နှစ်နီးပါး ပြုလုပ်ခဲ့ပြီးနောက်မှာတော့ ရွေးကောက်ပွဲပြန်လည်ပြုလုပ်ဖို့ဆိုပြီး လူဦးရေစာရင်းတွေကို ကောက်ယူ နေတာလည်း ဖြစ်ပါတယ်။