ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အား ကလေး-PDFနှင့် CDF-KKG တို့ ဝင်တိုက်

ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်အား ကလေး-PDFနှင့် CDF-KKG တို့ ဝင်တိုက်

စစ်ကိုင်းဒေသကြီး၊ ကလေးမြို့နယ် မြောက်ပိုင်း ရှိ ကျေးရွာ တစ်ရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ် ဖွဲ့အား ကလေး PDF နှင့် CDF – KKG ပူးပေါင်းတပ်ဖွဲ့တို့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၄

ဦးထက် မနည်း သေဆုံးခဲ့သည်ဟု အဖွဲ့တာဝန်ရှိသူများက ပြောသည်။

ကလေးမြို့နယ် မြောက်ပိုင်း ကျောင်းတိုက်ကျေးရွာတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် အယောက် ၇၀ ကျော်ခန့် တပ်စွဲထေားခြင်း ဖြစ်ရာ အဆိုပါ တပ်ဖွဲ့အား ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ကလေး PDF မှ ပြန်ကြားရေး တာဝန်ရှိသူတစ်ဦးက “အဝေးကနေဆိုတော့ သိပ်မမြင်ရပေမယ့် သူတို့လဲကျသွား တာတွေ မြင်ရတယ်။ အော်သံတွေလည်း အတိုင်းသား ကြားရတယ်” ဟု ပြောသည်။

ကလေး PDF နှင့် CDF - KKG ပူးပေါင်းတပ်ဖွဲ့တို့မှ ဝင်ရောက် တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဖက်ကြား မိနစ် ၂၀ ကျော် ကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး မဟာမိတ်တပ်များ၏ ရှေ့ထွက်မိုင်း အစွမ်းပြမှုကြောင့် စစ်ကောင်စီတပ်သား ၄ ဦး ထက်မနည်း သေဆုံးခဲ့ခြင်း ဖြစ်သည်ဟု တာဝန်ရှိသူများက ပြောသည်။

ကလေးမြို့နယ် မြောက်ပိုင်း ကျောင်းတိုက်ကျေးရွာမှ နန်းချောင်းကျေးရွာသို့ စစ်ကြောင်းထိုးလာသော အင်အား ၇၀ ကျော်ပါသည့် စစ်ကောင်စီတပ်၏ စစ်ကြောင်းကို ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၂ ရက်နေ့၊ နံနက် ၇ နာရီခန့်တွင် မဟာမိတ်တပ်ဖွဲ့များမှ ရှေ့ထွက်မိုင်းဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ပွဲတွင် မိုင်းမတော်တဆ ပေါက်ကွဲမှုကြောင့် ကလေး PDF ရဲဘော် ၂ ဦးမှာလည်း အသေးစားဒဏ် ရာရခဲ့သည်ဟု ကလေး PDF မှ ပြန်ကြားရေး တာဝန်ရှိသူက ဆက်ပြောသည်။

“၂ ယောက်လုံး မစိုးရိမ်ရပါဘူး။ ယမ်းစ မှန်တာလောက်ပါပဲ။ အခု သက်သာလာပြီ။”

စစ်ကောင်စီတပ်ဖွဲ့ဘက် ၎င်းတို့ အထိနာခဲ့သောကြောင့် နန်းချောင်းကျေးရွာရှိ လူနေအိမ် ၁၉ လုံး၊စပါးကျီ ၃ လုံး နှင့် ပြည့်စုံသော သတင်းကောင်း အသင်းတော် ခရစ်ယာန်ဘုရားကျောင်းတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသား ၃ ဦး ကိုလည်း လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားသည်ဟု ၎င်းတာဝန်ရှိသူကပြောသည်။ ထိုအရပ်သား ၃ ဦးကို ရိုက်နှက် စစ်ဆေးပြီးနောက် ဒီဇင်ဘာလ ၁၆ ရက်နေ့၊ နံနက် ၈နာရီခန့်၌ ပြန်လွှတ်ပေးခဲ့သည်ဟု နီးစပ်သူများက ပြော သည်။

ထို့နောက်တွင် နန်းချောင်းကျေးရွာခံ စိတ်ရောဂါသည် ဗျက်ဇလျန်းကို ဖမ်းဆီးနှိပ်စက်ပြီးနောက် ၎င်း၏ နေအိမ် နှင့်အတူ မီးရှို့သတ်ဖြတ်ခဲ့သည်ဟု ရွာခံပြည်သူများက ပြောသည်။

“စစ်သားတွေလာလို့ သူများတွေက ပြေးနေပြီ။ သူက ရူးနေတာဆိုတော့ ပြေးရမှန်းမသိ။ ကြောက်ရမှန်းလည်း မသိ။ အစက သတင်းတက်လာတာက မိန်းကလေးတစ်ယောက်ကို မုဒိန်းကျင့်ပြီး မီးရှို့သတ်တာပေါ့။ နောက် တော့ အဲဒီသတင်းက မှားနေတယ်။ ကျနော်တို့ရောက်တော့မှ အရူးဆိုတာကို အတည်ပြုနိုင်ခဲ့တယ်” ဟု ကလေး PDF မှ ပြန်ကြားရေး တာဝန်ရှိသူက ပြောသည်။



ထိုသို့ မီးရှို့သတ်ဖြတ်ခဲ့သော စစ်ကောင်စီတပ်သားများအား ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၃ ရက်နေ့၊ နံနက် ၉ နာရီ အချိန်ခန့်တွင် ကလေး PDF မှ ဒရုန်း (Drone) ဖြင့် လိုက်လံ တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးထက်မနည်း ထိခိုက် သေဆုံးနိုင်သည်ဟု PDF တာဝန်ရှိသူများက ပြောသည်။ သို့သော် သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနအနေ ဖြင့် သီးခြား အတည်ပြုချက် မရရှိသေးပေ။

အလားတူ Hyenas Survey Corps-HSC မဟာမိတ်တပ်ပေါင်းစုမှလည်း ယင်းနေ့ ညနေ ၄ နာရီ အချိန်ခန့်တွင် လက်စားချေသည့် အနေဖြင့် စစ်ကောင်စီတပ်ဖွဲ့ကို လိုက်လံတိုက်ခိုက်ခဲ့ရာ ထိခိုက်ဒေသဆုံးမှုများ ရှိခဲ့သည်ဟု အဆိုပါ အဖွဲ့၏ တာဝန်ရှိ သူများက ပြောသည်။

စစ်ကောင်စီ တပ်သားများမှာ ၎င်းတို့ ထပ်မံ အထိနာသောကြောင့် ယင်းနေ့ ညနေပိုင်းတွင်နန်းချောင်းကျေးရွာရှိ လူနေအိမ် ၃ လုံးအား မီးရှို့ဖျက်ဆီးကာ လူနေအိမ်၊ စာသင်ကျောင်း တံခါးပေါက်များတွင် “PDF အလိုမရှိ” ဟု ရေးသားထားခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ်ဘက်တွင် ၂ ရက်တာ တိုက်ပွဲအတွင်း ထိခိုက်သေဆုံးမှု များခဲ့သောကြောင့် ဒီဇင်ဘာလ ၁၃ ရက် နေ့၊ ညနေ ၆ နာရီ အချိန်ခန့်တွင် ကလေးမြို့ပေါ်၊ မြို့လှရပ်ကွက် နယ်မြေ ၁၁ အတွင်းသို့ လက်နက်ကြီး ၂ ကြိမ် ပစ်ခတ်ခဲ့ပြီး ရပ်ကွက်နေပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ ထိခိုက်ဒဏ်ရာရသူ ၅ ဦးတွင် ၁၈ နှစ်အောက် ကလေး ၃ ဦး ပါဝင်ပြီး ကျန် ၂ ဦးမှာ အသက် ၅၀ ဝန်းကျင် အရွယ်ဖြစ်သည်ဟု သိရသည်။ ကလေး ၃ ဦးမှာ ဒဏ်ရာပြင်းထန်သောကြောင့် ကလေးမြို့စစ်ဆေးရုံသို့ ပို့ ဆောင်ထားပြီး ယခုချိန်အထိ သတိမရသေးဘူးဟု ရပ်ကွက်နေ ပြည်သူအချို့က ပြောသည်။

လက်ရှိတွင် စစ်ကောင်စီတပ်ဖွဲ့သည် နန်းချောင်းကျေးရွာအတွင်းမှ ထွက်ခွာသွားပြီးနောက် ဆည်တော်ဦးကျေးရွာ ရှိ စာသင်ကျောင်း၌ ဒီဇင်ဘာလ ၁၆ ရက်နေ့တွင် တပ်စွဲထားသည်ဟု ဆိုသည်။

ကလေးမြို့နယ်အတွင်း စစ်ကောင်စီတပ်က မကြာခဏ မီးရှို့သတ်ဖြတ်မှုများ ပြုလုပ်လေ့ရှိပြီး ယမန်နှစ် ဒီဇင် ဘာလတုန်းကလည်း နန်းချောင်းကျေးရွာခံ စိတ်ရောဂါသည် ကိုမင်းဒင်ကို မီးရှို့သတ်ဖြတ်ခဲ့သောကြောင့် ရွာခံ ပြည်သူများမှ စစ်သားများ ထပ်မံဝင်ရောက်လာမည်ကို စိုးရိမ်ထိတ်လန့်နေကြသည်။

Most read this week

January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...
January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...