စစ်ကောင်စီတပ်များ ၄ လ ကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် သေ့ဘောဘိုး စခန်းကုန်းနှင့် နေရာတချို့ ကို KNU လက်လွှတ်ခဲ့ရ

စစ်ကောင်စီတပ်များ ၄ လ ကျော်ကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် သေ့ဘောဘိုး စခန်းကုန်းနှင့် နေရာတချို့ ကို KNU လက်လွှတ်ခဲ့ရ

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ မြဝတီ-ဝေါ်လေကားလမ်းမပေါ်ရှိ ကရင်အမျိုးသား အစည်းအရုံး (KNU) ၊ တပ်မဟာ(၆) ထိန်းချုပ်နယ်မြေ သေ့ဘောဘိုးစခန်းကုန်းနှင့် နေရာတချို့ကို နိုဝင်ဘာ ၂၈ ရက်နေ့တွင် KNU ဘက်မှ လက်လွှတ်ခဲ့ရကြောင်း မြေပြင်သတင်း အရင်းအမြစ်များထံကသိရသည်။

စစ်ကောင်စီသည် တပ်မ(၄၄)၊ နည်ဗျူးဟာတပ်ရင်းများ နှင့် ဒုံးတပ်ရင်းများအပြင် လေကြောင်း ပစ်ကူများဖြင့် အင်အားအလုံးအရင်းသုံးကာ သေ့ဘောဘိုးစခန်းကုန်းနှင့် နေရာတချို့ကို လေးလကြာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်။

“နိုဝင်ဘာ၂၆ရက်နေ့လောက်မှာ ကျွန်မတို့ရွာ(သေ့ဘောဘိုးကျေးရွာ)ထဲကို စစ်ကောင်စီ တပ်သားတွေ ဝင်လာတယ်။ စခန်းကုန်းပေါ်တော့ မတက်သေးဘူး။ မိုင်းတွေရှိလို့ မိုင်းတွေ လိုက်ရှင်းနေကြတယ်။ တိုက်ပွဲဖြစ်လို့ ပြေးနေရတဲ့သူတွေကို ရွာမှာပြန်နေခိုင်း တယ်။ ပြန်တဲ့သူ တချို့ရှိပေမယ့် အကုန် မပြန်ရဲကြဘူး။ ဘာလို့လည်းဆိုတော့ သူတို့က ရွာထဲမှာ စခန်းချနေတာလေ။ ကမ်းနားမှာ စစ်ရှောင်နေရတဲ့သူတွေကို အတင်းပြန်နေခိုင်း နေတယ်”ဟု သေ့ဘောဘိုးကျေးရွာမှ ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

စစ်ကောင်စီတပ်သားများသည် ကျေးရွာအတွင်းတွင် စခန်းချနေထိုင်နေသည့်အတွက် ဒေသခံများ အနေဖြင့် နေအိမ်ပြန်လည်နေထိုင်ရန် အခက်ခဲများစွာရှိနေကြောင်းသိရသည်။ သေ့ဘောဘိုး စခန်းကုန်းနှင့် ဘလက်ဒိုကျေးရွာ အနီးတပ်စွဲထားသည့် KNLAတပ်ရင်း(၂၇) လက်အောက်ခံ Cobra စစ်ကြောင်းသည် တပ်စွဲထားရာမှ ပြန်လည် နောက်ဆုတ်ပေး လိုက်ကြောင်းသိရသည်။

အဆိုပါအခြေနေနှင့် ပတ်သက်၍ အတည်ပြုနိင်ရန် Cobra စစ်ကြောင်းကို ဖုန်းဖြင့် ဆက်သွယ်ခဲ့သော်လည်း အဆက်အသွယ် မရရှိသေးပေ။

“အခု မြဝတီ-ဝေါ်လေကားလမ်းမကို သူတို့(စစ်ကောင်စီ)ဘက် ပြန်ထိန်းချုပ်လို့ရသွားတဲ့ အနေအထားလို့ ပြောလို့ရတယ်။ လမ်းက မနေ့တုန်းကတော့ ဖွင့်ပေးတယ်။ ဒီနေ့တော့ ပြန်ပိတ်ထားတယ်လို့ကြားတယ်။ KNUဘက်က ဆုတ်ပေးလိုက်ရတယ်။ ဘာလို့လဲဆို တာတော့ မသိသေးဘူး”ဟု ဒေသခံတဦးက ပြောသည်။

ပြန်လည်နောက်ဆုတ်ပေးခဲ့သည့် စစ်ကောင်စီ၏ သေ့ဘောဘိုးစခန်းကုန်းကို Cobra စစ်ကြောင်းနှင့် Pdf ပူးပေါင်းတပ်ဖွဲ့တို့မှ ၂၀၂၂ ခုနှစ်၊ မေလ ၁၈ ရက်နေ့တွင် စခန်းသိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ယနေ့ နိုဝင်ဘာ ၂၉ ရက်နေ့ထုတ် စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာများတွင် ဖလူး၊ ကျောက်ခက်၊ သေ့ဘောဘိုး၊ ဝေါလေဒေသတဝိုက်နှင့် မြဝတီ-ဝေါလေ ကားလမ်း တစ်လျှောက်ကို ၎င်းတို့၏ စစ်ကောင်စီတပ်များက ပြန်လည် ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း ဖော်ပြထားသည်။

စာတည်း။ ။မောင်ကောင်း

“ဝ” မြို့တော် ပန်ဆန်း၌ ၂၀၁၉ ခုနှစ်က ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားတွင် တွေ့ရသည့် UWSA “ဝ” တပ်ဖွဲ့ဝင်များ  (ဓာတ်ပုံ- AFP)
November 26, 2024
“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ တပ်စခန်း ကိုးခုကို ဖယ်ရှားရန် ထိုင်းဘက်က...
ကရင်နီပြည်ရဲမှ ကျန်းမာရေးဝန်ဆောင်မှုပေးနေစဉ် (ပုံဟောင်း)
November 25, 2024
ကရင်နီဒေသအတွင်းရှိ ကိုယ်ဝန်ဆောင် ၃,၀၀၀ ဝန်းကျင်ခန့်သည် မီးဖွားနိုင်မှုအခက်အခဲနှင့်...
အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်းသည့် သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးအေးချမ်း
November 23, 2024
စစ်ကောင်စီလက်ထက် သတင်းမီဒီယာကောင်စီကို ဒုတိယအကြိမ်မြောက် ပြောင်းလဲဖွဲ့စည်းလိုက်ရာတွင်လည်း...
ဓါတ်ပုံ- စစ်ကောင်စီ
November 22, 2024
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မြဝတီအသံလွှင့်ဌာနရုံးနှင့် တောင်ဥက္ကလာပမြို့နယ်ရှိ...