ရက္ခိုင့်တပ်တော်(AA) နှင့် အလွတ်သဘော အပစ်ရပ်ထားမှုကို အခွင့်ကောင်းယူကာ စစ်ကောင်စီသည် ရခိုင်ပြည်နယ် အနှံ့အပြားတွင် လက်နက်၊ ရိက္ခာ၊ လူအင်အားများကို ဖြည့်တင်းနေသည်ဟု သတင်းရရှိသည်။
ယနေ့ နံနက် ၁၁ နာရီခန့်တွင်လည်း စစ်ဇက်ရေယာဉ်လေးစီးသည် မင်းပြားမြို့ မင်းဘာကြီး ဖောင်တော်သို့ ဆိုက်ကပ်ရောက်ရှိလာပြီး လက်နက်နှင့် ရိက္ခာများကို တပ်ရင်း (၅၄၁) သို့ ပို့ဆောင်နေကြောင်း ဒေသခံမျက်မြင်များက ပြောကြားသည်။
“မင်းပြားကို ဒီနေ့ မနက် ၁၁ နာရီလောက်မှာ ရောက်လာတယ်။ ဇက်ရေယာဉ် ၄ စီးပါ။ လက်နက်တွေ၊ ရိက္ခာတွေကို အမှတ် ၅၄၁ တပ်ရင်းဘက်ကို ပို့တာတွေ့ရပါတယ်။ ကြားရတာက အဲဒီ ၅၄၁ တပ်ရင်းကနေ ၃၇၉ တပ်ရင်းကိုလည်း ပို့တယ်လို့ ကြားရပါတယ်” ဟု နိရဉ္စရာသတင်းဌာနက ပြောသည်။
လက်ရှိအချိန် နေ့လယ် ၂ နာရီထိ စစ်ကားကြီးများဖြင့် ပို့ဆောင်နေကြောင်း၊ မည်သည့် ပစ္စည်းများဖြစ်သည်ကို သူအနေဖြင့် သေချာမသိကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။
မင်းပြားမြို့သို့ ရောက်ရှိနေသည့် ရေတပ် ဇက်ရေယာဉ် ၄ စီးသည် လက်နက်ခဲယမ်းမီးကျောက်များနှင့် ရိက္ခာများတင်ဆောင်ကာ ယနေ့နံနက်က စစ်တွေမြို့ မင်းဂံဆိပ်ကမ်းက ထွက်ခွာသွားခဲ့သည်ဟု မျက်မြင် ဒေသခံ တစ်ဦးက ပြောသည်။
“ ဒီနေ့ ဒီဇင်ဘာ ၅ ရက် မနက် ၇ နာရီက စစ်တွေ ရွှေမင်းဂံရေတပ်ကနေ ထွက်ခွာသွားတာပါ။ ရိက္ခာ၊ လက်နက်ခဲယမ်းတွေ အပြည့်ဖြည့်ပြီး သွားတာပါ။ မင်းပြားကို ဦးတည်ထွက်သွားတာပါ” ဟု ပြောသည်။
ဒေသခံများအပြောရ အဆိုပါ ရေတပ် ဇက်ရေယာဉ် ၄ စီးပေါ်တွင် စစ်ကား ၆၈ စီးဖြင့် လာရောက်ပို့ဆောင်ထားသည့် တပ်ရိက္ခာ၊ လက်နက်ခဲယမ်းများနှင့် စစ်သားများဖြစ်ကြောင်း၊ ထိုသို့ဖြည့်ဆည်းရာတွင် ဒီဇင်ဘာ ၃ ရက်နေ့က စစ်ကားထရပ် ၄၅ စီးနှင့် ၄ ရက်နေ့တွင် စစ်ထရပ် ၂၃ စီး စုစုပေါင်း ၆၈ စီဖြင့် ပို့ဆောင် ဖြည့်တင်းထားခြင်း ဖြစ်ကြောင်းသိရသည်။
ယမန်နေ့ ဒီဇင်ဘာ ၄ ရက်နေ့က မောင်တောဘက်သို့ တစ်စီးနှင့် လက်နက် ရိက္ခာများ ပို့ဆောင်ခဲ့သလို ယနေ့တွင်လည်း မင်းပြားသို့ စစ်ဇက်ရေယာဉ် ၄ စီးဖြင့် ဆက်လက် ပို့ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီသည် ရက္ခိုင့်တပ်တော် အေအေနှင့် အလွတ်သဘောအပစ်ရပ်ပြီးနောက်တွင် စစ်လက်နက်ပစ္စည်းများ၊ ရိက္ခာများ၊ လူအင်အားများကို အကြီးအကျယ် ဖြည့်ဆည်းနေသဖြင့် တိုက်ပွဲများ ပြန်ဖြစ်မည် ပြည်သူများ စိုးရိမ်နေကြကြောင်း သတင်းများရရှိသည်။