စစ်ကောင်စီ တပ်ဖွဲ့က စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်ထဲသို့ စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး အရပ်သား ၅ဦး ကို သတ်ဖြတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။
စစ်ကိုင်းတိုင်း ဒေသကြီး၊ ကောလင်းခရိုင်၊ ကောလင်းမြို့နယ်ထဲကို စစ်ကောင်စီတပ် အင်အား ၂၀၀ ဝန်းကျင် စစ်ကြောင်းထိုး ဝင်ရောက်လာပြီးနောက် ကျေးရွာ ၅ ရွာမှ အိမ် ၂၀၀ ကျော် မီးရှို့ခံထားရပြီး ပြည်သူ ၅ ဦးလည်း သတ်ခံထားရသည်ဟု ဒေသခံများက ပြောသည်။
ဒီဇင်ဘာလ ၉ ရက်နေ့က စတင်ပြီး ကောလင်းနယ်ထဲကို စစ်ကြောင်း ထိုးဝင်ရောက်လာသည့် စစ်ကောင်စီ တပ် သားများက ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် ဇီးချိုကုန်းကျေးရွာ၊ လျှော်ဖြူကုန်းရွာတို့ကိုမီးရှို့ခဲ့ကြခြင်း ဖြစ်သည်။
ထို့အပြင် ဒီဇင်ဘာလ ၁၁ ရက်နေ့မှာလည်း ပေပင်ချောင်ကျေးရွာ၊ ကုက္ကိုကုန်းကျေးရွာနှင့် ညောင်ကုန်းကျေးရွာ များရှိ နေအိမ်များကို မီးရှို့ခဲ့ကြခြင်း ဖြစ်သည်။
“ရွာတွေကို စစ်ကြောင်းထိုးလာပြီး မီးရှို့သွားတာပါ။ နေစရာအိမ်မရှိတော့တဲ့ ပြည်သူတွေလည်း အများကြီးပဲ။ အိမ်မီးရှို့ခံရတာဆိုတော့ ဆပ်ပြာတောင် မကျန်ပါဘူး” ဟု ညောင်ကုန်းကျေးရွာ ဒေသခံတစ်ဦး က ပြောသည်။
စစ်ကောင်စီတပ်က မီးရှို့ခဲ့သည့်အတွက် ကုက္ကိုကုန်းကျေးရွာ အိမ်အလုံးရေ (၈၇) လုံး၊ ပေပင်ချောင်ကျေးရွာက (၃၉) လုံး၊ ညောင်ကုန်းကျေးရွာက (၂၉) လုံး၊ ဇီးဖြူကုန်းကျေးရွာ (၄၅) လုံး၊လျော်ဖြူကုန်းကျေးရွာက (၂၄) လုံး၊ စုစုပေါင်း အိမ်ခြေ အလုံးရေ (၂၂၄) လုံးမီးလောင်ပျက်စီးခဲ့သည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။
စစ်ကောင်စီတပ်သားများက ပေပင်ချောင်ကျေးရွာကို စစ်ကြောင်းထိုးချိန်တွင် ရွာထဲက မပြေးနိုင်ဘဲ ကျန်ခဲ့သူ ဒေသခံရွာသား ၅ ဦးကို နှိပ်စက်ဒဏ်ရာများနှင့် သတ်ခံထားရသည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။
“အလောင်းက ၅ လောင်းပါ။ သူတို့က ထွက်မပြေးနိုင်ဘဲ ရွာမှာကျန်ခဲ့သူတွေပါ။ အခုက မပြေးနိုင်ဘဲ ကျန်ခဲ့လို့ သူတို့နဲ့ တွေ့ရင် သတ်ခံရတာပါ။ နှိပ်စက်ပြီး သတ်ခံထားရတာ” ဟု ဒေသခံတစ်ဦး က ပြောသည်။
သတ်ခံထားရသူများက ဦးသိန်းအောင်၊ ဦးအဲမောင်၊ ကိုနိုင်ဝင်းထွန်း၊ ကိုကံမင်းစိုးနှင့် ဦးမြင့်စိုးတို့ ဖြစ်ကြသည်ဟု အဆိုပါ ဒေသခံက ပြောသည်။
ကောလင်းမြို့နယ် PDF အဖွဲ့အနေဖြင့် ရရှိထားသည့် သေဆုံးသူများ၏ ရုပ်အလောင်းဓါတ်ပုံများတွင် ဦးခေါင်း သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသူများ ဖြစ်သည်ဟု အဖွဲ့ပြန်ကြားရေး တာဝန်ခံက ပြောသည်။
ကောလင်းမြို့နယ်ထဲကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေခြင်းကြောင့် ကျေးရွာပေါင်း ၂၃ ရွာက ဒေသခံရွာ သား နှစ်သောင်းကျော်သည် ၎င်းတို့၏ ကျေးရွာများမှ စစ်ဘေးလွတ်မည့် နေရာများတွင် တိမ်းရှောင်နေကြရပြီး ဆေးဝါး၊ စားနပ်ရိက္ခာအပြင် စောင်များလည်း အရေးပေါ်လိုအပ်နေသည်ဟု ဒေသခံများက ပြောသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် အောက်တိုဘာလ ၃၁ ရက်နေ့ထိ တစ်နိုင်လုံး အတိုင်းအတာအနေဖြင့် လက် နက်ကိုင်ပဋိပက္ခများအတွင်း နေအိမ်၊ အဆောက်အအုံ အလုံးရေ ၃၈၀၀၀ ကျော် မီးရှို့ဖျက်ဆီးခံခဲ့ရသည့်အနက် စစ်ကိုင်းတိုင်းတွင် အများဆုံးဖြစ်ခဲ့ပြီး စုစုပေါင်း ပမာဏ၏ ၇၀ ရာခိုင်နှုန်းနီးပါး အထိရှိခဲ့သည်။
စစ်တိုင်းအတွင်း နေအိမ်၊ အဆောက်အအုံ အလုံးရေ ၂၆၉၇၀ လုံး မီးလောင်ပျက်စီး ဆုံးရှုံးခဲ့ကြသည်ဟု မြန်မာ့မဟာဗျူဟာနှင့် မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရသည်။