ရခိုင်တွင် နိပွန်ဖောင်ဒေးရှင်း ဥက္ကဋ္ဌ၊ မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဂျပန်နိုင်ငံ အစိုးရ အထူးကိုယ်စားလှယ် မစ္စတာဆာဆာကာဝါမှ ကြားဝင် စေ့စပ်ဆောင်ရွက်ပေးမှုကြောင့် (Humanitarian Pause)ဖြင့် နှစ်ဖက်တိုက်ပွဲများ ခေတ္တယာယီရပ်တန့်ထားစဉ် ပြည်သူများနှင့် ပူးပေါင်းကာ ရက္ခိုင့်တပ်တော်(AA) တပ်သားများက စပါးကူညီရိတ်သိမ်းပေးခဲ့ကြောင်း ရက္ခိုင့်တပ်တော်(AA)က ဒီဇင်ဘာ ၁ ရက် နေ့စွဲဖြင့် သတင်းထုတ်ပြန်သည်။
နိုဝင်ဘာ (၂၆) ရက်နေ့မှစကာ နှစ်ဖက်သဘောတူခဲ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကိစ္စရပ်များထဲမှ တစ်ခုဖြစ် သော ယခုရက်များအတွင်း အချိန်မီ စပါးရိတ်သိမ်းရန် အရေးတကြီး ချက်ချင်းလိုအပ်နေသည့် စပါးကွင်းများမှ ရင့်မှည့်စပါးများကို ရက္ခိုင့်တပ်တော် စစ်သည်တော်များမှ ဒေသခံပြည်သူ လူထုများနှင့် ပူးပေါင်း၍ လည်းကောင်း၊ စပါးခင်းပိုင်ရှင်များမှာ စစ်ဘေးရှောင်များ ဖြစ်နေသောကြောင့် ပိုင်ရှင်များကိုယ်တိုင် လာရောက်ရန် မလွယ်ကူသောစပါးခင်းများကို ရက္ခိုင့်တပ်တော် စစ်သည်များနှင့် ULA အဖွဲ့ဝင်များက စပါးခင်းပိုင်ရှင်များကိုယ်စား လည်းကောင်း စပါးရိတ်သိမ်းခြင်းများကို ဆက်တိုက်လုပ်ဆောင်ခဲ့ပါသည်ဟု ထုတ်ပြန်ချက်တွင်ရေးသားထားသည်။စပါးကူညီရိတ်သိမ်းမှုများပြုလုပ်ခဲ့သည့်မြို့နယ်များမှာ ဘူးသီးတောင်မြို့နယ်
(ပြင်ရှည်ကျေးရွာ)၊ ရသေ့တောင်မြို့နယ် (မောင်ဖြူရွာ၊ မညင်းတောင်ရွာ၊ ကုန်တန်းရွာ၊ ခရုချောင်းရွာ၊ ရီကောင်းချောင်းရွာ)၊ ပုဏ္ဏားကျွန်းမြို့နယ်(ယာချောင်းရွာ၊ ဆင်အင်းကြီးရွာ၊ ငှက်ကြီးကျွန်းရွာ၊ ပဒေသာရွာ၊ ရီပေါက်ချောင်းရွာ)၊ ကျောက်တော်မြို့နယ်( သလူချောင်းရွာ၊ ရုပ်သားရွာ၊ နဂရာရွာ)၊ မြောက်ဦးမြို့နယ်(ဂူတလုံးကျ (မြို) ရွာ)နှင့် မင်းပြားမြို့နယ်
ရာမောင်တံတားအနီး တစ်ဝိုက်တို့တွင် ဖြစ်ကြောင်း သိရသည်။ဆက်လက်ရိတ်သိမ်းရန် ကျန်ရှိနေသေးသော စပါးခင်းများကိုလည်း ရက္ခိုင်ပြည်သူ့ အာဏာပိုင်အဖွဲ့မှ ပြည်သူများနှင့်အတူ ဆက်လက် ကူညီလုပ်ဆောင်သွားမည်ဟု အဆိုပါထုတ်ပြန်ချက်တွင် ရေးသားထားသည်။
ရက္ခိုင့်တပ်တော်(AA)အနေဖြင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲခြင်းအား အာရက္ခ ဒေသအတွင်းနေ ပြည်သူလူထုများ၏ လတ်တလော စားဝတ်နေရေး၊ သွားလာရေး၊ ဆေးဝါး အကျပ်အတည်း၊ အခက်အခဲများနှင့် ပြည်သူထူထု၏အကျိုးစီးပွားကို မဏ္ဍိုင်ပြု၍ ယခုကဲ့သို့ ယာယီအပစ်ရပ်တန့်ရခြင်းဖြစ်ပြီး ရက္ခိုင်ပြည်သူ့အစိုးရအနေဖြင့် ယာယီအပစ်အခတ်ရပ်တန့်နေသော ကာလ၌ ပြည်သူလူထု၏ ဝန်ဆောင်မှု များကို ယခင်ကာလများနည်းတူ အကောင်းဆုံးသော နည်းလမ်းများဖြင့် ပြည်သူ့အကျိုးအား ဆက်လက်သယ်ပိုး ဆောင်ရွက်သွားမည်ဟုလည်း ထုတ်ပြန်ရေးသားထားသည်။