ရခိုင်တွင် ၂ ရက်အတွင်း သားမိ ၃ဦးအပါအဝင် လူ ၅ ဦး ရေနစ်သေဆုံး

ရခိုင်တွင် ၂ ရက်အတွင်း သားမိ ၃ဦးအပါအဝင် လူ ၅ ဦး ရေနစ်သေဆုံး

ရခိုင်ပြည်နယ်တွင် ဒီဇင်ဘာ ၂၁ ရက်နှင့် ၂၂ ရက် ( ၂ ရက်အတွင်း) သားမိ ၃ဦးအပါအဝင် လူ ၅ ဦး ရေနစ်သေဆုံးခဲ့သည်ဟု သိရသည်။

အဆိုပါရေနစ်မြုပ်သေဆုံးခဲ့သည့် လူ ၅ ဦးမှာ ကျောက်ဖြူမြို့နယ်တွင် သားမိ ၃ ဦး၊  ပုဏ္ဏားကျွန်းမြို့နယ်တွင် ၁ ဦးနှင့် ရသေ့တောင်မြို့နယ်တွင် ၁ ဦးတို့ ဖြစ်ကြသည်။

ကျောက်ဖြူမြို့နယ်တွင် သေဆုံးသွားကြသည့် သားမိ ၃ ဦးမှာ ကုလားဘာကျေးရွာမှ မိခင်ဖြစ်သူ ဒေါ်မဖြူတင်(၃၈)နှစ်၊ သမီးကြီးဖြစ်သူအသက်(၁၅)နှစ်အရွယ် ကိုးတန်းကျောင်းသူ  မစုမြတ်လှိုင်နှင့် သမီးငယ်ဖြစ်သူ အသက်(၃) နှစ်အရွယ် မစုမြတ်နှင်းတို့ ဖြစ်ကြသည်။

၎င်းသားမိ ၃ ဦးသည် ဒီဇင်ဘာလ ၂၂ ရက်နေ့၊ နံနက်ပိုင်းက ရွာအပြင်ချောင်းနံဘေးတွင်ရှိသည့် ဥယျာဉ်ခြံအတွင်း ရေလောင်းရန်သွားစဉ် ချောင်းထဲသို့ ပြုတ်ကျကာ ရေနစ်သေဆုံးသွားခြင်း ဖြစ်သည်ဟု ကျောက်ဖြူဒေသခံ တစ်ဦးက ပြောသည်။

"ဥယျာဥ်ထဲက စိုက်ပျိုးထားတဲ့အပင်တွေကို  ချောင်းထဲကရေခပ်ပြီး ရေလောင်းရာကနေ ရေနစ်ပြီးသေတယ်လို့သိရတယ်။ ပထမတော့ သမီးငယ်ရေနစ်တာ။ အဲ့ဒါကို သမီးကြီးကဆယ်ရင်း သမီးကြီးပါရေနစ်လို့မိခင်ဖြစ်သူကပါ ဆင်းဆယ်ရင်းကနေ ရေနစ်သေတာလို့သိရတယ်" ဟု ကျောက်ဖြူမြို့ခံတစ်ဦးက ပြောသည်။

ရေမြုပ်သေဆုံးသွားသည့် ကျောက်ဖြူမြို့မှ သားမိ ၃ဦး၏ ရုပ်အလောင်းကို ယမန်နေ့ ဒီဇင်ဘာလ ၂၂ ရက်နေ့ ၊ ညနေ ၃ နာရီအချိန်ခန့်က ဥယျာဥ်ခြံဘေးနားရှိ ချောင်းထဲမှာတွေ့ရှိခဲ့သည်ဟုလည်း သိရပြီး သူတို့ ၃ဦး၏ ရုပ်အလောင်းကို ကျေးရွာရှိ သုဿာန်၌  ညချင်းတွင် မြေမြုပ် သင်္ဂြိုလ်လိုက်သည်ဟု သိရသည်။

ယင်းအပြင် ပုဏ္ဏားကျွန်းမြို့နယ်၊ သရက်ချိုကျေးရွာမှ အသက်(၃၈)နှစ်အရွယ် ဦးအောင်မျိုးထွန်း မှာလည်း ပြီးခဲ့သည့် ဒီဇင်ဘာ ၂၁ရက်  နေ့လယ် ၁၁နာရီကျော်အချိန်တွင် ရွာအနီးရှိချောင်းအတွင်း ငါးဖမ်းသွားရာမှ စက်လှေပေါ်မှ ပြုတ်ကျကာ ရေနစ်သေဆုံးခဲ့သည်ဟု သိရသည်။

"သူကတော့ အရက်မူးနေပုံရတယ်။ စက်လှေနဲ့ငါးဖမ်းသွားရာကနေ စက်လှေပေါ်ကပြုတ်ကျပြီး ရေမြုပ်သေတာ။ မနေ့က မိသားစုဝင်တွေက အလောင်းကိုရှာပေးပါဆိုပြီး အကူညီတောင်းခံလာလို့ ကျွန်တော်တို့ကူရှာပေးခဲ့ပါတယ်" ဟု အလောင်းအားကူညီရှာဖွေပေးခဲ့သည့် ပုဏ္ဏားကျွန်းမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးလူငယ်အသင်း၏ အတွင်းရေးမှူး ကိုမောင်မောင်သန်းက ပြောသည်။

ဦးအောင်မျိုးထွန်း(၄၈)နှစ်၏ ရုပ်အလောင်းကို ယနေ့ဒီဇင်ဘာလ ၂၃ရက် နံနက် ၉နာရီအချိန်က ပုဏ္ဏားကျွန်းမြို့နယ်၊ ပဲသူနန်းကျေးရွာ ချောင်းဝအနီး၌တွေ့ရှိခဲ့ပြီး ယနေ့ နေ့လယ်  ၁နာရီအချိန်က သင်္ဂြိုလ်လိုက်သည်ဟု သိရသည်။

ရသေ့တောင်မြို့နယ် စေတီပြင်စစ်ဘေးရှောင် စခန်းတွင်လည်း ဒီဇင်ဘာ ၂၁ရက်နေ  ညနေ ၇နာရီခန့်က စက်လှေချင်းတိုက်မိ၍ အသက်(၄၀)ကျော်အရွယ် ဦးသန်းရွှေလှိုင်မှာ ဟွန်ဒါစက်လှေပေါ်က ပြတ်ကျကာ ရေမြုပ်ကာသေဆုံးခဲ့သည်ဟုသိရသည်။

၎င်းသေဆုံးသူသည် ရသေ့တောင်မြို့နယ်၊ ရေစိုးချောင်းကျေးရွာမှ စေတီပြင်ကျေးရွာ စစ်ဘေးရှောင် စခန်းတွင် နေထိုင်သူဖြစ်ပြီး  အသက်(၈)နှစ်အရွယ် ဆိုင်ကယ်တိုက်ခံရသည့် ကလေးငယ်တစ်ဦး ကို တစ်ဦးကို ဟွန်ဒါစက်လှေငယ် တစ်စီးနဲ့  ဆေးကုရန် လိုက်ပို့စဉ် ဇို့ပြင်ချောင်းတွင် စက်လှေကြီး တစ်စီးက ၎င်းဟွန်ဒါစက်လှေကို ဝင်တိုက်ရာက ရေထဲပြုတ်ကျ သေဆုံးသွားခဲ့သည်ဟု သိရသည်။

Most read this week

April 11, 2025
ရန်ကုန်တိုင်းတွင် ပြီးခဲ့သည့် မတ်လအတွင်းက စစ်ကောင်စီထံ ဖမ်းဆီးခံရသူ ၁၈ဝ ကျော်ရှိခဲ့သည်ဟု...
April 10, 2025
မောင်တောတိုက်ပွဲအတွင်း တိမ်းရှောင်ခဲ့ကြသည့် မွတ်ဆလင်စစ်ဘေးရှောင်များအား အာရက္ခတပ်တော် (AA) မှ...
Source and Photos: AMP
April 9, 2025
အာရက္ခနိုင်ငံတည်ဆောက်ရေးမှာ မည်သူမဆို လူမျိုးဘာသာမခွဲခြားဘဲ ပါဝင် ဆောင်ရွက်နိုင်ကြောင်း...
April 8, 2025
ရခိုင်-ပဲခူးအစပ် ရိုးပေါ်ရှိ ညောင်ကျိုးတိုက်ပွဲအတွင်းမှ ထွက်ပြေးပျောက်ဆုံးနေသည့်...