စစ်ကောင်စီ ဖားကန့်တွင် စစ်ရှိန်မြင့်

စစ်ကောင်စီ ဖားကန့်တွင် စစ်ရှိန်မြင့်

ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် စစ်ကောင်စီတပ်က လက်နက်ကြီး/ငယ်များဖြင့် ရမ်းသမ်းပစ်ခတ်နေမှုများ ကြောင့် ပြည်သူထိမှန်သေဆုံးမှုများရှိခဲ့သည့်အပြင် ရွာပေါင်း ၃ ရွာခန့်က ပြည်သူများလည်း စစ်ဘေးလွတ်ရာ ကို ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဒေသခံများက ပြောသည်။

ဖားကန့်မြို့နယ်ထဲက သောင်းကော့ကျေးရွာထဲ နိုဝင်ဘာလ ၂၃ ရက်နေ့က လက်နက်ကြီးကျရောက်ခဲ့ရာဒေသခံ တစ်ဦးသေဆုံးခဲ့ပြီး ၇ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဒေသခံ တစ်ဦးက “တနေ့က နေ့လယ်လောက်မှာ ဘာတိုက်ပွဲမှ မဖြစ်ဘဲနဲ့ ကောင်ဆန်၊ သောင်းကော့ရွာတွေ ဘက်ကို စစ်တပ်က သေနတ်နဲ့ ရမ်းသမ်းပစ်တယ်။ လက်နက်ကြီး လေးလုံးလောက် ပစ်တယ်။ သေနတ်တွေနဲ့ လည်း ပစ်တယ်။ အဲ့ဒါ ပြည်သူတစ်ယေက် ထိမှန်ပြီး သေသွားတယ်။ နေအိမ်တချို့ လည်း ပျက်စီးကုန်ပြီး ဒီနား က ကျောက်စိမ်း ကုမ္ပဏီတစ်ခုလည်းမီးလောင်ပျက်သွားတယ်” ဟု ပြောသည်။

ထိုအခြေအနေများကြောင့် သောင်းကော့၊ ကောင်ဆန်နှင့် ကရင်ဂျောင် စသည့်ကျေးရွာများမှ ဒေသခံပြည်သူ ၆၀၀ နီးပါးခန့်က နိုဝင်ဘာလ ၂၃ ရက်နေ့ (ယမန်နေ့)က စပြီး ဘေးလွတ်မည့် နေရာများသို့ ထွက်ပြေးတိမ်းရှောင် နေရသည်ဟု အကူအညီ ပေးနေသူ တစ်ဦးက ပြောသည်။

အလားတူ နိုဝင်ဘာလ ၂၄ ရက်နေ့၊ နံနက် ၁၀ နာရီအချိန်ခန့်တွင်လည်း ဘွမ်နန်(မိုးကာ)ရွာက ရွာသာများကို စစ်တပ်က လာရောက်မောင်းထုတ်ခဲ့သည်ဟုလည်း ဒေသခံတစ်ဦးက သတင်းနှင့်မီဒီယာကွန်ရက် သတင်းဌာနကို ပြောသည်။

“ကျနော်တို့ ရွာထဲကို မနေ့က မနက် ၁၀ နာရီလောက်မှာ စစ်သားတွေ လာပြီး ရွာထဲက ထွက်သွားဆိုပြီး မောင်း ထုတ်တယ်။ ပြည်သူတွေကလည်း အရမ်းကြောက်ပြီး အားလုံး ရွာထဲက ထွက်ပြေးသွားကြတယ်။ အခု ရွာထဲ မှာ စစ်ကောင်စီတပ်သားတွေ အယောက် ၅၀ နဲ့ ၁၀၀ ကြားလောက် ရှိမယ်ထင်တယ်။ သူတို့ အဲ့မှာပဲ စခန်းချမယ် ထင်တယ်။”

ဖားကန့်မြို့နယ်အတွင်းရှိ ဘွမ်နန်(မိုးကာ)၊ သောင်းကော့၊ ကောင်ဆန်၊ ကရင်ဂျောင် အစရှိသည့် ကျေးရွာများမှ စစ်ဘေးရှောင် ပြည်သူများသည် ဆိုင်းတောင်(ဆိမ့်မူ) ကျေးရွာအုပ်စုရှိ ဘုန်းတော်ကြီးကျောင်းများနှင့် ခရစ်ယာန် ဘုရားကျောင်းနေရာများတွင် စစ်ဘေးရှောင်နေရသည်ဟု အကူအညီပေးနေသူများက ပြောသည်။

အကူအညီပေးနေသူ ဖားကန့် ဒေသခံ လူငယ် တစ်ဦးက “ပြည်သူတွေက အချိန် ဘယ်လောက် ကြာအောင် စစ် ရှောင်နေရမယ်ဆိုတာ မသိဘူး။ အခုလောလောဆယ် စား ဖို့ သောက်ဖို့က အသင်းတော်က ကူညီပေးပေမယ့် အချိန်ကြာလာရင်တော့ စားဝတ်နေရေး အရမ်း ခက်ခဲလာမှာလေနော်။ တချို့ အိမ်ထောင်မိသားစုတွေက အိမ် ကပစ္စည်းတွေ ယူလာနိုင်ပေမယ့် တချို့ကတော့ ဘာမှာ မယူ လာနိုင်ဘူး။ ကိုယ်လွတ် ထွက်လာခဲ့ကြတာ။ အခု ကာလကလည်း ဆောင်းတွင်းဆိုတော့ အရမ်း အေးတယ်။ စောင်တွေ အနွေးထည်တွေတော့ အရမ်းလိုအပ်နေ တယ်” ဟု ပြောသည်။

ဖားကန့်ဒေသအတွင်း နိုဝင်ဘာလထဲ စစ်ကောင်စီတပ်က တစ်အိမ်ဝင် တစ်အိမ်တက် စစ်ဆေးမှုများမကြာခဏ လုပ်နေသည့်အပြင် ညနေတိုင်းနီးပါးလည်း အရပ်သားပြည်သူများ နေထိုင်သည့်ကျေးရွာများဘက်သို့ တိုက်ပွဲ တစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိပဲ လက်နက်ကြီး/ငယ်များဖြင့်ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်နေမှုများ ပြည်သူများက စိုးရိမ်နေကြသည်။

ဖားကန့်မြို့နယ်၊ ကံဆီးကျေးရွာရှိ၊ အနန့်ပါဒေသ လေကြောင်းတိုက်ခိုက်ခံရပြီးနောက် ဖားကန့်မြို့အဝင်အထွက် ဂိတ်များတွင် စစ်ဆေးမှုများ တင်းကြပ်ထားသည့်အပြင် မြစ်ကြီးနား-ဖားကန့်လမ်းတလျှောက်တွင်လည်း စစ် ကောင်စီတပ်ဘက် က စစ်ရေးလှုပ်ရှားမှုများရှိနေသည် ဟု ဒေသခံများက ပြောသည်။

ထိုသို့ စစ်ရေးလှုပ်ရှားမှုများ ပြုလုပ်နေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ကချင်လွတ်လပ်ရေး တပ်မတော် KIA၊ PDF ပူးပေါင်းတပ်ဖွဲ့တို့အကြား ပစ်ခတ်မှုများလည်း မကြာခဏ ဖြစ်ပွားလျှက်ရှိသည်။

Most read this week

January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...
January 9, 2025
ဧရာဝတီတိုင်း၏ မြို့တော် ပုသိမ်မြို့တွင် တစ်နေ့ကို လျှပ်စစ်မီး ၃ နာရီသာ ရရှိတော့သည်ဟု...
January 8, 2025
ကချင်ပြည်၊ မြစ်ကြီးနားတွင် လူငယ်၊ လူလတ်ပိုင်း အမျိုးသားများ သတင်းအစအနမရဘဲ ဆက်တိုက်...
January 7, 2025
ဧရာဝတီတိုင်း၊ ပုသိမ်မြို့တွင် စစ်ကောင်စီက ကုန်တင်ကားပိုင်ရှင်များကို အစည်းအဝေး‌ခေါ်ကာ...