ရန်ကုန်တိုင်းဒေသကြီး၊လှည်းကူးမြို့နယ်တွင် သေဆုံး၍ တွေ့ရှိခဲ့ရသည့်မွတ်ဆလင်လူငယ် ၁၃ ဦးသည် လွတ်လပ်မှုနှင့် အလုပ်အကိုင်ရှာဖွေရေးအတွက် အသက်ကို မနှမြောဘဲ စွန့်စားသွားလာကြရာမှ ယခုလို အဖြစ်ဆိုးဖြင့် ကြုံတွေ့ခဲ့ရသဖြင့် အထူးစိတ်မကောင်း ဖြစ်ရသည်ဟုဘူးသီးတောင်မြို့နယ်မှ မူဆလင်ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးကပြောကြားသည်။
"အကျပ်အတည်းတွေကိုလူတွေက ခံမှမခံနိုင်ကြတော့တာ။ လူပဲလေ။သူတို့ရဲ့လွတ်လပ်မှုတွေကို လိုချင်ကြတယ်။အလုပ်အကိုင် သစ်တွေရှာဖွေချင်ကြတယ်။အဲ့ဒီတော့ အသက်ကိုတော့မနှမြောနိုင်ကြတော့ဘူး။ ကိုယ်မှန်းထားတဲ့နေရာတစ်ခုကို ရောက်ရင်ပြီးရောဆိုပြီးအသက်တစ်ချောင်းကိုတော့ မနှမျောကြတော့ဘဲစွန့်စားထွက်ခွာနေကြတာ။ ဒီလူတွေ အခုလို အစုလိုက်သေဆုံးနေတာကို တွေ့တော့ အထူးစိတ်မကောင်း ဖြစ်ရပါတယ်”ဟု ပြောကြားသည်။
လက်ရှိတွင်လူပွဲစားများကမင်းပြား၊မြောက်ဦးနှင့် ကျောက်တော်ဘက်က မွတ်ဆလင်ကျေးရွာများမှလူငယ်များနှင့်လူလတ်ပိုင်း အရွယ်များကို မလေးရှားသို့ပို့ရန်နှင့် အလုပ်ကောင်းများရရန် သွေးဆောင်ဖျားယောင်း ခေါ်ယူမှုများပြားနေသည်ဟု ဆိုသည်။
“ကျွန်တော်တို့ကြားရသလောက် ပွဲစားတွေကနေပြီးလူပျိုပေါက်စတွေဆိုခေါ်တယ်။ လိုက်မလား ရန်ကုန်ရောက်မှ ပိုက်ဆံပေးဆိုပြီးခေါ်တယ်။ လမ်းတစ်ဝက်ရောက်တဲ့အခါ ပိုက်ဆံတွေ မပေးနိုင်ဘူး။ စစ်ဆေးရေးဂိတ်တွေကို မဖြတ်ကျော်နိုင်တဲ့ အခါ လမ်းတစ်ဝက်မှာ ချပစ်ခဲ့တာတို့ ။ရိုက်ပုတ်နှိပ်စက်ပြီးပိုက်ဆံတောင်းတာတို့ဖြစ်နေတယ်လို့သိရပါတယ်။ အခုလည်း သူတို့ကိုသတ်ပစ်ခဲ့တာဖြစ်နိုင်ပါတယ်"ဟု ပြောသည်။
လက်ရှိအချိန်တွင်သေဆုံးသူများအားမည်သူ မည်ဝါဖြစ်ကြောင်းကို စုံစမ်းနေပြီး၎င်းတို့၏အမည်နှင့် နေရပ်၊လိပ်စာများကို အတည်မပြုနိုင်သေးဟု၎င်းက ဆိုသည်။
၎င်းမွတ်ဆလင်လူငယ်(၁၃) ဦး အလောင်းကိုယမန်နေ့ဒီဇင်ဘာ ၅ ရက်နေ့ နံနက်ပိုင်းကရန်ကုန်တိုင်းလှည်းကူးမြို့နယ် အမှတ်(၇) လမ်းမကြီးနှင့်ငွေနံ့သာကျေးရွာကြား ကားလမ်းမဘေးတွင်စွန့်ပစ်ထားသည့်တွေ့ရှိခဲ့ကြရသည်။
အဆိုပါအလောင်း (၁၃) လောင်းအား ရဲတပ်ဖွဲ့မှ လာရောက် စစ်ဆေးမှုများပြုလုပ်ခဲ့ပြီးနောက် လှည်းကူးမြို့နယ် လူမှုကူညီရေး အသင်းက ဆေးရုံသို့အလောင်းများအား ဆေးရုံသို့ ပို့ဆောင်ခဲ့ကြောင်း အသင်းဝင်တစ်ဦးကနိရဉ္စရာကိုပြောသည်။
"အလောင်းကို ကျနော်တို့ဆေးရုံကိုတော့ပို့ပေးခဲ့တယ်။ ဆေးအဖြေအတိအကျတော့မသိပေမယ့် ကြည့်ရသလောက် အသက်ရှူကျပ်ပြီးသေတဲ့ ပုံစံမျိုးလို့တော့ ခန့်မှန်းရပါတယ်"ဟု ပြောသည်။
သေဆုံးသူများသည်ရခိုင်ပြည်နယ်မှ မလေးရှားသို့ တရားမဝင်သွားရောက်ရန် ရန်ကုန်မှတဆင့်မြဝတီသို့ အလုံပိတ်ကားဖြင့် သွားရာမှ အသက်ရှူကျပ်ပြီး သေဆုံးခဲ့၍လမ်းမှာစွန့်ပစ်ခံရခြင်းဖြစ်နိုင်ကြောင်း၎င်းက ဆက်ပြောသည်။
ယခုကဲ့သို့သေဆုံးမှုမှာ တာဝန်ယူ၊ တာဝန်ခံမှုမရှိသည့် ပွဲစားများကြောင့်ဖြစ်ရခြင်းဖြစ်ပြီးနောက်ထပ် ယခုကဲ့သို့ အဖြစ်ဆိုးများ မကြုံရအောင်သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများအနေဖြင့် ကြပ်မတ်ဆောင်ရွက်ပေးရန်လိုအပ်ကြောင်းမြေပုံမြို့မှ မူဆလင်လူမှုရေးလှုပ်ရှားသူတစ်ဦးက ပြောသည်။
"ပွဲစားတွေကြောင့်အခုလိုလူတွေ သေရတယ်လို့ ယူဆပါတယ်။ ပိုက်ဆံရရေးအတွက်ဆိုပြီး လူတွေနိုင်ငံခြားကို တရားမဝင်တင်တယ်။အဆင်ပြေတယ်ဆိုပြီး လူတင်တယ်။ မသိတဲ့လူတွေမှာတော့ ရတယ်ဆိုရင် ရတယ်ပေါ့လေ။ အဲ့ဒီသွားကြတာတွေမှာ (၁၀)ယောက်မှာ တစ်ယောက်ရောက်သွားတယ်။ (၅) ယောက်ကသေ ၊ ကျန် (၃) ယောက်ကထောင်ကျတယ်။ ပြီးခဲ့တဲ့လကလည်း (၈၇) ယောက် ဘားအံမှာအဖမ်းခံရတယ်။ အဲ့ဒီမှာအရွယ်မရောက်သေးတဲ့ ကလေး (၃၇)ယောက်ရှိတယ်။ အားလုံး ဘူးသီးတောင်၊မောင်တောဘက်ကပါ" ဟု ပြောသည်။
ယမန်နေ့ဒီဇင်ဘာ ၅ရက်နံနက် ၇ နာရီ အချိန်ခန့်တွင်လည်းမွန်ပြည်နယ် မုဒုံမြို့တွင်အထောက်အထားမဲ့ခရီးသွား မွတ်ဆလင် (၇၈) ဦးကိုစစ်ကောင်စီအာဏာပိုင်တို့က ဖမ်းဆီးလိုက်ကြောင်းဒေသတွင်းသတင်းများတွင် ဖော်ပြထားသည်။
ရခိုင်တွင် စစ်ရေး၊နိုင်ငံရေး အကျပ်အတည်းများကြောင့် အလုပ်အကိုင်ရှားပါးပြီး စားဝတ်နေရေးကျပ်တည်းသည့်အတွက် ရခိုင်လူမျိုးများသာမက မွတ်ဆလင်ကျေးရွာများမှလူငယ်များကလည်းပွဲစားဖြင့် ချိတ်ဆက်၍ ထိုင်းနယ်စပ်မှတဆင့်မလေးရှားနိုင်ငံသို့တစ်ဦးလျှင် ကျပ်သိန်း (၄၀) မှ (၇၀) အထိပေးကာ တရားမဝင်သွားရောက်မှုများရှိနေပြီးအများစုမှာဆက်တိုက်ဆိုသလို ဖမ်းဆီးခံရမှုများရှိနေကြောင်း သိရသည်။