အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD)အစိုးရလက်ထက်က ရပ်တန့်ထားခဲ့သည့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်ရှိ ရခိုင်ရိုးမပေါ်တွင်တည်ရှိသော နေပူတောင်မှ မာဘယ်အလှဆင် ကျောက်ထုတ်လုပ်မှုစီမံကိန်းကို စစ်ကောင်စီက ပြန်လည် ထုတ်လုပ်ရန်ပြင်ဆင်နေသည်ဟု သိရသည်။
ယင်းသို့ပြန်လည်ထုတ်လုပ်နိုင်ရန် ဗီယက်နမ်နိုင်ငံမှ SIMCO ကုမ္ပဏီနှင့် စစ်ကောင်စီတို့ ကျောက်ထုတ်လုပ်မှုအပေါ် ခွဲဝေစနစ်ဖြင့် စာချုပ်ချုပ်ဆိုဆောင်ရွက်နေပြီဖြစ်ပြီး လုပ်ငန်းများ အောင်မြင်စွာအကောင်အထည်ဖော်ဆောင်ရွက်ရန်လည်း စစ်ကောင်စီလက်အောက်ခံ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ကိုယ်စားလှယ် ၄ ဦးနှင့် ဗီယက်နမ်ကုမ္ပဏီဘက်မှ ကိုယ်စားလှယ် ၄ ဦးတို့ဖြင့် ပူးတွဲစီမံခန့်ခွဲရေးကော်မတီကိုလည်း ဖွဲ့စည်းလိုက်ပြီဟု ပြီးခဲ့သည့် နိုဝင်ဘာလ ၂၅ ရက်တွင် စစ်ကောင်စီ၏ ပြည်ထောင်စုဝန်ကြီးရုံးက ထုတ်ပြန်ခဲ့သည်။
အဆိုပါနေပူတောင်မှ အလှဆင်မာဘယ်ကျောက်ထုတ်လုပ်မှုကို ၂ဝ၁၂ ခုနှစ်မှစတင်ကာ ဦးသိန်းစိန်အစိုးရက ဗီယက်နမ်ကုမ္ပဏီတစ်ခုဖြစ်သော SIMCO ကို နှစ်ပေါင်း ၂ဝ ကြာ ထုတ်လုပ် ရောင်းချခွင့်ပေးခဲ့ခြင်းဖြစ်သည်။
နေပူတောင်စီမံကိန်းသည် ဒေသခံပြည်သူများအတွက် အကျိုးခံစားရခွင့်ရှိသည့်စီမံကိန်းမဟုတ်၍ ၂၀၁၃ ခုနှစ်မှစတင်ကာ ၂ဝ၁၅ ခုနှစ်အထိ သဘာဝပတ် ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်နေသူ ထောင်နှင့်ချီကာ ၃ နှစ်ကြာ ကန့်ကွက်ဆန္ဒပြခဲ့ကြသေးသည်။
ယင်းနောက် ၂ဝ၁၈ ခုနှစ်အရောက်တွင် နေပူတောင်မှထုတ်လုပ်သည့်အလှဆင်ကျောက်များမှာ အရည်အသွေးညံ့ဖျင်းပြီး ရောင်းတန်းမဝင်၍ ထုတ်လုပ်သည့်ကုမ္ပဏီ၌ တွက်ခြေမကိုက် ဖြစ်လာသည်ဟု ဆိုကာ ကုမ္ပဏီဘက်က NLD အစိုးရထံ စီမံကိန်းရပ်ဆိုင်းခွင့် တောင်းခံပြီး တရားဝင် ရပ်ဆိုင်းခဲ့သည်။
ယခုကဲ့သို့ ရပ်တန့်ထားခဲ့သည့်ကျောက်ထုတ်လုပ်မှုစီမံကိန်းကို ယခုတဖန် အာဏာရှင်စစ်အစိုးရက ပြန်လည်လုပ်ကိုင်ရန်ပြင်ဆင်နေခြင်းမှာ ဒေသအကျိုးထက် စစ်ကောင်စီအကျိုးကိုရှေးရှူ၍ ပြည်သူကိုဂရုမစိုက်ဘဲ လုပ်ချင်သလိုလုပ်မည်ဆိုသည့်သဘောဖြစ်နေသည်ဟု နေပူတောင် စီမံကိန်းပိတ်သိမ်းရေးကန့်ကွက်နေသည့် တောင်ကုတ်ဒေသခံတစ်ဦးက ဝေဖန်ပြောကြားသည်။
“အာဏာရှင်တို့ရဲ့လုပ်ရပ်ကတော့ အဓိကတော့ ပြည်သူကို ဂရုမစိုက်လို့ သူတို့လုပ်ချင်သလို လုပ်တယ်ဆိုတဲ့ သဘောပဲလို့ ကျနော် အဲလိုသုံးသပ်တယ်။ ဒီစီမံကိန်းကို ပြန်လုပ်လိုက်လို့ ဒေသခံ ပြည်သူတွေအတွက် အကျိုးခံစားခွင့်၊ ဒေသဖွံ့ဖြိုးရေးကိစ္စမှာတော့ ကျနော်ကတော့ ရှိလိမ့်မယ်လို့ တစ်ခုမှမမြင်ဘူး”ဟု ပြောသည်။
ယခုကိစ္စနှင့်ပတ်သက်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ သယံဇာတရေးရာဝန်ကြီး ဦးသန်းထွန်းကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
နေပူတောင်မှထွက်ရှိသည့်အလှဆင်မာဘယ်ကျောက်အမျိုးစားသည် မြန်မာနိုင်ငံတွင် ရှားပါး ကျောက်အမျိုးအစားဖြစ်ပြီး တစ်နှစ်လျှင် မတ်ထရစ်တန်ချိန် ၇၈၅၀ တန်အထိထုတ်ယူနိုင်သည်ဟု သိရသည်။
အဆိုပါနေပူတောင်မှ အလှဆင်ကျောက်များကို ဗီယက်နမ်ကုမ္ပဏီ SIMCO က ၂ဝ၁၂ ခုနှစ်မှစတင်ကာ ၂ဝ၁၈ အထိ ၆ နှစ်ကြာ ထုတ်ယူခဲ့ပြီဖြစ်၍ လက်ရှိတွင် တောင်တစ်ခုလုံးကုန်လုနီးပါးဖြစ်နေပြီဖြစ်ပြီး ပြန်လည်ထုတ်ယူလျှင်လည်း ဒေသခံများအတွက် အကျိုးမရှိနိုင်ဟု တောင်ကုတ်မြို့မိမြို့ဖတစ်ဦးက သုံးသပ်ပြောသည်။
“နေပူတောင်က ထွက်တဲ့ကျောက်တွေက အားလုံး အစအနတွေပဲ ထွက်တာကိုး။ အကျိုးတွေအပဲ့တွေပဲ ထွက်ပြီး အကောင်းရတာနည်းတယ်လေ။ ပြန်ထုတ်မယ်ဆိုရင် ဒေသအတွက် ထူးခြားလာမယ်လို့ မမြင်ဘူး”ဟု ပြောသည်။
နေပူတောင်မှ ကျောက်များကို ၁၉၇၃/၁၉၇၄ ခုနှစ်တို့က လမ်းခင်းကျောက်များပြုလုပ်ရန် မိုင်းများဖြင့်ဖောက်ခွဲခဲ့ရသည့်အတွက် ကျောက်များမှာ ယင်းအချိန်ကပင် အရည်အသွေး မကောင်းတော့ကြောင်း ဆက်ပြောသည်။