အကြမ်းဖက် တိုက်ဖျက်ရေး ဥပဒေဖြင့် ဝါးခယ်မ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ မြို့နယ်အတွင်း ရေးမှူးတစ်ဦးနှင့် ဆယ်တန်းကျောင်းသူ ၁ ဦး အပါအဝင် လူငယ် ၅ ဦးကို မြောင်းမြအကျဉ်းထောင်တွင်း အထူး တရားရုံးက ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်သည်။
NLD ပါတီ ဝါးခယ်မ မြို့နယ်အတွင်းရေးမှူး ဦးအောင်ကြွယ်နှင့် လူငယ် ၅ ဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀-ည ဖြင့် ထောင်ဒဏ် ၁၀ နှစ်စီ ချမှတ်လိုက်ခြင်း ဖြစ်သည်။
မိသားစုနှင့် နီးစပ်တစ်ဦး က “ဖမ်းထားတာ တစ်နှစ်ခွဲလောက် ရှိနေပြီ။ အခုမှ အမိန့်ချတာ။ ဖမ်းသွားကတည်း က မိသားစုနဲ့ တကြိမ်မှ မတွေ့ခဲ့ ရဘူး” ဟု ပြောသည်။
ဦးအောင်ကြွယ်နှင့် လူငယ် ၅ ဦးတို့အား မြောင်းမြထောင်တွင်း အထူးတရားရုံးက ဇန္နဝါရီလ ၃ ရက်နေ့က ထောင်ဒဏ် ၁၀ နှစ်စီ ချလိုက်ခြင်းဖြစ်သည် ဟု မိသားစုနှင့် နီးစပ်သူများက ပြောသည်။
ထောင် ၁၀ နှစ် အချခံလိုက်ရသည့် သူများမှာ ဝါးခယ်မမြို့နယ် NLD ပါတီ အတွင်းရေးမှူးဦးအောင်ကြွယ်၊ ဆယ် တန်းကျောင်းသူ မသဉ္ဇာမွှေး၊ တက္ကသိုလ် ကျောင်းသားများ ဖြစ်ကြာသည့် ကိုစိုးသူ (ခ) ခင်မောင်သန်း၊ ကိုမျိုးကို၊ ကိုကျော်သူအောင်နှင့် ကိုလှမျိုးမြင့်တို့ ဖြစ်ကြသည်။
ကလေးသူငယ်ဆိုင်ရာ အခွင့်အရေးဆိုင်ရာအဖွဲ့ တာဝန်ရှိသူ တစ်ဦးက “အခု ထောင်ချခံရတဲ့အထဲမှာပါတဲ့ မိန်း ကလေး တစ်ယောက်က ၁၀ တန်း ကျောင်းသူပါ။ အသက် ၁၈ နှစ် မပြည့်သေးတဲ့ သူတွေဆိုရင် အချုပ်နဲ့ မထား ရဘူး။ လူငယ်တွေကို ထောင် ၁၀ နှစ်ချတာ များလွန်းတယ်” ဟု ထောက်ပြ ပြောဆိုသည်။
ဝါးခယ်မမြို့နယ် NLD ပါတီက မြို့နယ် အလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူး ဦးအောင်ကြွယ်နှင့်အတူ လူငယ် ၅ ဦးကို စစ်ကောင်စီ တပ်ဖွဲ့ဝင်များက ၂၀၂၁ ခုနှစ် မေလအတွင်း ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ထောင်ဒဏ် ၁၀ နှစ် အချခံရသူ ၅ ဦးသည် စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်သူများဖြစ်ပြီး အကြမ်းဖက် လုပ် ငန်းလုပ်သည့် အထောက်အထားကို အမှုဖွင့်တိုင်ကြားသော စစ်ကောင်စီကမတင်ပြနိုင်ဘဲ တဖက်သတ် အမိန့်ချ လိုက်ခြင်းဖြစ်သည်ဟု တရားလွှတ်တော် ရှေ့နေတစ်ဦးက ပြောသည်။
အလုပ်ဖြင့် ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရသည့် NLD ပါတီ မြို့နယ် အတွင်းရေးမှူး ဦးအောင်ကြွယ်သည် အသက် ၇၀ ကျော်ရှိပြီဖြစ်ပြီး လာဖမ်းသည့် အချိန်က စစ်တပ် နှင့် ရဲတပ်ဖွဲ့ဝင်များက အိမ်ကို ဝင်ရောက် စီးနင်းကာ ဖမ်း ဆီးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
၂၀၂၂ ခုနှစ်၊ ဧပြီလ ပထမ အပတ်အတွင်းက ဝါးခယ်မမြို့နယ်ထဲက အသက် ၁၈ နှစ်အောက် ဆယ်တန်း ကျောင်း သား မောင်ရဲမင်းဦးကို ပုဒ်မ ၅၀၅-ကဖြင့် ထောင်ဒဏ် ၂ နှစ်ချမှတ်ခံခဲ့ရပြီး ရန်ကုန်တိုင်း တွံ့တေးမြို့နယ်က ငှက် အော်စမ်း လူငယ်ထိန်းသိမ်းရေးစခန်းကို ပို့ဆောင်လိုက်သည်။