ကြာအင်းဆိပ်ကြီးက စစ်ရှောင်နေရသူတွေ စားနပ်ရိက္ခာအကူအညီလိုအပ်နေ

ကြာအင်းဆိပ်ကြီးက စစ်ရှောင်နေရသူတွေ စားနပ်ရိက္ခာအကူအညီလိုအပ်နေ
ကြာအင်းဆိပ်ကြီး မြို့ အဝင်
ကြာအင်းဆိပ်ကြီး မြို့ အဝင်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းက တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင် နေကြရသူတွေ စားနပ်ရိက္ခာအကူအညီလိုအပ်နေသည်ဟု အကူအညီပေးနေသူတို့ထံမှ သိရသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း၌ ပြီးခဲ့သည့် ဇန်နဝါရီလ ၃ ရက်နေ့ညက စစ်ကောင်စီတပ် ခလရ ၂၈၃၊ ၂၈၄၊ ၃၂ တပ်ရင်းတွေကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၆ ပူးပေါင်းတပ်ဖွဲတို့ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားလာခဲ့သည်။

တိုက်ပွဲကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းက ဆိပ်ကြီး၊ ချောင်းဝ၊ တံတားဦး၊ အလယ်ရွာ၊ရွှေပေါ်အင်း၊ သဲဖြူချောင်း အစရှိသည့် ကျေးရွာ ၁၀ ရွာကျော်တို့ကနေ ဒေသခံ ၇၀၀ ကျော်သည် မွန်ပြည်သစ်ပါတီ မော်လမြိုင်ခရိုင်ထိန်းချုပ်နယ်မြေဘက်က ကျေးရွာတွေမှာလာရောက် တိမ်းရှောင်နေကြသည်ဟု သိရသည်။

 

ထွက်ပြေးတိမ်းရှောင်လာသူအများစုသည် အမျိုးသမီးနှင့် ကလေးများဖြစ်ကြပြီးရက်ကြာလာသည်နှင့် အမျှ စားနပ်ရိက္ခာတွေ အကူအညီလိုအပ်လာသည်ဟု မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေထဲက ကရင်စစ်ရှောင်တွေကို အကူအညီပေးနေသည့် နိုင်မွန်ထောကပြောသည်။

“အဓိက အခက်အခဲကတော့ စားသောက်ရေးပေါ့၊ တစ်ချို့က ဘာမှယူလို့မရဘဲနဲ့ အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ပဲ ရောက်လာတယ်၊ လတ်တလောက ရွာကအလှူငွေတွေနဲ့ပဲ စားသောက်ရေး ဖြေရှင်းနေရလို့ရက်နည်းနည်းလောက်ပဲ တောင့်ခံသွားနိုင်လိမ့်မယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည့်အပြင် စစ်ကောင်စီလေယာဥ် ပျံဝဲနေတာ၊ စစ်ကောင်စီစစ်ကြောင်းထိုးလာနေတာတွေရှိနေသည့်အတွက် ထွက်ပြေးတိမ်းရှောင်နေရသူများ နေရပ်မပြန်ရဲကြသေးပဲဖြစ်နေသည်။

“သေနတ်သံတွေ ကြားနေရတုန်းပဲဆိုတော့ လောလောဆယ် မပြန်ရဲကြသေးဘူး၊ ပြီးတော့ ရွာထဲကို စစ်တပ် စစ်ကြောင်းဝင်လာနေတာတွေလည်းရှိနေတယ်၊ တိုက်ပွဲက အချိန်မရွေးဖြစ်လာနိုင်လို့ရှောင်နေတာက ပိုကောင်းမယ်၊ အခက်အခဲကတော့ အများကြီးရှိပါတယ်” ဟု ကြာအင်းဆိပ်ကြီးကတိမ်းရှောင်နေရသူတစ်ဦးက ပြောသည်။

တိုက်ပွဲကြောင့် ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်းက ကျေးရွာပေါင်း ၂၀ ကျော်က ဒေသခံပြည်သူ၁၆၀၀၀ကျော် ဘေးလွတ်ရာနေရာ ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

၎င်းပြင် တိုက်ပွဲများ ဆက်ဖြစ်နေသည့်အတွက် စစ်ဘေးရှောင်များ ထပ်တိုးလာနိုင်သည်ဟုလည်း ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

ကြာအင်းဆိပ်ကြီးမြို့နယ် နယ်မြေအတွင်း တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေခြင်းကြောင့် ခရီးသွားပြည်သူများ ခရီးသွားလာရာတွင် အလွန်အန္တရာယ်ရှိသည့်အခြေအနေ ဖြစ်ပေါ်နေသည့်အတွက် ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်းကို ဇန်နဝါရီလ ၁၆ ရက်နေ့မှ ၂၃ ရက်နေ့အထိ လုံးဝသွားလာတာ မလုပ်ဖို့ KNU ဒူးပလာယာခရိုင်က တားမြစ်ထုတ်ပြန်ထားသည်။

December 19, 2024
တနင်္သာရီတိုင်းတွင် နိုဝင်ဘာလအတွင်း စစ်ကောင်စီတပ် တိုက်ပွဲနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့်...
December 18, 2024
ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ အနန်းကွင်း၊ ရဲတံခွန်၊ လွတ်ရှမ်း၊ သံပုရာ၊ ခုံခံကျေးရွာမှ...
December 13, 2024
ထိုင်း - မြန်မာ နယ်စပ် ဘုရားသုံးဆူမြို့အတွင်း အသက် ၁၀ နှစ်အောက်ကလေးပျောက်ဆုံးမှု ယနေ့အထိ...
December 12, 2024
မွန်ပြည်နယ်ထွက် မိုးစပါးများ ယခုနှစ်တွင် အရည်အသွေးကျဆင်းနေကြောင့် စပါးဝယ်ယူသူတို့ တင်းအစား...