KNU တပ်မဟာ(၆) မှာ စစ်ရှောင်အရေအတွက် ထပ်တိုးလာ၊ အရေးပေါ်အကူအညီလိုအပ်နေ

KNU တပ်မဟာ(၆) မှာ စစ်ရှောင်အရေအတွက် ထပ်တိုးလာ၊ အရေးပေါ်အကူအညီလိုအပ်နေ

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေအတွင်းမှာ KNLA တော်လှန်ရေး တပ်ပေါင်းစုနဲ့ စစ်ကောင်စီတပ်တို့ရဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ စစ်ဘေးရှောင် အရေအတွက် အရင်ကထက် ပိုမိုများပြားလာသလို လူသားချင်းစာနာမှုအကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ KHRG နဲ့ KNU ထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ(၁၉)ရက်နေ့ကစပြီး ဒီဇင်ဘာလကုန်အထိ တပ်မဟာ(၆)နယ်မြေဖြစ်တဲ့ ကော့ကရိတ်မြို့နယ် ကော့နွဲ့ကျေးရွာအတွင်း KNLA တော်လှန်ရေးတပ်ပေါင်းစုနဲ့ စစ်ကောင်စီတပ်တို့ အကြား တိုက်ပွဲတွေပြင်းထန်ခဲ့သလို အခုနှစ် ၂၀၂၃ ခုနှစ် ဇန်နဝါရီလအစောပိုင်းမှာလည်း ဝင်းရေးမြို့နယ် တောင်စွန်းကျေးရွာနဲ့ ကြာအင်ဆိပ်ကြီးမြို့အနီးမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်ခဲ့တာဖြစ်ပါတယ်။

တိုက်ပွဲဖြစ်စဉ်တွေအတွင်း ကျေးရွာတွေအပေါ်ကို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ လေ ကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်ပြုလုပ်လျက်ရှိနေပြီး ဒီလိုကျေးရွာတွေအပေါ် ရည်ရွယ်ချက်ရှိရှိ ပစ် ခတ်တိုက်ခိုက်ဆောင်ရွက်မှုကြောင့် ဒေသခံပြည်သူလူထုတွေ ထိခိုက်သေဆုံးမှုတွေရှိခဲ့ကာ ပြည်သူအများအပြားဟာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရပါတယ်။

စစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားဆောင်ရွက်မှုတွေကြောင့် ကော့ကရိတ်မြို့နယ်ထဲက ကော့နွဲ့ကျေးရွာ အုပ်စုနဲ့ ကြာအင်းဆိပ်ကြီးမြို့အနီးက ကျေးရွာတွေအပါအဝင် ဝင်းရေးမြို့နယ် တောင်စွန်းကျေးရွာတွေ ဘက်က ဒေသခံပြည်သူလူထုသောင်းချီဟာ ထွက်ပြေးတိမ်းရှောင်ခဲ့ရပြီး လူသားချင်းစာနာမှု အကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ KHRG စည်းရုံးလှုံ့ဆော်ရေး တာဝန်ခံ စောနန္ဒဆူးက ပြောပါတယ်။

“၂၀၂၃ခုနှစ် ဇန်နဝါရီလ အစောပိုင်းကာလမှာလည်းပဲ ထိုးစစ်ဆင်မှုတွေ ပိုမိုပြင်းထန်လာတာပေါ့နော်။ ဒါကြောင့်မို့လို့ ( ကော့နွဲ့)ကျေးရွာအုပ်စုမှာရှိတဲ့ နေရာဒေသတဝိုက်မှာဆိုလို့ရှိရင် စစ်ဘေးရှောင်နေရတာပေါ့နော်။ အကူအညီတွေလည်းပဲ အများကြီးလိုအပ်နေလျက်ရှိတာပေါ့လေ။ အထူးသဖြင့် ဒီလိုမျိုးအေးချမ်းတဲ့ဆောင်းရာသီကာလမှာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ပြည်သူတွေဟာ အခက်အခဲအများကြီးနဲ့ ကြုံတွေ့နေရတယ်။ အဲဒီနည်းတူပဲ ကျွန်တော်တို့ ဒီကြာအင်းဆိပ်ကြီး ဘက်ခြမ်းထဲမှာလည်းပဲ ကျေးရွာတော်တော်များများလည်း ဒီဇန်နဝါရီလစကတည်းက ယခုအချိန်ထိ လေကြောင်းတိုက်ခိုက်မှုတွေ၊ ထိုးစစ်ဆင်မှုတွေကတော့ ဖြစ်ပေါ်နေတယ်ပေါ့နော်။ အဲဒီအပေါ်မှာတော့ အခုမှာလည်းပဲ ရာထောင်ချီတဲ့ ပြည်သူတွေကလည်းပဲ ထွက်ပြေးတိမ်းရှောင်နေရတာပေါ့လေ။ ထွက်ပြေးတိမ်းရှောင်ရဲ့ ဦးရေ အရေအတွက်ကကျတော့ ကျွန်တော်တို့ လောလောဆယ်ဘာမှ မသိရဘူးပေါ့နော်။ ဒါပေမယ့် ဒီကော့နွဲ့နဲ့ ကြာအင်းဆိပ်ကြီးဘက်ခြမ်း၊ ဒီဝင်းယော်ဒေသဘက်ခြမ်း သုံးခုစလုံးပေါင်းရင် သောင်းဂဏန်းချီပြီးရှိနေတာပေါ့ ” လို့ဆိုပါတယ်။

လတ်တလောမှာ စစ်ဘေးရှောင်ပြည်သူလူထုတွေအတွက် စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အသုံးအဆောင် ပစ္စည်းတွေ အဓိကလိုအပ်လျက်ရှိနေတာဖြစ်ပြီး စစ်ဘေးရှောင်တွေထံ အကူအညီတွေပေးပို့ နိုင်ဖို့အတွက် လက်ရှိစစ်ကောင်စီရဲ့ စစ်ရေးလှုပ်ရှားဆောင်ရွက်မှုနဲ့ နယ်မြေလုံခြုံရေး အခြေအနေတွေကြောင့် အခက်အခဲတွေအများကြီးရှိနေတယ်လို့ ဆိုပါတယ်။

KNU ဒူးပလာယာခရိုင် တပ်မဟာ(၆)နယ်မြေအတွင်းမှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ တစ်လတာအတွင်း ကျေးရွာတွေနဲ့ လုပ်ငန်းခွင်တွေအပေါ်ကို စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှု(၁၁)ကြိမ် ပြုလုပ်ခဲ့ပြီး ဗုံးအလုံးရေ(၃၀)ထက်မနည်း ကြဲချခဲ့သလို လက်နက်ကြီးပစ်ခတ်မှုကြောင့် သံဃာ(၂)ပါး ပျံလွန်တော်မူကာ သံဃာနဲ့ကလေးတွေအပါအဝင် (၁၃)ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

KNU တပ်မဟာ(၆)အပါအဝင် တခြားတပ်မဟာတွေတချို့မှာလည်း တိုက်ပွဲတွေနေ့စဉ် ဖြစ်ပွားလျက်ရှိတာကြောင့် စစ်ဘေးရှောင်ပြည်သူလူထုတွေဟာ ကျေးရွာတွေနဲ့ လုပ်ကိုင်စားသောက်တဲ့ လုပ်ငန်းခွင်တွေထဲကို ပြန်လည်နေထိုင်စားသောက်ခွင့်မရရှိပဲ ဘေးလွတ်ရာသို့သာ ထွက်ပြေးတိမ်းရှောင်နေကြရတာကြောင့် စားနပ်ရိက္ခာ၊ ဆေးဝါး၊ အဝတ်အစား၊ အမိုးအကာစတဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ အများအပြားလိုအပ်လျက်ရှိနေတယ်လို့ KNU ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း - သံလွင်တိုင်းမ်

Most read this week

October 24, 2024
နယ်မြေစိုးမိုးမှု ပြန်လည်ရရှိရေးအတွက် တနင်္သာရီတိုင်းရှိ မြို့နယ်တွေမှာ တန်ပြန်စစ်ဆင်ရေးအ ဖြစ်...
October 23, 2024
ပဲခူးတိုင်း ဒိုက်ဦးမြို့နယ် ဒိုက်ဦးအကျဉ်းထောင်မှာ သောက်သုံးရေ ပြတ်လပ်မှုဖြစ်ပေါ်နေပြီး ချိုးရေ...
October 23, 2024
ခုခံတော်လှန်စစ်တွေကို တောက်လျှောက်ရင်ဆိုင်နေရတဲ့ စစ်ကောင်စီက စစ်မှုထမ်းသင်တန်းသားတွေကို...
October 22, 2024
မွန်ပြည်နယ်တောင်ပိုင်းနဲ့ ဆက်စပ် ထားဝယ်ဒေသဘက်မှာ စစ်ကောင်စီက နယ်မြေထိန်းချုပ်ဖို့...