စစ်ကောင်စီရဲ့ စစ်ဆင်ရေးကို တိုက်ခိုက်ချေမှုန်းဖို့ အဆင်သင့်ပဲလို့ မွန်ပြည်တော်လှန်ရေးတပ်ပြော

စစ်ကောင်စီရဲ့ စစ်ဆင်ရေးကို တိုက်ခိုက်ချေမှုန်းဖို့ အဆင်သင့်ပဲလို့ မွန်ပြည်တော်လှန်ရေးတပ်ပြော

မွန်ပြည်နယ်တောင်ပိုင်းနဲ့ ဆက်စပ် ထားဝယ်ဒေသဘက်မှာ စစ်ကောင်စီက နယ်မြေထိန်းချုပ်ဖို့ စစ်ဆင်ရေးတွေလုပ်လာရင် တိုက်ခိုက်ချေမှုန်းဖို့ အဆင်သင့်ပဲလို့ မွန်ပြည်တော်လှန်ရေးတပ် (MSRF) ပြောခွင့်ရ နိုင်နဂါးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီဟာ လတ်တလော သန်းခေါင်စာရင်းကောက်ယူမှုမှာ အင်အားအလုံးအရင်း အသုံးပြုနေတဲ့အတွက် မွန်ပြည်နယ်တောင်ပိုင်း အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးတစ်လျှောက်မှာ စစ်ကြောင်းထိုးတာ၊ စစ်ဆင်ရေးလုပ်တာတွေ မရှိသေးပါဘူး။

ဒါပေမယ့်သန်းခေါင်စာရင်းကိစ္စပြီးသွားရင်တော့ နယ်မြေထိန်းချုပ်ရေးအတွက် စစ်ဆင်ရေးတွေ ဖော်ဆောင်လာမှာဖြစ်သလို တိုက်ပွဲတွေလည်း ပိုမိုပြင်းထန်လာမယ်လို့ (MSRF) ပြောခွင့်ရသူ နိုင်နဂါးက သုံးသပ်ပါတယ်။

“အကယ်၍ သူတို့အနေနဲ့ နယ်မြေစိုးမိုးထိန်းချုပ်ရေးအတွက် စစ်ဆင်ရေးတွေ လုပ်လာမယ်ဆိုလို့ရှိရင်တော့ ကျွန်တော်တို့ ဘက်က အဆင်သင့်ပဲပေါ့ တိုက်ခိုက်ဖျက်ဆီးဖို့ ပြင်ဆင်ထားတာတွေ ရှိပါတယ်” လို့ သူက ပြောပါတယ်။

သရက်ချောင်းမြို့နယ် နဲ့ ထားဝယ်မြို့နယ်ဝန်းကျင် ၊ အမှတ် ( ၈ ) ပြည်ထောင်စု လမ်းမကြီးပေါ်က  ဗျူဟာကျတဲ့ တောင်ကုန်းတွေအပါအဝင် တော်လှန်ရေးအဖွဲ့တွေ ဖြတ်သန်းသွားလာတယ်လို့ သတင်းရထားတဲ့ဒေသတွေမှာ စစ်ကောင်စီက ယာယီစခန်းတွေနဲ့ ဘန်ကာတွေကို အခိုင်အမာ တည်ဆောက်ထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ရေး – သံဖြူဇရပ်ကားလမ်းပေါ်ရှိ  ရေးမြို့နယ် စံပြကျေးရွာအနီးမှာ တပ်စွဲထားတဲ့ ခြေမြန်တပ်ရင်း (ခမရ ၅၈၈)  က  ယာယီအထိုင်စခန်းကို ဘန်ကာအခိုင်အမာနဲ့ တည်ဆောက်ဖို့ ကြိုးစားနေတဲ့အပေါ် MSRF အပါအဝင် မဟာမိတ်ပူးပေါင်းအဖွဲ့တွေ အောက်တိုဘာ ၁၇ နေ့တုန်းက ဝင်ရောက်တိုက်ခိုက်ခဲ့ပါသေးတယ်။

အဲ့ဒီစစ်ဆင်ရေးမှာတော့ မွန်ပြည်တော်လှန်ရေးတပ် MSRF အပါအဝင်  မွန်ပြည်သစ်ပါတီ (NMSP AD) ၊ KNLA တပ်ရင်း (၂၇)၊ ဒေါနတပ်ရင်း၊ YPDF၊ ABDSF တပ်ရင်း (၁)၊ ရေးပျောက်ကျားတပ် YGF စတဲ့ မဟာမိတ်ပူးပေါင်းအဖွဲ့တွေ ပါဝင်ခဲ့ကြတာပါ။

တစ်ဘက်မှာ မွန်တော်လှန်ရေးတပ်တွေကြားမှာလည်း အောက်ခြေအဆင့် စစ်ဆင်ရေးတိုက်ပွဲဖော်ဆောင်မှုတွေမှာ အတူတကွ စတင်လုပ်ဆောင်နေပြီလို့ နိုင်နဂါးက သတင်းစကားပါးပါတယ်။

“မွန်တော်လှန်ရေးတပ်တွေဖြစ်တဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF ၊ မွန်ပြည်ကာကွယ်ရေးတပ် MSDF၊  NMSP-AD ဒီသုံးတပ်ကတော့ အောက်ခြေအဆင့်မှာ စစ်ဆင်ရေးတွေ တိုက်ပွဲဖော်ဆောင်မှုတွေ စတင်ဖော်ဆောင်နေပါပြီခင်ဗျာ။ MLA ပါဝင်လာဖို့လည်း ကျွန်တော်တို့ ပူးပေါင်းတပ်တွေ ညှိနှိုင်းဆွေးနွေးမှုတွေ ရှိနေပါတယ်”လို့ ဆိုပါတယ်။

အာဏာသိမ်းမှု အစောပိုင်းကာလမှာ ဖွဲ့စည်းခဲ့တဲ့ မွန်ပြည်တော်လှန်ရေးတပ် MSRF ဟာ မွန်ပြည် နယ်တောင်ပိုင်း ရေးမြို့ နယ်အနီးတစ်ဝိုက်နဲ့ တနင်္သာရီတိုင်း အမှတ် ၈ ပြည်‌ထောင်စု လမ်းမကြီးတစ်လျှောက်မှာ မဟာမိတ်တပ်တွေနဲ့အတူ စစ်ရေးလှုပ်ရှားနေတာဖြစ်ပါတယ်။

မွန်တော်လှန်ရေးတပ်သုံးတပ်ရဲ့ ပြောခွင့်ရသူတွေကတော့ လာမယ့် ပွင့်လင်းရာသီမှာ မဟာမိတ်တွေနဲ့အတူ လှုပ်ရှားတဲ့ဒေသတွေမှာ ဗျူဟာမြောက်စစ်ဆင်ရေးတွေ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ ပြီးခဲ့တဲ့ စက်တင်ဘာမှာ သံလွင်တိုင်းမ်ကို ပြောဆိုထားပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဒေသတွင်း တော်လှန်ရေးတပ်ဖွဲ့ တွေဆီက ဆုံးရှုံးခဲ့တဲ့နယ်မြေတွေကို ပြန်လည်သိမ်းယူနိုင်ရေးရည်ရွယ်တဲ့ ရန်နိုင်မင်း စစ် ဆင်ရေးသစ်တစ်ရပ် စီစဉ်ထားတယ်လို့ Myanmar Witness ရဲ့ အစီရင်ခံစာအရ သိပါတယ်။

October 21, 2024
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် အောက်ရေဖြူကျေးရွာအုပ်စုထဲကို စစ်ကောင်စီတပ်တွေစစ်ကြောင်းထိုး...
October 19, 2024
မွန်ပြည်နယ် မိုးစပါးရိတ်သိမ်းချိန်ကာလ  အချိန်မီစပါးရိတ်သိမ်းနိုင်ဖို့အတွက်...
October 15, 2024
မွန်ပြည်နယ် မော်လမြိုင်မြို့မှာ ဒုစစ်ခေါင်းဆောင် ညွှန်ကြားချက်ကြောင့်...