စစ်တပ်က ဖမ်းဆီးခံထားသည့် သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်နှင့် နှစ်ပတ်ကျော်လာသည် အထိ တွေ့ခွင့်မရသေးကြောင်းနှင့် တွေ့ခွင့်ပေးရန်အတွက် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံ စာရေး တောင်း ဆိုထားသည်ဟု ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC က ထုတ်ပြန် ပြောဆို လိုက်သည်။
သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန် ပြန်လည်လွတ်မြောက်လာရေးအတွက် ဖွဲ့စည်းထားသည့် ဆွေးနွေးညှိနှိုင်းရေး ကော်မတီအနေဖြင့် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံ စာပို့ တောင်းဆိုထားခြင်း ဖြစ်သည် ဟု ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် KBC တွဲဖက်အတွင်းရေးမှူး ဆရာတော် လဖိုင်ဇော်ရာ က ပြောသည်။
“ဒီနေ့ ဆရာကြီးကိစ္စနဲ့ ပတ်သက်ပြီး KBC EC ကနေ ဖွဲ့စည်းထားတဲ့ ကော်မတီကနေ လုံနယ်နဲ့ ကော်မတီက နှစ်ခါ တွေ့ပြီး ဖြစ်ပါတယ်။ အဲ့ဒီမှာ ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဆီကိုလည်း ဆရာကြီး နဲ့ တွေ့ဆုံခွင့်ရဖို့အတွက် စာပို့ထားပါတယ်။ ဒီစာလည်း ရောက်ပြီလို့ သိရပါတယ်။”
ဒီဇင်ဘာလ ၁၅ ရက်နေ့ ရက်စွဲဖြင့် ပေးပို့လိုက်သည့် အဆိုပါစာကို လက်ခံရရှိထားကြောင်း ကချင်ပြည်နယ် လုံ ခြုံရေးနှင့် နယ်စပ်ရေးရာက ပြန်လည် အကြောင်းကြားလာသည်ဟု ဆိုသည်။
သို့သော်လည်း ယနေ့အချိန်ထိ ဆရာတော်ကြီးနှင့် တွေ့ဆုံခွင့်မရသေးသလို မည်သည့်နေရာတွင် ဖမ်းဆီးချုပ် နှောင်ထားသည်ကိုလည်း စစ်တပ်ဘက်က တိတိကျကျ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
ဒေါက်တာ ခလမ်ဆမ်ဆွန် နေကောင်းကျန်းမာကြောင်းသာ ကချင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာက အကြောင်းကြားလာသည်ဟု ဆရာတော် လဖိုင်ဇော်ရာက ဒီဇင်ဘာလ ၂၀ ရက်နေ့တွင် KBC ၏ Facebook လူမှုကွန်ရက် စာမျက်နှာမှတဆင့် ပြောသည်။
“ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ လုံနယ်ကနေလည်း ဆရာတော်ကြီးနဲ့ သက်ဆိုင်တဲ့ တောင်းဆိုထားတဲ့ စာတွေကို လက်ခံရရှိကြောင်းနဲ့ ဆရာတော်ကြီး နေကောင်းကျန်းမာကြောင်း ဘာမှ စိတ်ပူစရာမလိုဘူးဆိုတာမျိုး အသိ ပေး အကြောင်းကြားလာပါတယ်။ ဒါကြောင့် ကျနော်တို့ မိဘပြည်သူတွေကို ပြောချင်တာက ဆရာတော်ကြီးနဲ့ ဆိုင်တဲ့ ကျနော်တို့ ဖွဲ့စည်းထားတဲ့ ကော်မတီအနေနဲ့လည်း KBC EC ရဲ့ ညွှန်ကြားချက်တွေနဲ့အညီ လုပ်ဆောင် ကြိုးပမ်းနေပါတယ်။”
KBC ၏ ဒီဇင်ဘာလ ၇ ရက်နေ့ ထုတ်ပြန်ပြောဆိုထားချက်အရ KBC ဥက္ကဋ္ဌဟောင်း သိက္ခာတော်ရဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်ကို စစ်ကောင်စီက တရားစွဲဆိုရန် လုပ်ဆောင်နေသည်ဟု သိရသည်။ သို့သော် မည် သည့် အမှုနှင့် တရားစွဲသွားမည်ကိုမူ ဒီဇင်ဘာလ ၂၂ ရက်နေ့အထိ စစ်တပ်ဘက်က တစ်စုံတစ်ရာ ပြောဆိုခြင်း မရှိသေးပေ။
ဆရာတော်ကို အကြောင်းမဲ့ ဖမ်းဆီးထိန်းသိမ်းထားခြင်းမှ အမြန်ဆုံးပြန်လွှတ်ရန် ကချင်နှစ်ခြင်း ခရစ်ယာန် အဖွဲ့ ချုပ် KBC က ဒီဇင်ဘာလ ၅ ရက်နေ့တွင် ထုတ်ပြန်တောင်းဆိုထားပြီး ပြည်ပ ထွက်ခွင့်ပိတ်ကာ ဖမ်းဆီးထားခြင်း သည် ကချင်တမျိုးသားလုံးကို အလွန်အကျူး ရန်စစော်ကားခြင်း
ဖြစ်သလို ထပ်မံ စစ်ကြေညာရာ ရောက်သည် ဟုလည်း World Kachin Congress က ဒီဇင်ဘာလ ၆ ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ဆရာတော် အမြန်ဆုံးလွတ်မြောက်လာရေးအတွက် ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ KBC ၏ အသင်းသူ/သားများ အနေဖြင့် ဆက်လက်ဆုတောင်းကြရန်လည်း ထပ်မံ တိုက်တွန်းထားသည်။
စစ်တပ်က ဖမ်းဆီးထားသည့် ကချင်နှင်ခြင်းခရစ်ယာန် အဖွဲ့ချုပ် KBC ဥက္ကဋ္ဌဟောင်း သိက္ခာရ ဆရာတော် ဒေါက်တာခလမ်ဆမ်ဆွန်သည် လက်ရှိတွင် အဖွဲ့ချုပ်၏ အကြံပေးတာဝန်ကို ထမ်းဆောင်နေသည့် ဆရာတော် တစ်ပါး ဖြစ်သည်။
ဒေါက်တာခလမ်ဆမ်ဆွန်သည် ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး၊ စစ်ဘေးရှောင်အရေးတို့ကို တက်ကြွစွာ ဆောင်ရွက်ခဲ့သူ တစ်ဦးလည်းဖြစ်သည်။
ထို့အပြင် စစ်တပ်က အာဏာမသိမ်းခင် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလတွင် စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်လည်း တွေ့ ဆုံခဲ့သူဖြစ်ပြီး ၂၀၁၉ ခုနှစ်တွင်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့်လည်း တွေ့ဆုံကာ မြန်မာနိုင်ငံရှိ ခရစ်ယာန်ဘာသာဝင်များကို စစ်တပ်က ညှင်းပန်းနှိပ်စက်နေရကြောင်း ပြောဆိုခဲ့သူ ဖြစ်သည်။