ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) စစ်ဦးစီချုပ်အပါအဝင် သုံးဦး ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ယနေ့ နံနက်က ပစ်သတ်ခံ လိုက်ရသည်ဟု ALP တာဝန်ရှိသူက အတည်ပြုပြောသည်။
ဇန္နဝါရီလ ၄ ရက်နေ့ (ယနေ့) နံနက်ပိုင်းတွင် ပြုလုပ်မည့် လွတ်လပ်ရေးနေ့ အခမ်းအနားကို သွားတက်ရောက်ပြီး အပြန်တွင် ပစ်သတ်ခံလိုက်ရခြင်း ဖြစ်သည်ဟု ALP ဒု-ဥက္ကဋ္ဌ ဒေါ်စောမြရာဇာလင်းက သတင်းနှင့်မီဒီယာကွန် ရက် သတင်းဌာန ကို ပြောသည်။
“ကားတစ်စီးက လမ်းဘေးမှာ လုပ်ကြံခံထားရတာတွေ့တော့ တပ်မှူးတစ်ယောက် သွားတွေ့တယ်။ အဲ့ဒီတပ်မှူး က သွားကြည့်လိုက်တဲ့အခါမှာ ကိုယ့်လူတွေ ဖြစ်နေလို့ မြို့နယ်မှူးကို အကြောင်းကြားတယ်လို့ပြောတယ်။ အခု က အန်တီက ကြားလာတာက အခင်းဖြစ်လို့ နောက်သုံးနာရီလောက် အကြာမှာမှသိလိုက်ရတာ ဆိုတော့ ဘာမှ လည်း အတိအကျ မပြောနိုင်သေးဘူး။ သေသွားတာတော့ သေသွားပြီ” ဟု ဒေါ်စောမြရာဇာလင်းက ပြောသည်။
စစ်တွေမြို့ရှိ ဝေသာလီကွင်းတွင် ကျင်းပသည့် လွတ်လပ်ရေးနေ့ အခမ်းအနား ပွဲတက်ပြီး အပြန် စက်ရုံစုရပ် ကွက်၊ ဆီတန်းဆိုသည့် နေရာအရောက်တွင် ပစ်ခတ်အသတ်ခံလိုက်ရခြင်း ဖြစ်သည်ဟု ဒေသခံများက ပြော သည်။
သေဆုံးသွားသူ ၃ ဦးအနက် ALP ၏ စစ်ဦးစီးချုပ်နှင့် တပ်ရင်းမှူး ပါဝင်သည်မှာလည်း မှန်ကန်ကြောင်းဒေါ်စော မြရာဇာလင်းက အတည်ပြုပြောသည်။
ဒေါ်စောမြရာဇာလင်းက “ဘာမှလည်း မပြောချင်ဘူး။ သတ်ချင်လို့လာသတ်တာ။ သေသွားတဲ့လူလည်းသေ သွားပြီ။ ဒီထက်ဘာမှ မပြောချင်တော့ဘူး။ အန်တီက ပြောဖို့အတွက် အရမ်းအခက်အခဲရှိသွားလိမ့်မယ်။ အခု ဒီလောက်ပဲ အန်တီ ပြောပြရစေ။ သတ်ချင်လို့လာသတ်တယ်။
သေသွားတဲ့လူက သေသွားပြီ။ ရခိုင်ပြည်ရဲ့ လုံ ခြုံရေး အခြေအနေက အဲ့ဒီလောက်ထိ အခက်အခဲရှိနေတယ်ဆိုတာကိုပဲ ပြောချင်တာ” ဟု ပြောသည်။
ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ပါတီ၏ စစ်ဦးစီး ချုပ် ခိုင်စောမြ၊ တပ်ရင်းမှူး ခိုင်ကျော်စိုးနှင့် ဗိုလ်ကြီးအဆင့်ရှိသူ ခိုင်သူရိန်တို့ သုံးဦးကို အမည်မသိ သေနတ် သမားများက အနီးကပ် သေနတ်ဖြင့်လာရောက် ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
သေဆုံသွားသူများမှာ ဦးခေါင်း၊ မေးစေ့၊ ခန္ဓာကိုယ်နှင့် ပေါင်များတွင် ဖောက်ထွက်ဒဏ်ရာများအပြင် နားအောက် နှင့် ဘယ်ဘက် နားထင်အထက်တို့တွင် သေနတ်ဒဏ်ရာများရရှိခဲ့ကာ သေဆုံးခဲ့ခြင်းဖြစ်သည် ရခိုင် အခြေစိုက် သတင်းဌာနများက မျက်မြင်တွေ့ရှိသူများကို ကိုးကားလျက် ရေးသားထားသည်။
သေဆုံးသွားသည့် ALP စစ်ဦးချုပ်အပါအဝင် ၎င်းတို့သုံးဦး၏ ရုပ်အလောင်းများကို စစ်တွေဆေးရုံရှိ ရင်ခွဲရုံတွင် ထားရှိသည်ဟုလည်း ဒေသခံများက ပြောသည်။
ALP သည် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးထားသည့်အဖွဲ့အစည်းဖြစ်ပြီး ဒီဇင်ဘာလအတွင်းမှာပင် အပစ်ရပ်လက်မှတ် ထိုး ၅ ဖွဲ့ စစ်ကောင်စီတို့ တွေ့ဆုံရာတွင် ပါဝင်ခဲ့သည့် အဖွဲ့လည်း ဖြစ်သည်။
ALP သည် စစ်ကောင်စီနှင့် တွေ့ဆုံကာ ရခိုင်ပြည်နယ်တွင်း တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအပြင် လုပ်ဆောင်မည်ဟု ပြောဆိုထားသော်လည်း ပြည်နယ်အတွက် အကျိုးရလဒ်များ ထွက်ပေါ်လာမည် မဟုတ် ကြောင်း ရခိုင်အသိုင်းအဝိုင်းတွင် ဝေဖန်ခံနေရသည့် အဖွဲ့အစည်းဖြစ်သည်။