မောင်သက်ဝေ(အမ်း)
(တစ်)
တစ်နေ့က ဖေ့စ်ဘုတ် သုံးနေရင်း စိတ်ဝင်စားဖွယ်ရာ ဓါတ်ပုံတစ်ပုံ တက်လာသည်။ အိန္ဒိယအမျိုးသမီးလေးယောက်က သစ်ပင်ကြီးတစ်ပင်ကို ကျော့ပေးပြီး လက်ချင်းချိတ်၍ မတ်တပ်ရပ်နေကြသည်။ စာရေးသူစိတ်ထဲတွင် သည်အမျိုးသမီးလေးယောက်သည် အပြစ်တစ်ခုခု ကျူးလွန်ထား၍ အပြစ်ပေး ခံနေရသည်ဟု တွေးထင်မိ၏။ သို့သော် ထင်မြင်မှုကား အလွဲကြီးပင်။
အမှန်တကယ်တော့ ၁၉၇၀ ခုနှစ်အတွင်း အိန္ဒိယနိုင်ငံ၊ Garhwal တောင်တန်းဒေသရှိ Bishnoi အမည်ရသော ရွာလေးတစ်ရွာမှ " Chipko " လှုပ်ရှားမှုအတွင်း၌ သစ်ပင်ကို ကာကွယ်နေကြသော အမျိုးသမီးများ၏ ပုံရိပ်ပါ။ ၁၇၃၀ ခုနှစ်တွင်လည်း ယခုကဲ့သို့ " Chipko " လှုပ်ရှားမှုကြီးတစ်ရပ်ကို ဆင်နွှဲခဲ့ကြသေးသည်။
သူတို့သည် ကျေးရွာဝန်းကျင်တစ်ခွင်က သစ်ပင်များကို မခုတ်ရလေအောင်အတွက် ရွာသူ၊ ရွာသားများစုပေါင်းပြီး စည်းလုံးညီညွှတ်စွာ အစွမ်းကုန် ခုခံကာကွယ်ခဲ့ကြသည်။ သူတို့ကို " Tree Hugger "ဟု ခေါ်ဆိုကြသည်။ မျက်စိအောက်က အပျောက်မခံနိုင်အောင် ဖက်တွယ်ဆုပ်ကိုင်ထားမှုဟု သုံးနှုန်းသည့် ဟိန္ဒူဘာသာ စကား " Chipko "ဆိုသည့် စကားလုံးနှင့်လည်း တင်စားခေါ်ဆိုခဲ့ကြသေးသည်။
လှုပ်ရှားမှု အရှိန်အဟုန် ပြင်းထန်လာသည်နှင့်အမျှ ထိုသတင်းသည် အုပ်ချုပ်သူတော်ဝင်မျိုးနွယ်များထံ ရောက်ရှိသွားလေ၏။ နောက်ဆုံးတော့ ပြည်သူ့ဆန္ဒအရ အုပ်ချုပ်သူများက ထိုကျေးရွာပတ်ဝန်းကျင်မှ သစ်ပင်များကို မည်သူမှ မခုတ်ရဟု အမိန့်ထုတ်ပြန်ပေးခဲ့ရသည်။ သဘာဝပတ်ဝန်းကျင်ကို ချွေးသွေးနှင့်လောင်းကြေးထပ်ပြီး ထိန်းသိမ်းကာကွယ်ခဲ့ကြသည့် ထိုသူတို့၏စိတ်ဓါတ်ကား လေးစားချီးကျူးဖွင်ပင်။
နောက်ဆက်တွဲအကျိုးဆက်က လက်ရှိအချိန်၌ ထိုကျေးရွာပတ်ဝန်းကျင်သည် သစ်တော၊ သစ်ပင်များနှင့် စိမ်းလန်းစိုပြေနေပြီး သူတို့ကဲ့သို့ မလုပ်ဆောင်ခဲ့ကြသော အခြားကျေးရွာများကတော့ ကန္တာရပမာ ပူလောင်ခြောက်သွေ့နေကြပါပြီသတဲ့။
(နှစ်)
သတိရ၍ ပြောရဦးမည်။ လွန်ခဲ့သော (၁၈)နှစ်ခန့်က စာရေးသူတို့ရွာ၌ ကုက္ကိုင်ပင်ကြီးတစ်ပင် ရှိခဲ့သည်။ ထိုကုက္ကိုင်ပင်၏ သက်တမ်းနှင့် အရွယ်အစားသည် မည်မျှကြီးမားသလဲဆိုသည်ကို မခန့်မှန်းတတ်ပေ။ နှစ်ပေါင်းတစ်ရာကျော်ခန့်တော့ရှိမည် ထင်၏။ ထိုအချိန်က စာရေးသူလည်း ရှစ်နှစ်သား အရွယ်လောက်ပဲ ရှိပါဦးမည်။ ရင်ထဲ၌ စွဲထင်နေသည့်ပုံရိပ်တစ်ခုကို ယနေ့အထိ မြင်ရောင်နေဆဲ။
ထိုကုက္ကိုင်ပင်ကြီးသည် ရွာ၏အလယ် စျေးအနီး ကျောင်းတက်လမ်းပေါ်တွင် တည်ရှိသည်။ တစ်နေ့သော နေ့လည်ခင်း၌ စာရေးသူတို့ ကျောင်းဆင်းလာသောအခါ လမ်းမပေါ်တွင် လည်စင်းနေသော သစ်တုံးကြီးများကိုသာ တွေ့ရတော့၏။ လူအားဖြင့် တွန်းဖယ်၍ မရနိုင်။ ဆင်ကြီးခွန်အားနှင့်တောင် အသားကုန် တွန်းကန်နေရသည်။ ထိုအချိန်ကာလက မြို့နှင့်အလှမ်းဝေးသည့်အတွက် စာရေးသူတို့ရွာသို့ စက်ယန္တရားများကြီးသည် မရောက်ရှိသေး၍ ဆင်အားကိုပဲ အသုံးပြုကြရသည်။ လိုရင်းတိုရှင်း တင်ပြရလျှင် နှစ်အနည်းငယ်ကြာပြီးနောက် ထိုကုက္ကိုင်ပင်ကြီး၏နေရာ၌ အိမ်သစ်တစ်ဆောင်သည် ခန့်ညားထည်ဝါစွာ ပေါ်ထွက်လာပါတော့၏။
ထိုကဲ့သို့ဖြစ်စဥ်များသည် စာရေးသူတို့ရွာ၌သာ ရှိသည်မဟုတ်ပါ။ ရပ်ရွာတိုင်း၊ မြို့တိုင်းတွင်လည်း အကြောင်းအမျိုးမျိုးကြောင့် သစ်ပင်ကြီးများကို ခုတ်လှဲနေကြသည်ကို တွေ့မြင်နေကြရသည်။ အမှန်တကယ် လိုအပ်လာ၍ အကျိုးရှိစွာ အသုံးချရန် အနည်းငယ် ခုတ်လှဲရသည်က လက်ခံပါသည်။ သို့သော် သစ်တစ်ပင်ခုတ်လျှင် သစ်ပင် (၁၀)ပင်လောက် ပြန်အစားထိုး စိုက်ပျိုးရန်တော့ လိုအပ်သည်။ သို့သော် လှဲခုတ်ရန်မလိုအပ်ဘဲ မိမိကိုယ်ကျိုးတစ်ခုတည်းအတွက် အသုံးပြုရန် သတ်ဖြတ်လာကြသည်က အဓိပ္ပာယ် မရှိပေ။
(သုံး)
ယနေ့ စာရေးသူတို့ ရခိုင်ပြည်သည် လွန်ခဲ့သော နှစ်ပေါင်း (၅၀)ခန့်ကကဲ့သို့ ရာသီဥတု မမျှတတော့ပါ။ မိုးတွင်း၌လည်း အပူချိန်က အလွန်ပြင်းထန်သည်။ စိုက်ပျိုးသီးနှံအတွက် မိုးရေချိန်လက်မ လုံလောက်စွာ မရရှိကြ။ နွေရောက်သော်လည်း နေရာအနှံ့အပြား၌ မိုးခေါင်ရေရှားသည့် ပြဿနာများနှင့် နှစ်စဥ်ကြုံတွေ့ရင်ဆိုင်နေကြရသည်။ ရာသီဥတုဖောက်ပြန်ပြောင်းလဲမှုနှင့်အတူ ရေကြီးရေလျှံမှုများ၊ လေပြင်းမုန်တိုင်းဒဏ်များနှင့် တောမီးလောင်ကျွမ်းမှု ဖြစ်စဥ်များကလည်း ပိုမိုဆိုးဝါးစွာ ဖြစ်ပွားလာပါတော့သည်။
"ဥတုရာသီ၊ တောကိုမှီ" ဆိုသကဲ့သို့ တောတောင်များ စိမ်းလန်းစိုပြေမှသာ ရာသီဥတု ကောင်းမွန်ပါမည်။ တောင်တန်းများသည် တောင်ဂတုံးဖြစ်သွားလျှင် သဘာဝတရားကြီးကလည်း လူသားများကို ပြန်လည်ဒဏ်ခတ် အရေးယူပါလိမ့်မည်။ အရာအားလုံးသည် အကြောင်းတရား အပေါ်အခြေခံပြီး အကျိုးတရားများ ဖြစ်ပေါ်လာရစမြဲ။ မကောင်းသည့်အကြောင်းအရာကို ပြုမူလျှင် မကောင်းသည့်အကျိုးတရားကို ပြန်လည်ခံစားရပါမည်။ ဆက်လက်၍ စိမ်းလန်းစိုပြေနေသော သဘာဝအလှတရားကြီးကို ဖျက်ဆီးနေကြလျှင်တော့ လှပကောင်းမွန်သော သဘာဝလောကကြီးသည်လည်း သည်ကမ္ဘာမြေပေါ်မှ ထာဝစဥ်ပျောက်ကွယ် သွားရပေလိမ့်မည်။
(လေး)
ကမ္ဘာကြီး ပူနွေးလာမှုပြဿနာ၏ အခြေခံအကြောင်းအရင်းသည် သဘာဝသစ်ပင်၊ ဝါးပင်များကို အလွန်အကျွံ ခုတ်လှဲဖြုန်းတီးလိုက်ခြင်းကြောင့်ဟုပင် ဆိုရပေမည်။ သစ်ပင်များ ခုတ်လှဲမှုသည် သဘာဝပတ်ဝန်းကျင် ဂေဟစနစ်များကို ပျက်စီးစေပြီး ရာသီဥတုများ ဖောက်ပြန်ပြောင်းလဲခြင်းနှင့် အတူ မိုးခေါင်ခြင်း၊ ရေကြီးရေလျှံဖြစ်ခြင်းများကို ဖြစ်ပေါ်စေသည်။ စက်မှုလုပ်ငန်းများမှ စွန့်ထုတ်လိုက်သော ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့များကြောင့် အိုဇုန်းလွှာပျက်စီးကာ တစ်နှစ်ထက်တစ်နှစ် အပူချိန်မြင့်တက်လာနေသည်ဟု ပညာရှင်များက လေ့လာသုံးသပ်ကြ၏။
သစ်ပင်များသည် သက်ရှိသတ္တဝါများ အသက်ရှင်နေထိုင်နိုင်ရန်အတွက် လွန်စွာအထောက်အကူပြု၏။ လူသားတို့ အသက်ရှင်နေထိုင်နိုင်ရန်လည်း အောက်ဆီဂျင်ကို ထုတ်လွှတ်ပေးသည်။ လူ့ခန္ဓာကိုယ် သုံးပုံနှစ်ပုံခန့်ကို အောက်ဆီဂျင်များနှင့် ဖွဲ့စည်းထားသည်။ အောက်ဆီဂျင်က လူ့ခန္ဓာကိုယ်ဇီဝဖြစ်စဥ် ပုံမှန်လည်ပတ်နိုင်ရန် အလွန်အရေးကြီးပေသည်။
မိမိ၏အိမ်ခြံထဲ၌ စိုက်ပျိုးထားသော သစ်ပင်ဆယ်ပင်သည် လူတစ်ယောက်ကို တစ်နှစ်တာ အသက်ရှုနိုင်ရန် အောက်ဆီဂျင်ကို ထုတ်ပေးသည်။ သစ်တောတစ်ဧကသည် တစ်နှစ်တာအတွင်း လူ(၁၈)ဦးစာအတွက် အောက်ဆီဂျင်ကို လုံလောက်စွာ ထုတ်ပေးနိုင်သည်ဟု သိရ၏။ သစ်ပင်ကြီးများ ထူထပ်စွာပေါက်ရောက်နေသောတောတောင်ကြီးများသည် လူပေါင်းထောင်သောင်းများစွာတို့၏အသက်ကို ကယ်တင်ပေးနေသည်ဆိုတာ ငြင်းဖွယ်မရှိပေ။
သို့သော် ယနေ့အချိန် ရခိုင်ရိုးမတောင်တန်းကြီးလည်း တောင်ဂတုံး ဖြစ်လာလေပြီ။ လူ့လောဘဇောများ အောက်တွင် ဝါးပင်၊ သစ်ပင်ကြီးများလည်း လည်စင်းဒူးထောက် အရှုံးပေးရလေသည်။ သစ်တောကြီးများကို အမှီသဟဲပြုနေကြသော ကျား၊ ဆင်၊ သမင် အစရှိသည့် တိရိစ္ဆာန်များလည်း မျက်ရည်ကို ရင်ဝယ်ပိုက် သောကအပူမီးများနှင့် ထွက်ပြေးကြရရှာ၏။ အသိအဉာဏ်မြင့်မားလှပါသည်ဆိုသော လူသားများက စဥ်းစားဆင်ခြင်ဉာဏ်မရှိသော တိရိစ္ဆာန်များအပေါ် ကိုယ်ချင်းစာတရားကို မျက်ကွယ်ပြု၍ မောင်းထုတ်လိုက်ကြလေတော့ မေတ္တာတရားသည်လည်း ပျောက်ကွယ်ခဲ့ရပါပြီတကား။
(ငါး)
မိမိကိုယ်ကျိုးအတွက် သစ်တောကြီး၊ ဝါးတောကြီးများကို ခုတ်လှဲဖြုန်းတီးခြင်းသည် မိမိတို့ကိုးကွယ်သော ဗုဒ္ဓဘုရားရှင်ကို စော်ကားသည်ပင်။ သိဒ္ဓတ္ထဂေါတမသည် ဗောဓိညောင်ပင်အောက်၌ သဗ္ဗညုတရွှေဉာဏ်တော်ကိုရရှိကာ ဘုရားအဖြစ်သို့ ရောက်ရှိလေသည်။ ဗုဒ္ဓအယူဝါဒီတို့၏ အထွတ်အထိပ်ဖြစ်သော ဂင်္ဂါဝါဠုသဲစုမက ပွင့်တော်မူခဲ့ကြသည့် ဘုရားရှင်တို့သည်လည်း သစ်ပင်ကိုအမှီပြုခဲ့ကြရပေသည်။နောက်ပွင့်တော်မူမည့် အရိမေတ္တယျဘုရားသည်လည်း ကံ့ကော်ပင်အောက်၌ ဘုရားအဖြစ်သို့ ရောက်ရှိမည်ပင် မဟုတ်ပါလော။
ဘုရား၊ ရဟန္တာတို့မည်သည် သစ်တစ်ပင်အောက်၊ ဝါးတစ်ပင်ရိပတွင်သာ သီတင်းသုံး နေထိုင်လေ့ရှိကြသည်။ ရဟန်းအပေါင်းတို့သည်လည်း ဆိတ်ငြိမ်ရာအရပ်ဖြစ်သော သစ်ပင်အောက်၌သာ တရားအားထုတ်ကြသည်။ သစ်ပင်၊ ဝါးပင်အောက်၌ တရားအလုပ် ဆောင်ရွှက်ခြင်းသည် ရာသီဥတုဒဏ်ကို ထီးသဖွယ် အကာအကွယ်ပြုနိုင်ပြီး လေကောင်းလေသန့်များ ရှုရှိုက်ခွင့်ရရှိကာ စိတ်အာရုံကို ကောင်းစွာ စုစည်းနိုင်ခြင်းကြောင့်လည်း ဖြစ်ပါလိမ့်မည်။ သစ်ပင်၊ ဝါးပင်များ၏ အကျိုးကျေးဇူးကား လွန်စွာကြီးမားလှပေသည်။
(ခြောက်)
သက်ရှိ၊ သတ္တဝါများ အသက်ရှင် နေထိုင်စားသောက်နိုင်ရန်အတွက် သစ်ပင်များသည် အရေးကြီးသောအခန်းကဏ္ဍ၌ ပါဝင်သည်။ သစ်ပင်စိုက်ပျိုးခြင်းသည် မိမိအသက်ကို ရှည်စေ၍ သစ်ပင်များကို ခုတ်လှဲခြင်းသည် မိမိအသက်ကို သတ်လိုက်ခြင်းပင် ဖြစ်သည်။ မိမိအသက်ကို ချစ်လျှင် သစ်ပင်များကို မလိုအပ်ဘဲ မခုတ်သတ်ကြပါနှင့်တော့။ သစ်ပင်များကို မိမိအသက်ပမာ ချစ်မြတ်နိုးကြစေချင်ပါသည်။
သည်ဆောင်းပါး၏အစ၌ ဖော်ပြခဲ့သည့်အတိုင်း စာရေးသူတို့ ရခိုင်သားများသည်လည်း အိန္ဒိယနိုင်ငံ၊ Garhwal တောင်တန်းဒေသရှိ၊ Bishnoi ကျေးရွာမှ ရွာသူရွာသားများ၏စိတ်ဓါတ်ကို လေးစားအတုယူသင့်ပါသည်။ ယခုကဲ့သို့ ဆက်လက်၍ သစ်ပင်များကို ထိန်းသိမ်းခြင်းမရှိ၊ ပြန်လည်စိုက်ပျိုးခြင်းမရှိဘဲ အလွန်အကျွံ ခုတ်လှဲဖြုန်းတီးနေမည်ဆိုပါက အနာဂတ်ရခိုင်ပြည်၏ သဘာဝပတ်ဝန်းကျင်ခရီးလမ်းကား မတွေးရဲစရာပင် ဖြစ်ပါသည်။
စာရေးသူတို့ ရခိုင်သားများသည် ရခိုင်ရိုးမတောင်တန်းကြီးနှင့် ရခိုင်ကမ်းရိုးတန်းကို အမှီသဟဲပြု၍ ရှာဖွယ်စားသောက်နေထိုင်ကြရသော လူမျိုးတစ်မျိုး ဖြစ်ကြသည်။ မိမိတို့၏ အသက်သခင် ကျေးဇူးရှင်များဖြစ်ကြသော သည်ရိုးမနှင့် သည်ပင်လယ်ပြင်ကို ပျက်စီးစေမည့် အကြောင်းတရားများကို ဝေးဝေးက ရှောင်ခြားသင့်ပါသည်။ ရိုးမနှင့် ပင်လယ်ပြင်၌တည်ရှိသော ရေမြေတောတောင်သဘာဝအလှတရားများနှင့် ရှားပါးသက်ရှိသတ္တဝါများကိုလည်း ကာကွယ်စောင့်ရှောက်ရန် အထူးလိုအပ်ပါသည်။ သင်သည် ရခိုင်လူမျိုးမှန်လျှင် ရိုးမနှင့်ပင်လယ်ကို အမိဝမ်းက မွေးကတည်းကပင် ချစ်တတ်စမြဲဟု လူကြီးမိဘတို့၏ ဆုံးမသြဝါဒကို နာယူဖူးပါသည်။ ထို့ကြောင့် နှစ်ပေါင်းထောင်ချီ၍ သဘာဝအတိုင်း စိမ်းလန်းစိုပြေလန်းဆန်းနေသော ရိုးတောင်ထိပ်က သစ်ပင်များကို ရှင်သန်ခွင့်ပေးကြပါဟု မေတ္တာရပ်ခံ တောင်းဆိုရေးသားလိုက်ရပါသည်။