၂၀၁၇ ငြိမ်းချမ်းရေးနှစ်အတွက် စိမ်ခေါ်နေမှုများ

၂၀၁၇ ငြိမ်းချမ်းရေးနှစ်အတွက် စိမ်ခေါ်နေမှုများ
by -
ဗညားအောင်/ မွန်သတင်းအေဂျင်စီ
ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN ဆွေးနွေးပွဲ(photo: UNFC)
ငြိမ်းချမ်းရေးကော်မရှင်နှင့် DPN ဆွေးနွေးပွဲ(photo: UNFC)
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရအာဏာရလာခဲ့လျင် သမ္မတဦးသိန်းစိန်အစိုးရအား မထောက်ခံလိုသည့် ကျန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် NCA လက်မှတ်ရေးထိုးလိမ့်မည်ဟု လွန်ခဲ့သည့် ၂ နှစ်က တွက်ကိန်းတွေလည်း လွဲခဲ့ပါသည်။ ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရ ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးကော်မရှင်အနေဖြင့် UNFC ၏ တောင်းဆိုချက် ၉ ချက်ကို မူအားဖြင့်သဘောတူညီခဲ့ကြသည်မှာ သင်္ကြန်မတိုင်မီ လွန်ခဲ့သည့်မတ်လဆန်းကတည်းကပင် ဖြစ်သည်။ ယခုအချိန်ထိ နှစ်ဘက်ကြား ၁၅ လကြာတွေ့ဆုံ ဆွေးနွေးခဲ့မှုများသည် မျက်နှာချင်းဆိုင်အပြန်အလှန်လက်ဆွဲ နှုတ်ဆက်ကြသည့် မှတ်တမ်းဓါတ်ပုံများ ရိုက်ပြနိုင်သည်မှလွဲ၍ လက်ဆုပ်လက်ကိုင်ပြနိုင်သည့် တိုးတက်မှုကိုလည်း မတွေ့မိပါ။ ယုံကြည်မှုတည်ဆောက်နေသည်ဟုသာ ပြောဆိုစရာရှိသည်။ ထိုသို့ ငြိမ်းချမ်းရေးဆွေးနွေးနေသည့်ကာလအတွင်း အစိုးရနှင့် UNFC ကို ပိုပြီးအထိနာစေခဲ့သည်မှာ ကချင် KIO, ဝ WNO, သျှမ်း SSPP တို့ UNFC အဖွဲ့ဝင်အဖြစ်မှနုတ်ထွက်လိုက်ပြီး UWSA ဝ ဦးဆောင်သည့် မြောက်ပိုင်းမဟာမိတ်နှင့်ပူးပေါင်းကာ NCA လမ်းကြောင်းပြင်ပမှငြိမ်းချမ်းရေး ဆွေးနွေးမည်ဆိုသည့် ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးရေးကော်မတီ FPNCC တပ်ပေါင်းစုသစ် ထပ်မံပေါ်ပေါက်လာခြင်းပင်သည်။ မြန်မာနိုင်ငံတွင် တိုင်းရင်းသားလက်နက်ကိုင်အင်အားတစ်သိ်န်းကျော်ရှိသည့်အနက် ၈၀% ရာခိုင်နှုန်းမှာ FPNCC ၏တပ်ဖွဲ့အင်အားဖြစ်ကြောင်း တိုင်းရင်းသားအရေးကျွမ်းကျင်သူများက ဆိုသည်။ ထိုကြောင့် သမ္မတဦးသိန်းစိန်လက်ထက်မှ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရသစ်ထံ အာဏာလွှဲအပ်ခဲ့စဉ်ကာလက အားလုံးသတ်မှတ်ထားသည့့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ EAOs ၂၁ ဖွဲ့ရှိသည့်အနက် NCA လက်မှတ်ထိုးပြီးအဖွဲ့နှင့် မထိုးဖြစ်သေးသည့်အဖွဲ့သာရှိခဲ့ရာမှ ယခု ၂၀၁၇ ခုနှစ်တွင် NCA ပြင်ပဆိုသည့် FPNCC တပ်ပေါင်းစုသစ် ထပ်မံပေါ်ပေါက်လာခြင်းက လက်ရှိမြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် စိန်ခေါ်မှုကြီးပင် ဖြစ်လာသည်။ FPNCC အထွေထွေအတွင်းရေးမှူး UWSA ခေါင်းဆောင် ဦးကျောက်ကော်အန်းက လက်ရှိ NCA စာချုပ်အရ ရေးဆွဲထားသည့် နိုင်ငံရေးဆွေးနွေးမှု မူဘောင်တွင် အပစ်ရပ်စာချုပ်လက်မှတ်ထိုးထားသည့် တိုင်းရင်းသားလက်နက်ကိုင်အစုအဖွဲ့ တစ်ခုတည်းသာရှိနေပြီး အစိုးရအစုအဖွဲ့၊ လွှတ်တော်အစုအဖွဲ့၊ တပ်မတော်အစုအဖွဲ့နှင့် နိုင်ငံရေးပါတီအစုအဖွဲ့အသီးသီး ဖြစ်နေသောကြောင့် မဲခွဲဆုံးဖြတ်ကြရာတွင် တိုင်းရင်းသားတို့ဘက်ကသာ အမြဲတမ်းရှုံးနိမ့်နေလိမ့်မည်ဖြစ်ကြောင်း၊ ထို့ကြောင့် NCA စာချုပ်အရ “နိုင်ငံရေးဆွေးနွေမှု မူဘောင်”ပါ မဲပေးဆုံးဖြတ်မှုစနစ်မှာ တိုင်းရင်းသားများအတွက် “ထောင်ချောက်” ပင် ဖြစ်နေကြောင်း ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်နေ့က ပန်ဆန်းတွင် UNFC ဥက္ကဌ နိုင်ဟံသာနှင့် တွေ့ဆုံဆွေးနွေးကြစဉ် သုံးသပ်ပြောဆိုမှုများ ရှိခဲ့သည်။ အလားတူ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP/UWSA နှင့် NCA လက်မှတ်ရေးထိုးထားသည့် ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS/SSA ကိုယ်စားလှယ်တို့ ဝ ဌာနချုပ်ပန်ဆန်းမှာ ပြီးခဲ့သည့် စက်တင်ဘာ ပထမပတ်အတွင်း ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုတရပ်ပြုလုပ်ခဲ့သည့်သတင်းသည်လည်း UNFC ဥက္ကဌခရီးစဉ်ထက်ပို၍ စိတ်ဝင်စားစရာကောင်းလာသည်။ UWSA နှင့် RCSS တဖက်နှင့်တဖက် ရန်သူအဖြစ် ၁၅ နှစ်ကြာခန့် တိုက်ခိုက်လာခဲ့ကြပြီးနောက် စစ်ပြေငြိမ်းရရှိခဲ့ကြပြီး ငြိမ်းချမ်းရေးနှင့်ပတ်သက်၍ တဖက်တခြမ်းစီ အမြဲတမ်းရပ်တည်လာခဲ့သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှစ်ဖွဲ့တို့၏ မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေးမှုရလဒ်ကို သိလိုနေကြသည်။ RCSS/SSA အနေဖြင့် NCA လက်မှတ်ရေးထိုးပြီးဖြစ်သော်လည်း မိမိတို့တပ်ဖွဲ့ဝင်များကို တပ်မတော်မှဖမ်းဆီးနေခြင်းသည် ယုံကြည်မှုများ လျော့နည်းလာစေပြီး ရရှိထားသော ငြိမ်းချမ်းရေး သဘောတူညီချက်များ ပျက်ပြားလာနိုင်ကြောင်း၊ နိုင်ငံတော်သမ္မတ ဦးထင်ကျော်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့က ၂၀၁၇ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်ဖြစ်ရန် မျှော်မှန်းထားကြသော်လည်း လက်ရှိအခြေအနေအရ ဖြစ်လာရန် မလွယ်ကူတော့ကြောင်း ပြီးခဲ့သည့်ဇူလိုင်လအတွင်းမှာပင် RCSS ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ် ထုတ်ဖော်ပြောကြားလာပြီးနောက်ပိုင်း UWSA နှင့်သွားရောက်တွေ့ဆုံမှုတို့ကို ဆက်စပ်တွေးကြည့်နိုင်လိမ့်မည်။ ထို့အတူ NCA လက်မှတ်ရေးထိုးပြီးဖြစ်သည့် ကရင်အမျိုးသားအစည်းအရုံး KNU ၏ ကရင့်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီပြောကြားချက် ဗီဒီယိုကလစ်တစ်ခု လွန်ခဲ့သည့် သြဂုတ်လဆန်းပိုင်းက လူမှုကွန်ယက်စာမျက်နှာပေါ် ပြန့်နှံ့လာသည်။ ပြီးခဲ့သည့် ၂၁ ရာစုပင်လုံညီလာခံမှ အဆင်မပြေခဲ့သည့်ကိစ္စ၊ ဖက်ဒရယ်တပ်မတော်အရေး၊ ကရင့်လက်နက်ကိုင်များပေါင်းစည်းရေးစသည့်ပြောကြားချက်တို့ လက်ရှိ NCA လက်မှတ်ရေးထိုးပြီး EAOs အဖွဲ့များနှင့် တပ်မတော်ကြား အပြန်အလှန်ဆက်ဆံရေးတို့ကို အကဲခတ်နိုင်ပါသည်။ ကေအဲန်ယူထိန်းချုပ်နယ်မြေ မြဝတီမြို့နယ်၊ နို့ဖိုးရွာ (ခေါ်) အတွင်းကွင်းကလေးကျေးရွာတွင် သြဂုတ်လ ၁၂ ရက်နေ့က ကျင်းပသည့် (၆၇)နှစ်မြောက် ကရင့်အာဇာနည်နေ့အခမ်းအနားသို့ KNU ဥက္ကဌ စောမူတူးစေးဖိုး တက်ရောက်နေစဉ် စစ်ရေးပြအခမ်းအနားမပြုလုပ်ရန် တပ်မတော်မှ လာရောက်တားမြစ်မှုကြောင့် အခမ်းအနားကို ပြီးဆုံးသည့်အထိ မကျင်းပတော့ဘဲ ကရင့်အမျိုးသားအလံတော်ကို ဖြုတ်သိမ်းလိုက်ရသလို ကျွေးမွေးရေးအစီအစဉ် ပျက်ပြယ်ခဲ့ရသည့်ဖြစ်စဉ်ကို ကရင်သတင်းစဉ် KIC မှ ဖတ်ရှုရသည်။ NCA လက်မှတ်ထိုးပြီး ၈ ဖွဲ့တို့သည်လည်း ပြီးခဲ့သည့်ဇူလိုင်လအတွင်း ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ပြီးခဲ့သည့် (၂၁) ရာစုဒုတိယအစည်းအဝေးနှင့် လက်ရှိနိုုင်ငံရေးမူဘောင်များ ပြန်လည်သုံးသပ်ကြရာတွင် “မူလသဘောတူညီခဲ့ကြသည့် လုံခြံုရေးကဏ္ဍ အပြောင်းအလဲမှာ SSR ပြီးမှ လက်နက်ဖြုတ်သိမ်းရေး DDR ကို သွားရန် ဖြစ်သော်လည်း လက်ရှိလမ်းကြောင်းမှာ လက်နက်ဖြုတ်သိမ်းရေးကိုသာ တပ်မတော်က ဦးတည်နေသဖြင့် NCA လမ်းကြောင်းနှင့် လွဲချော်နေသည့် အနေအထားမျိုး ဖြစ်နေကြောင်း” သတင်းထောက်များအား ပြောဆိုခဲ့သည်။ တဖက်တွင်လည်း NCA ရေးထိုးပြီး ၂ နှစ်တာကာလအတွင်း ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပိုမိုရှုပ်ထွေးလာသည်ဟု ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အတွင်းရေးမှူးအဖွဲ့ဝင် စိုင်းကျော်ညွှန့်က သုံးသပ်သည်။ “၂ နှစ်ရောက်လာတဲ့အချိန်မှာ နဂိုလ်က NCA ထိုးထားတဲ့ အရေအတွက် ရှစ်ဖွဲ့ကနေလွဲပြီးတော့ ထပ်တိုးလာတာလည်း မရှိဘူး။ ဖြစ်ပေါ်တိုးတက်မှုတွေကလည်း UNFC နဲ့ ဆွေးနွေးတဲ့အချိန်တွေမှာ ရှိသယောင်ယောင်နဲ့ ဖြစ်ပေါ်တိုးတက်မှုက အစစ်အမှန် ဖြစ်မလာဘူးပေါ့လေ။ ပြောရရင်တော့ ဒီ ၂ နှစ် ပြည့်ပြီးတဲ့အချိန်ကနေ ရှေ့လျှောက် တောက်လျှောက်ပေါ့လေ ကျွန်တော်တို့ တိုင်းရင်း သားလက်နက် ကိုင်တွေအပေါ်မှာ စဉ်းစားတဲ့ စဉ်းစားချက်တွေ၊ ကိုင်တွယ်တဲ့ ပုံစံတွေက ဒီပြဿနာတွေ အားလုံးကိုဖြေရှင်းနိုင်မယ့် ပုံစံမဟုတ်ဘူးဆိုရင်တော့ ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းရေးက မလွယ်ဘူးပေါ့ဗျာ” ဟု စိုင်းကျော်ညွှန့်က ပြောသည်။ ယင်းကဲ့သို့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအရေး ရှုပ်ထွေးနေသည့်ကြားတွင် သြဂုတ်လ ၂၅ ရက်နေ့မှစ၍ အစွန်းရောက် အကြမ်းဖက်ဘင်္ဂါလီကိစ္စတွေ ပေါ်ပေါက်လာပြန်သည်။ ကမ္ဘာ့ကုလသမဂ္ဂလုံခြုံရေးကောင်စီ အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့ရသည်အထိ ရှေ့တန်းတင်ခံလာရသည့်ပြဿနာကြီးအဖြစ်ရောက်ရှိလာပြီး ပြည်တွင်းမှာလည်း နေရာအနှံ့လုံခြုံရေး တပ်လှန့်ထားနေရဆဲဖြစ်သည်။ လက်ရှိဘင်္ဂါလီအရေးကိစ္စသည့် တိုင်းရင်းသားလက်နက်ကိုင်များနှင့်ဖြေရှင်းနေရသော ပြည်တွင်းငြိမ်းချမ်းရေးကိစ္စထက်ပိုပြီး ကြီးမားသည့်စိန်ခေါ်မှုပင်ဖြစ်သည်။ ပြီးခဲ့သည့် စက်တင်ဘာ ၁ ရက်နေ့က နေပြည်တော်မှာ နိုင်ငံတော်၏အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နှင့် မွန်ပြည်သစ်ပါတီ ဒုဥက္ကဌ နိုင်ဟံသာတို့ တွေ့ဆုံဆွေးနွေးမှုတွင် ငြိမ်းချမ်းရေးအမြန်ဆောင်ရွက်ကြရန် ပြောဆိုမှုများရှိခဲ့သည်ဟု သိရသည်။ ၂၀၁၂ ခုနှစ်တွင် အစိုးရနှင့်ပြည်နယ်/ပြည်ထောင်စုအဆင့် သဘောတူမှုရရှိထားသည့် မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေအတွင်းသို့ လက်နက်ဖြင့်စစ်ရေးပြအခမ်းအနားကျင်းပသည်ကို အကြောင်းပြုကာ တပ်မတော်စစ်ကြောင်းများ ဝင်ရောက်မှုများရှိခဲ့ပြီး စစ်ရေးတင်းမာမှုများ ဖြစ်ပေါ်ခဲ့သည်။ မွန်ပြည်သစ်ပါတီ ဂိတ်စခန်းအချို့ကိုလည်း တပ်မတော်မှဖယ်ရှားခဲ့သည်။ သို့ရာတွင် အောက်ခြေတပ်မှူးများ အပြန်အလှန် ထိန်းထိန်းသိမ်းသိမ်းရှိခဲ့သဖြင့် သေနတ်သံမပေါက်ခဲ့ပေ။ ယခုအခါငြိမ်းချမ်းရေးကော်မရှင် PC နှင့် DPN တို့ ကျန်ရှိသည့်အချက် ၄ ချက်ဆွေးနွေးရန် ရက်နီးကပ်လာပြီဖြစ်သော်လည်း ဆွေးနွေးမည့်ရက်ချိန်း မထုတ်ပြန်ရသေးပါ။ ယခုအကြိမ်တွေ့ဆုံမှုသည် ငြိမ်းချမ်းရေးနှစ်ဟုခေါ်ဆိုသည့် ၂၀၁၇ ခုနှစ်အတွင်း ငြိမ်းချမ်းရေးကော်မရှင်နှင့် UNFC တို့၏ နောက်ဆုံးဆွေးနွေးမှုလည်း ဆိုနိုင်ပါသည်။ လာမည့်အောက်တိုဘာလတွင် NCA လက်မှတ်ထိုးအဖွဲ့များ၏ ၂ နှစ်ပြည့်အခမ်းအနားနှင့် နှစ်မကုန်မီ တတိယပင်လုံ အစည်းအဝေးအတွက်ပြင်ဆင်မှုများရှိလာသဖြင့် UNFC အတွက် အစိုးရနှင့် နိုင်ငံရေးဆွေးနွေးပွဲဆက်လက်ကျင်းပရန် အချိန်ရှိတော့မည်မဟုတ်ပါ။ ထို့ကြောင့် လာမည့်ဆွေးနွေးပွဲတွင် UNFC အနေဖြင့် NCA လက်မှတ်ရေးထိုးဖြစ်မဖြစ် ငြိမ်းချမ်းရေးကော်မရှင်အပေါ် မူတည်နေသည်ဟု UNFC ဘက်က ပြောဆိုထားသည်။ အကယ်၍ ကျန်ရှိသည့် UNFC တောင်းဆိုချက် ၄ ချက်ကို ယခုဆွေးနွေးပွဲတွင် သဘောတူညီမှုရရှိမည်ဆိုပါက ၂၀၁၇ ငြိမ်းချမ်းရေးနှစ်အတွက် စိမ်ခေါ်မှုအချို့ကိုကျော်ဖြတ်နိုင်မှာဖြစ်သလို NCA လမ်းကြောင်းကိုလည်း ပိုမိုအားဖြည့်ကာ အကောင်အထည်ဖော်တည်ဆောက်နိုင်လိမ့်မည်ဟု မျှော်လင့်မိပါကြောင်း။
မြေရှားသတ္တုစစ်ယူသည့် အက်ဆစ်ရေကန်များ
January 17, 2024
ဆမ်နော် — ကမ္ဘာ့မြေရှားတောင်းဆိုမှုအရ တရုတ်ရဲ့ လိုအပ်မှုအတိုင်း ကချင်မြေရှားတွေကတော့ ဆက်လက်...
March 21, 2023
ရခိုင်ပြည်ထဲက ရထားလမ်းစီမံကိန်းမှာ သံလမ်းမရောက်၊ ရထားမရောက်ဘဲ ခါးပြတ်နေသည့်...
April 27, 2022
“ကျနော်တို့ပြည်နယ်တော့ ပြန်ပြီးငြိမ်းချမ်းမယ်လို့ ထင်တယ်လေ။ မငြိမ်းချမ်းနိုင်တော့ဘူးလား။...
March 28, 2022
“ဒီစစ်အာဏာရှင်တွေနဲ့ ဆွေးနွေးပြီးတိုက်နေလို့ ဘယ်တော့မှအမြစ်ပြတ်မှာ မဟုတ်ဘူး။ စစ်ရေးအရ အပြင်...