မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ် အရှေ့ပိုင်း၊ နွားပွဲဈေးအနီးတွင် ကင်းလှည့်နေသည့် ရဲကားတစ်စီး တိုက်ခိုက်ခံရပြီး ရဲတပ်ဖွဲ့ဝင် ၂ ဦး သေဆုံးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
နွားပွဲဈေး အနီးတစ်ဝိုက်တွင် ဇန္နဝါရီလ ၁၄ ရက်နေ့၊ နံနက် ၁၀ နာရီဝန်းကျင်ခန့် ကင်းလှည့်နေသည့်အချိန်တွင် နွားထိုးကြီး ပြည်သူ့ကာကွယ်ရေးတပ် (NPDF)မှ ဆိုင်ကယ်တစ်စီးဖြင့် မောင်းနှင်လာ၍ရဲကား၏ အနောက်တည့် တည့်ကို ဝင်ပစ်ခဲ့ခြင်းဖြစ်ပြီး ထိုနေရာ၌ပင် ရဲ ၂ ဦးလုံး ပွဲချင်းပြီး သေဆုံးသွားခဲ့ခြင်း ဖြစ်သည်။
မျက်မြင်ကြုံတွေ့ခဲ့သူ အသက် ၄၃ အရွယ် အမျိုးသားတစ်ဦးက “ဂျိမ်းစဘွန်းလိုပဲ ဆိုင်ကယ်နဲ့ ၂ ယောက်လာ ပစ်ပြီး ချက်ချင်း မောင်းပြေးသွားတာ။ ရဲကားထဲမှာက ၃ ယောက် ပါတယ်။ တယောက်ကတော့ဘာမှမထိ လိုက်ဘူး။ လူနာတင်ကား မရောက်ခင်ကတည်းက သေနေတာ။ အလောင်းကတော့ရုပ်ပျက်ဆင်းပျက်ပဲ” ဟု ပြောသည်။
သေဆုံးသူ ၂ ဦးမှာ အသက် ၄၀ အရွယ် နယ်ထိန်းရဲတပ်ကြပ် ကိုသန်းဇော်မင်းနှင့် အသက် ၂၅ နှစ်အရွယ်ရဲတပ် သား ကိုအောင်ကျော်ဖြိုး ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
ထိုသို့ ပစ်ခတ်ခံရပြီးနောက်တွင် ၎င်းတို့ အလောင်းအား နွားထိုးကြီး ဆေးရုံကြီးသို့ ပို့ဆောင်ခဲ့ပြီးနောက်ထိုမှ တဆင့် ရဲစခန်းသို့ ပြန်လည်သယ်ဆောင်သွားပြီး ဇန္နဝါရီလ ၁၅ ရက်နေ့ နေ့လည်ပိုင်းတွင်သင်္ဂြိုလ်မည်ဟု နီးစပ် သူများက ပြောသည်။
၎င်းတို့နှစ်ဦးအား ပစ်ခတ်ရှင်းလင်းပြီးနောက် မောင်းပြန်ကာဘိုင်၊ အူဇီ ၂ လက်၊ ကျည်ဘောက် ၂ ခု၊ ၉မမ ကျည် ၁၅၆ တောင့်၊ ဖုန်း ၁ လုံးနှင့် ငွေကျပ်အနည်းငယ် သိမ်းဆည်းရမိခဲ့သည်ဟု NPDF မှထုတ်ပြန်ထားသည်။
NPDF မှ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက “သူတို့က ပြည်သူကို ခြိမ်းခြောက်ပြီး ပိုက်ဆံတောင်းတယ်။ဆက် ကြေးရအောင် လောင်းကစားဝိုင်းတွေ လုပ်တယ်။ ချိပ်ပိတ်ခံထားရတဲ့ အိမ်တွေကအတွင်းပစ္စည်းတွေကို ခိုး တယ်။ ဒါကြောင့် ရှင်းလင်းလိုက်ပါ။ Non CDM ဝန်ထမ်းတိုင်း ကျနော်တို့မလုပ်ပါဘူး” ဟု ပြောသည်။
ထို့အတူ ဇန္နဝါရီလ ၁၃ ရက်နေ့၊ နေ့လည် ၂ နာရီဝန်းကျင် အချိန်၌လည်း နွားထိုးကြီးမြို့နယ်၊ရွာကြီးကျေးရွာ အနီး၊ မြင်းခြံ - နွားထိုးကြီး ကားလမ်းပိုင်း တစ်နေရာတွင် စစ်ကောင်စီတပ်သားများ မောင်းနှင်လာသည့် Mark 2 အိမ်စီးကား ၂ စီးကို နွားထိုးကြီးဒေသကာကွယ်ရေးတပ် (NRDF) မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ် သားများ ထိခိုက်ကျဆုံးမှုများနိုင်သည်ဟု ဆိုသည်။ သို့သော် သတင်းနှင့် မီဒီယာကွန်ယက်အနေဖြင့် စစ် ကောင်စီ တပ်သားများ ထိခိုက်ကျဆုံးသည့် အရေအတွက်ကိုအတည်ပြုနိုင်ရန် စုံစမ်းနေဆဲ ဖြစ်သည်။
အလားတူ နွားထိုးကြီးမြို့နယ်၊ ကျွန်းထောင့်ကျေးရွာတွင် ပြီးခဲ့သည့် ဇန္နဝါရီလ ၁၃ ရက်နေ့ ညနေ ၅ နာရီအချိန် ခန့်ကလည်း အသက် ၆၀ အရွယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ၏ မြို့နယ်ဘဏ္ဍာရေးမှူး၊ ပျူစောထီးခေါင်းဆောင် ဦးလှသန်းအား ၎င်း၏ ကွမ်းခြံအတွင်း၌ ထိုင်နေစဉ် NPDFရဲဘော် ၂ ဦးမှ ဝင်ရောက် ပစ်ခတ်ခဲ့ရာ ပွဲချင်းပြီး သေဆုံးခဲ့သည်။
ဦးလှသန်းမှာ နိုင်ငံရေးတက်ကြွလှုပ်ရှားသည့် လူငယ်များကို စစ်ကောင်စီထံ သတင်းပေးခြင်း၊ ဒလန်လုပ်နေ ခြင်း၊ စစ်ကောင်စီက ကျင်းပမည့် ရွေးကောက်ပွဲအတွက် ပြည်သူများထံ မဲစာရင်းများ ခြိမ်းခြောက် ကောက်ယူ နေခြင်း စသည့် အကြောင်းအရာများကြောင့် ပစ်ခတ်ရှင်းခဲ့ခြင်း ဖြစ်သည်ဟု NPDF မှ ထုတ်ပြန်ထားသည်။
ထို့အပြင် ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်နေ့ကလည်း နွားထိုးကြီး မြို့နယ်တရားရုံးတွင် တစ်ရက်တည်း ဗုံးပေါက်ကွဲမှု ၂ ကြိမ် ဖြစ်ပွားခဲ့ပြီးနောက် ရဲတပ်သားတစ်ဦး သေဆုံးခဲ့သည်ဟု မြို့ခံပြည်သူများက ပြောသည်။
မန္တလေးတိုင်း ဒေသကြီးတွင် တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိသော်လည်း NPDF အပါအဝင် ဒေသကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့များမှ ပြည်သူများအပေါ် အနိုင်ကျင့် ဗိုလ်ကျစိုးမိုးနေသော စစ်ကောင်စီ တပ်သားများနှင့် ပျူစောထီးများအား မြေအောက် ပြောက်ကျားစနစ်ဖြင့် နေ့စဉ်နှင့်အမျှ လုပ်ကြံသတ်ဖြတ်လျက်ရှိသည်ဟု ဆို သည်။