သေနတ်ကိုင်ဆောင်ထားပြီး ရဲဝတ်စုံအပြည့် ဝတ်ဆင်ထားတဲ့ အမျိုးသားတွေဟာ တိုက်ရှေ့ မှာ ၂၄ နာရီလုံး လုံခြုံရေးအပြည့်နဲ့ စောင့်ကြည့်နေပါတယ်။
အဲ့ဒီ နေရာကတော့ မြန်မာအလုပ်သမားတွေ အလုပ်လုပ်တဲ့ ၃ ထပ်တိုက် တစ်ခုဖြစ်ပြီး မြန်မာလုပ်သားတွေကို ထားတဲ့ အောက်ဆုံးထပ်မှာတော့ ပြတင်းပေါက်တိုင်းမှာ သံတိုင်တွေခတ်ထားကာ အလုပ်သမားတွေ ထွက်ပြေးမရအောင် တင်းတင်းကြပ်ကြပ် လုပ်ထားပါတယ်။
တိုက်ရဲ့ ဒုတိယထပ်မှာတော့ ရုံးခန်း နဲ့ အပေါ်ဆုံးထပ်က သူဌေး နဲ့ တရုတ်လူမျိုးတွေက စုပေါင်းပြီး နေထိုင်ကြပါတယ်။
အဲ့ဒီ အဆောက်အအုံဟာ “ဝ” ဒေသ ဝိန်းကောင်မြို့မှာ တည်ရှိတဲ့ တိုက် B 11ဖြစ်ပြီး ကျားဖြန့်လုပ်ငန်းကို လုပ်ကိုင်တဲ့ ကုမ္ပဏီတစ်ခု ဖြစ်ပါတယ်။
ကျားဖြန့်လုပ်ဖို့ ကုမ္ပဏီထဲရောက်ရှိသွားတဲ့ သူတိုင်းဟာ အပြင်သွားလာခွင့်မရှိတော့သလို နေမကောင်း ဖျားနာပါက ကိုယ်တိုင် ဆေးကုသ နေရပြီး ငွေရှိမှသာ ကုမ္ပဏီဘက်က ဆေးရုံကို ပို့ဆောင်ပေးပါတယ်။
“ ကျနော်တို့ ရောက်တာ ရက် ၄၀ ရှိနေပြီ။ အပြင်မသွားရဘူး။ ထွက်လည်းမထွက်ရဘူး။ အပြင်မှာလည်း လုံခြုံရေး အပြည့် နဲ့ စောင့်ထားတယ်။ ၂၄ နာရီ စောင့်ကြည့်ထားတယ်။ သေနတ်တွေလည်း ပါတယ်။ “ဝ”က ရဲတွေလား မသိဘူး။ ဖျားရင်လည်း ကိုယ့်ကိုယ် ဆေးကုရတယ်။ ပိုက်ဆံရှိတယ်ဆိုမှ သူတို့က ဆေးရုံပို့ပေးတာ” လို့ ကုမ္ပဏီတွင်းမှာ နေထိုင်ရပုံကို ကိုဟိန်းက ပြောပြပါတယ်။
“ဝ” ဒေသ ဝိန်းကောင်မြို့ တိုက် B 11 ရောက်ရှိနေတဲ့ ကိုဟိန်းတို့အဖွဲ့ဟာ အယောက် ၂၀ လောက်ရှိပါတယ်။
အစားသောက်တွေကလည်း ကုမ္ပဏီက ကျွေးတာစားကြရပြီး မနက်စာအတွက် ထမင်းဆီကြော် ၊ နေ့လည်စာအတွက် အရွက်ကြော် နဲ့ ညစာအတွက် ခေါက်ဆွဲ နဲ့ ထမင်းဖြူနဲ့ စားကြရပါတယ်။
ကျားဖြန့်ကုမ္ပဏီရောက်ရှိနေတဲ့ မြန်မာလုပ်သားတွေဟာ လစာတွေ မရှိကြဘဲ ပွဲစားတွေ ယူသွားတဲ့ ပိုက်ဆံ အတွက် အကြွေးဆပ် အလုပ်လုပ် ပေးနေရပါတယ်။
အကြွေးမကျေပဲ ထွက်ပြေးသွားရင် ရိုက်နှက်ခံရတာတွေ၊ ဓာတ်လိုက်ခံရတာတွေလည်း ရှိနေပြီး အလုပ်လုပ်တာ ငွေလိမ်လို့ မရရင်လည်း ရိုက်နှက်ခံရပါတယ်။
“ ကျားဖြန့်အလုပ်ကလူတွေက လစာမရကြဘူး။ လစာလည်း မရှိဘူး။ ပွဲစားတွေယူသွားတဲ့ ပိုက်ဆံအတွက် အကြွေးဆပ်ပေးရတယ်။ တစ်နေ့ကို ပိုက်ဆံတွေ လိမ်ယူရတယ်။ လိမ်လို့မရရင် ရိုက်ခံရတယ်။ ဓာတ်လိုက်ခံ ရတာတွေ လည်းရှိတယ်။ ဒုက္ခအရမ်းများတယ်။ ထွက်ပြေးလို့လည်း မရဘူး။ ရောင်းစားခံလိုက်ရသလိုပဲလေ” လို့ ကိုဟိန်းက ဝမ်းနည်းစွာနဲ့ ပြောပါတယ်။
ဒါ့အပြင် အလုပ်နှုတ်ထွက်ဖို့ သူဌေးကို ကိုယ်တိုင်သွားရောက် ခွင့်တိုင်ရင်လည်း အသက်အန္တရာယ်ကို ခြိမ်းခြောက် ပြောတာကြောင့် အလုပ်ကို ဆက်မလုပ်ချင်ပေမယ့် လုပ်ဆောင်နေကြပြီး အလုပ်မှ ထွက်မယ် ဆိုပါက ပွဲစား ယူသွားတဲ့ ပိုက်ဆံတွေကို ၂ ဆ ပြန်လျော်ပေးပြီးမှသာ ထွက်ခွာခွင့်ပေးပါတယ်။
“ ကျနော်တို့ လစာမရလို့ ဟိုနေ့က အလုပ်ထွက်ခွင့် သွားတောင်းတာ။ နောက်တစ်ခါထပ်ပြီး ဒီလိုအလုပ်ထွက်မဲ့ အကြောင်း လာပြောရင် သတ်ပစ်မယ်လို့ ကျနော်တို့ကို ခြိမ်းခြောက်တယ်။ မလုပ်ရဲဘူးလို့ မထင်နဲ့တဲ့။ ပြီးတော့ ထွက်ချင်ရင် ပွဲစားတွေ ယူသွားတဲ့ ပိုက်ဆံထက် ၂ ဆ ပြန်ပေးရမယ်တဲ့” လို့ သူဌေးရဲ့ ခြိမ်းခြောက်မှုကို ကိုဟိန်းက ပြန်ပြောပြလာပါတယ်။
အလားတူ “ ဝ” ဒေသ မိုင်းပေါက်မြို့နယ် တရုတ်နာမည် ရှူယီလုံ ( လိုရာပြည့်စုံ) ကုမ္ပဏီမှ မြန်မာနိုင်ငံရွှေ့ပြောင်း အလုပ်သမား ၁၉ ဦးကို အလုပ်မှ နှုတ်ထွက်ဖို့ ခွင့်တောင်းတဲ့ချိန်မှာ ကုမ္ပဏီဘက်မှနေပြီးတော့ တရုတ်ငွေယွမ် ၁၀ သိန်း တောင်းခံကြောင်း အလုပ်သမား ၁၉ ဦးထဲက ကိုဖြိုးလွင် (အမည်လွဲ) ကပြောပါတယ်။
“ သူတို့က အလုပ်ကနေထွက်လို့မရဘူးတဲ့။ သူတို့က အလုပ်မလုပ်ချင်တော့လို့ ထွက်ခွင့်တောင်းတာ မပေး ထွက်ဘူး။ ထွက်ချင်ရင် ပိုက်ဆံ တရုတ်ငွေ ၁၀ သိန်းပေးတဲ့။ အဲ့ကုမ္ပဏီမှာ ရောက်နေတာ ၁၉ ယောက်လောက် ရှိတယ်” လို့ ကိုဖြိုးလွင်က ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၅ ရက်ကလည်း Wa News Agency ကနေ ကျားဖြန့် လုပ်ငန်းကုမ္ပဏီတွင်းမှာ လူငယ်တွေ ရိုက်နှက်ခံထားရပုံ၊ လက်ထိပ်ခတ်ပြီး ချုပ်နှောင်ခံထားရတဲ့ ပုံတွေကို လူမှုကွန်ယက်ပေါ်မှာ ဖော်ပြထားပါတယ်။
အဲ့ထဲက လူငယ်အမျိုးသား ၂ ယောက်ကို လက်ထိပ်ခတ်တစ်ခုနဲ့ ခတ်ထားပြီးတော့ အခန်းတစ်ခန်းထဲမှာ ပဲ ချုပ်နှောင်ထားပါတယ်။ လက်ထိပ်ခတ်ခံထားရတဲ့ ဝန်ထမ်းတွေကို ကုမ္ပဏီပိုင်ရှင်တွေက မလိုချင်တော့ပါက တစ်ခြားနေရာကို တစ်ဆင့်ပြန်ရောင်းမှုတွေလည်းရှိတယ်လို့ ပွဲစား မနေရီက ဆိုပါတယ်။
“ ရိုက်နှက်ခံရတာတွေလည်း ရှိမယ်။ ပွဲစားတွေကနေ ကုမ္ပဏီတွေကို ရောင်းပေးလိုက်တယ်။ ကုမ္ပဏီတွေ ကလည်း သူတို့မလိုချင်တော့ဘူးဆိုရင် တစ်ခြားကုမ္ပဏီတွေကို ထပ်ပို့ပေးတယ်။ တစ်ခြား နေရာတွေကို ထပ်ရောင်းပေးတာပေါ့။ ဘယ်နေရာကို ပို့ပေးတာလည်း မသိဘူး” လို့ မနေရီ ကပြောပါတယ်။
“ဝ” ဒေသမှာ ယောင်္ကျားလေးတွေအတွက်က ကျားဖြန့် အလုပ်များပြားပြီး အမျိုးသမီးတွေက အိမ်အကူလုပ်ငန်း နဲ့ ပြည့်တန်ဆာ အလုပ်တွေလုပ်ကြပါတယ်။
ကျားဖြန့်အလုပ်ဟာ စစ်တပ်အာဏာသိမ်းပြီးနောက် လူမှုကွန်ယက်ပေါ်ပြန့်လာနေပြီး လူသိများနေတဲ့ အလုပ်တစ်ခုဖြစ်သလို တစ်ခြားနိုင်ငံသားတွေကို အွန်လိုင်းကနေတစ်ဆင့် ငွေလိမ်ယူရတဲ့ အလုပ်ဖြစ်ပါတယ်။
ဆွဲဆောင်မှုရှိတဲ့ အမျိုးသမီး ပုံတွေနဲ့ လူမှုကွန်ယက်အကောင့် အတုဖွင့်ပြီးတော့ လိမ်လည်ပြောဆိုရပြီး လိင်အသားပေး စကား၊ ညစ်ညမ်းပုံတွေနဲ့ ဖြားယောင်းပြီး ပြောဆိုလိမ်ယူရပါတယ်။
“ ဝ” ဒေသမှာ ကျားဖြန့်လုပ်ငန်းလုပ်တဲ့ ကုမ္ပဏီတွေ ပေါများပြီး တရားဝင်ဖွင့်ထားတဲ့ ကုမ္ပဏီလည်း ရှိသလို ၊ မှောင်ခို ဖွင့်ထားတဲ့ ကုမ္ပဏီတွေရှိပါတယ်။ အများစုက မှောင်ခိုတွေ ဖွင့်ထားကြပြီးတော့ တရားဝင်ဖွင့်ထားတဲ့ ကုမ္ပဏီတွေက တာဝန်ရှိ ရဲတွေက ဦးဆောင်ပြီး ဖွင့်ထားတာဖြစ်တယ်လို့ မနေရီက ပြောပြပါတယ်။
မနေရီဟာ “ဝ” ဒေသမှာ အလုပ်လုပ်ချင်တဲ့ သူတွေကို အလုပ်ရှာပေးခဲ့ဖူးတဲ့ ပွဲစားဟောင်းတစ်ယောက် ဖြစ်ပါတယ်။
ကျားဖြန့်အလုပ်ကို ရရှိဖို့အတွက် ပွဲစားတွေနဲ့ ဆက်သွယ်ရပြီးတော့ အဆင့်ဆင့် အင်တာဗျူးပြီးမှ ကျားဖြန့် အလုပ်ကို ရရှိကြပါတယ်။
ကျားဖြန့် လုပ်ငန်းအတွက် အလုပ်ခေါ်စာမှ တစ်ဆင့် လူရလာပြီဆိုပါက Viber မှ တစ်ဆင့် ဆက်သွယ် ပြောဆိုကြပြီး အလုပ်အကြောင်းကို ရှင်းပြပေးပါတယ်။
“ဝ” ဒေသကို သွားဖို့ ရန်ကုန်ရုံးချုပ်မှာ အင်တာဗျူး တစ်ခါဖြေဆိုရပြီးတော့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့ ရပ်ကွက် ၇ မှာ တစ်ခါထပ်ပြီး အင်တာဗျူး ဖြေဆိုရတယ်လို့ “ဝ” ဒေသ ကျားဖြန့်မှာ အလုပ်လုပ်နေတဲ့ ကိုဟိန်း ဆိုပါတယ်။
“ ကျနော်တို့က ပွဲစားကနေပဲ သွားတာ။ ပထမဆုံး ရန်ကုန်ရုံးမှာတစ်ခါသွား အင်တာဗျူးဖြေရတယ်။ ပြီးတော့ လားရှိုးမှာ တစ်ခါထပ်သွားဖြေရတယ်။ အဲ့တာကနေတစ်ဆင့် ကျနော်တို့ကို ဝိန်းကောင်မြို့ ပို့ပေးတာ” လို့ ကျားဖြန့်အလုပ်ထဲ ရောက်ရှိနေတဲ့ ကိုဟိန်း က ရှင်းပြပါတယ်။
အင်တာဗျူးအောင်ပြီဆိုပါက အသွားလမ်းတစ်လျောက်မှာလည်း ခရီးစရိတ် ၊ စားသောက်စရိတ်၊ နေထိုင်ရာတွေအတွက် ပွဲစားက အကုန်ထုတ်ပေးကြောင်း ကိုဟိန်းက ပြောပါတယ်။
“ဝ” ဒေသသို့ ရောက်ရှိသွားပြီဆိုပါက ပွဲစားတွေ ကုမ္ပဏီထံ အပ်နှံပေးပြီး အလုပ်အကြောင်း ၊ လစာ အကြောင်းပြောပြီး စာချုပ်ချုပ်ဆိုကြပါတယ်။
တစ်ဖက်မှာလည်း စာချုပ်ချုပ်ဆိုပြီး အလုပ်လုပ်တာ ၁ လပြည့်လို့ စိတ်မသက်သာဖြစ်ပါက၊ မပျော်ပါက အလုပ်ကနေ ထွက်ခွာခွင့်ရှိကြောင်း ပြောဆိုပြီး ပွဲစားတွေက ကျားဖြန့်ကုမ္ပဏီတွေထံ အပ်နှံပေးခဲ့ပါတယ်။
ပွဲစားက ကုမ္ပဏီထံ အလုပ်သမားတွေကို အပ်ပေး (တစ်နည်းအားဖြင့် ရောင်းစား) ပြီးနောက် ပိုက်ဆံယူပြီး ပြန်သွားခဲ့ပါတယ်။ အဲ့အပြင် ကုမ္ပဏီထံ အပ်နှံခံထားရတဲ့ မြန်မာလုပ်သားတွေဟာ ၎င်းတို့ ရောင်းစားခံလိုက် ရပြီးဆိုတာကို မသိရသေးပေ။
“ ကျနော်တို့ကို ပွဲစားက ကုမ္ပဏီနား အပ်ပြီးပြန်သွားတာ။ ပိုက်ဆံတွေလည်း ယူပြန်သွားတယ်။ အလုပ်ကြောင်းတွေ ပြောပြီး စာချုပ်တွေ ချုပ်ပေးခဲ့တယ်။ အဲ့ချိန်မှာ ကျနော်တို့ ရောင်းစားခံရတာ မသိသေးဘူး” လို့ ကိုဟိန်းက အလုပ်ရခဲ့ပုံကို ပြောပြပါတယ်။
ပွဲစား နဲ့ ကုမ္ပဏီတို့ကြား ရောင်းဝယ်ကြတဲ့ပုံကို မြန်မာလုပ်သားတွေက မသိရှိရဘဲ စာချုပ်ချုပ်ဆိုပြီး ၁ လကြာ လစာ မရရှိတဲ့အချိန်မှသာ သိကြပါတယ်။
ပွဲစားက ကုမ္ပဏီထံ ရောင်းသွားခဲ့တာကို ကုမ္ပဏီသူဌေးက ဝန်ထမ်းများကို ပြောဆိုခဲ့ပါတယ်။
“ ပွဲစားက နင်တို့ကိုခေါ်လာတယ်လေ။ အဲ့တုန်းက နင်တို့က ဘာကြောင့် စာချုပ်ချုပ်လဲ။ ပွဲစားက နင်တို့ကို ခေါ်လာတာ နင်တို့မသိဘူးလား ။ ငါတို့က နင်တို့ကို တစ်ယောက်အတွက် ယွမ်၁၇,၀၀၀ (မြန်မာကာလပေါက်စျေး ကျပ်သိန်း ၅၀) ပေးရတယ်။ နင်တို့ ၁၉ ယောက်အတွက် ငါတို့ ယွမ်၄ သိန်းကျော်တောင်ပေးလိုက်တယ်” လို့ ကုမ္ပဏီ သူဌေးက ဝန်ထမ်းတွေကို ပြောဆိုတဲ့စကားဖြစ်ပါတယ်။
ကုမ္ပဏီသူဌေးပြောထားတဲ့ အသံကို ကုမ္ပဏီထဲရောက်ရှိနေတဲ့သူတွေ ထဲကတစ်ယောက်က အသံဖမ်းယူထားပြီး သျှမ်းသံတော်ဆင့်ကို ပို့ပေးလာတဲ့ အသံဖိုင်ဖြစ်ပါတယ်။
ပွဲစားတွေကလည်း ရောင်းစားခဲ့ကြောင်းကို “ ကျမတို့က အရင်တုန်းက လုပ်တယ်။ ကျားဖြန့်ပို့ပေးတာပေါ့။ ကုမ္ပဏီကို ပို့ပေးတယ်။ ပြီးတော့ ပိုက်ဆံယူလာတယ်။ ပြီးရင် ဖုန်းဆက်ပိတ်ပြီးတော့ ထွက်ပြေး သွားကြတယ်” လို့ “ဝ” ဒေသမှာ ပွဲစားလုပ်ခဲ့ဖူးတဲ့သူ တစ်ဦးက ပြောပြပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်တွင်း စီးပွားရေးတွေကျဆင်းလာပြီး မြန်မာ – တရုတ် နယ်စပ် “ဝ” ဒေသတွေမှာ အွန်လိုင်းမှ တစ်ဆင့် ငွေလိမ်လည်ယူတဲ့ အလုပ်တွေက များပြားလာခဲ့ပါတယ်။
လစာများတဲ့ အလုပ်လည်းဖြစ်တာကြောင့် လူငယ်တွေက စိတ်ဝင်စားကြပြီး အများစုက စွန့်စားပြီး ပွဲစားတွေနဲ့ ချိတ်ဆက်ပြီး သွားလုပ်ကြပါတယ်။
လက်ရှိမှာလည်း အွန်လိုင်းအလုပ်ကြောင့် ရောင်းစားခံရသူတွေ ပိုများပြားလာနေလျက်ရှိကြောင်း Alliance Anti Trafic AAT ဆက်သွယ်ရေး တာဝန်ခံ စိုင်းဂွဏ်းက ပြောပါတယ်။
“ အခုက အွန်လိုင်းအလုပ်ကြောင့် ရောင်းစားခံရတဲ့ သူတွေက အရမ်းများတယ်။ ကျနော်တို့ကို အကူညီတောင်းခံ လာတဲ့ သူတွေက အရမ်းများတယ်။ နယ်စပ်မှာ အလုပ်သွားလုပ်တဲ့သူတွေက ပိုပြီးရောင်းစားခံ ရတာများနေ တယ်” လို့ စိုင်းဂွဏ်းက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း အွန်လိုင်းကြောင့် ရောင်းစားခံရသူများပြားလာပြီး တရုတ်နိုင်ငံဘက်သို့ ရောင်းစားခံရသူ လျော့နည်းလာကြောင်း စိုင်းဂွဏ်းက ဆိုပါတယ်။
ကျားဖြန့် ကုမ္ပဏီတွေကို နယ်စပ်ဒေသ တိုင်းရင်းသားလက်နက်ကိုင်တွေ လှုပ်ရှားတဲ့နယ်မြေမှာ ကုမ္ပဏီတွေကို ထောင်ထားတာကြောင့် ကူညီရေးအဖွဲ့အစည်းတွေက သွားရောက်ကူညီဖို့ ခက်ခဲနေတယ်လို့ စိုင်းဂွဏ်းက ထပ်လောင်းပြောပါတယ်။
“ အခုက တိုင်းရင်းသားလက်နက်ကိုင်တွေ လှုပ်ရှားတဲ့ဘက်မှာ ကုမ္ပဏီတွေ ဖွင့်ကြတယ်။ ပြီးတော့ နယ်စပ်ဒေသတွေမှာ ဖြစ်တယ်လေ။ လက်နက်ကိုင်တွေရှိနေတော့ ကျနော်တို့ လူမှုကူညီရေးအဖွဲ့တွေ ၊ တစ်ခြား NGO အဖွဲ့တွေကလည်း ကူညီပေးဖို့ ခက်နေတယ်။ ကူညီပေးနေတဲ့ အစီစဉ်ကတော့ ကျနော်တို့တွေလည်း လုပ်ဆောင်နေပါတယ်” လို့ ၎င်းက ပြောပြပါတယ်။
ကျားဖြန့်ကုမ္ပဏီတွင်းသို့ရောက်ရှိနေသည့် မြန်မာလုပ်သားတွေဟာ နေထိုင်ရတာ ခက်ခဲနေပြီး ကုမ္ပဏီကနေ ထွက်ခွာလာနိုင်ဖို့ ကြိုးပမ်းနေကြသော်လည်း အချည်းနှီးနေပါတယ်။
“ ကျနော်တို့ ဒီကနေလွတ်မြောက်ချင်တယ်။ ဒီထဲမှာ နေထိုင်ရတာ အရမ်းခက်ခဲတယ်။ ထောင်ကျနေသလိုပဲ။ ဖုန်းတွေလည်း ခိုးသုံးရတာ။ အသက်အန္တရာယ်လည်းရှိတယ်။ လူမရှာနိုင်ရင်လည်း ရိုက်ခံရတာတွေ။ လည်းရှိတယ်။ ကျနော်တို့ကို ကူညီပေးကြဖို့ တောင်းဆိုချင်တယ်” လို့ ကျားဖြန့်ကုမ္ပဏီတွေမှာ ရောက်ရှိနေတဲ့ မြန်မာလုပ်သားတွေက ပြောဆိုကြပါတယ်။