မြန်မာနိုင်ငံအတွင်း တိုင်းနှင့်ပြည်နယ်အားလုံးက ပါဝင် ယှဥ်ပြိုင်နိုင်မည့် အိမ်ထောင်ရှင် အလှမယ်ပြိုင်ပွဲကို လာမည့် ဒီဇင်ဘာလ(၂၂)ရက်နေ့မှ (၂၆)ရက်နေ့ထိ စစ်တွေမြို့ပေါ်တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို ရခိုင်အခြေစိုက် Mrs Ethnic Tourism အဖွဲ့က ဦးဆောင်ကာ ရခိုင်တွင် ယခုအကြိမ် ပထမဦးဆုံး ပြုလုပ်ခြင်းဖြစ်ပြီး နိုင်ငံအတွင်းရှိ တိုင်းရင်းသားဒေသများတွင် ခရီးသွားလုပ်ငန်းများ ယခင်ထက် ပိုမိုတိုးတက်စေရန် ရည်ရွယ်ကြောင်း Mrs Ethnic Tourism အဖွဲ့ တည်ထောင်သူ ကိုစံသာက ပြောသည်။
“ဒါက ရခိုင်မှာလုပ်တဲ့ပွဲဆိုပေမယ့် တနိုင်ငံလုံးအတိုင်းအတာနဲ့ ဒေသအသီးသီးက အိမ်ထောင်ရှင် အမျိုးသမီးတွေပါ လာရောက်ယှဉ်ပြိုင်နိုင်အောင် စီစဉ်ထားပါတယ်။ အဓိကတော့ အိမ်ထောင်ရှင် အမျိုးသမီးတွေရဲ့ အရည်အချင်းတွေကိုပြသနိုင်မယ့် အခွင့်ရေးအဖြစ်နဲ့ရည်ရွယ်သလို တိုင်းရင်းသားဒေသမှာ ခရီးသွားလုပ်ငန်းတွေ ပိုတိုးတက်ဖို့အတွက်လည်း ရည်ရွယ်ပါတယ်”ဟု ကိုစံသာကပြောသည်။
အဆိုပါ ပြိုင်ပွဲတွင် အသက် ၂၀ ဆယ်မှ ၃၀ နှစ်အထိကို ဆုတစ်မျိုး၊ အသက် ၃၀ မှ အသက် ၄၀ နှစ် အထိကို ဆုတစ်မျိုး၊ အသက် ၄၀ မှ ၅၅ နှစ် အထိကို ဆုတစ်မျိုး စသဖြင့် ဆုသုံးမျိုးကို ဆုငွေ သိန်း ၂၀ မှ သိန်း ၅၀ အထိ အသီးသီးသတ်မှတ်ထားကြောင်း သိရသည်။
ယင်းအပြင် ပြိုင်ပွဲကို မြန်မာနိုင်ငံမှ အလှမယ်ရွေးချယ်သည့် ဝါရင့်ဒိုင်များနှင့် အခြား တတ်သိပညာရှင်များမှ အကဲဖြတ်ကာ ဆုပေးသွားမည်ဖြစ်ကြောင်း ကိုစံသာက ဆက်၍ပြောသည်။
“အိမ်ထောင်ရှင် အမျိုးသမီး ပြိုင်ပွဲဖြစ်တဲ့အတွက် အလှအပ တစ်ခုတည်းကိုပဲ ကြည့်ရွေးမှာမဟုတ်ပါဘူး။ ပုတာ၊ ဝတာ ၊ ပိန်တာတွေလည်း ကန့်သတ်ချက်မရှိပါဘူး။ အဓိက ဘယ်လောက်ထိ သရုပ်ပြ ကောင်းမလဲ။ သူတို့ရဲ့ ယုံကြည်ချက်ကို ဘယ်လောက်ထိ ဖော်ထုတ်နိုင်မလဲ။ ပြီးတော့ သူတို့ရဲ့ အခြားစွမ်းရည်တွေနဲ့ပတ်သက်ပြီး ပြည်သူတွေကို ဘယ်လောက်ချပြနိုင်မလဲ။ အဲဒါတွေကို ပေါင်းစုပြီးတော့ ကျနော်တို့ ဆုပေးအပ်သွားမှပါ”ဟု ကိုစံသာကပြောသည်။
အဆိုပါပြိုင်ပွဲကို စိတ်ပါဝင်စားသည့် အိမ်ထောင်ရှင် အမျိုးသမီးများအနေဖြင့် ယခုလ (နိုဝင်ဘာလကုန်) အထိ လျှောက်ထားနိုင်မှာဖြစ်ပြီး လက်ရှိတွင် ရန်ကုန်၊ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း၊ ရှမ်းနှင့် ရခိုင်ပြည်တွင်းရှိ စစ်တွေ၊ ကျောက်တော်၊ မြောက်ဦး၊ မြေပုံ၊ ပုဏ္ဏာကျွန်း စသည့်မြို့နယ်များမှ ယှဉ်ပြိုင်မည့်သူလျှောက်လွှာများ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ပုဏ္ဏားကျွန်းမြို့နယ်၊ နတ်တောင်ကျေးရွာမှ ပြိုင်ပွဲဝင်ရန် လျှောက်ထားသူ မအိချစ်ပိုက “အမျိုးသမီးတွေဟာ အိမ်ထောင်ကျသွားပြီဆိုလို့ရှိရင် ကိုယ့်ရဲ့ဝါသနာတွေကို စွန့်လွတ်လိုက်ရတာ များပါတယ်။ ကိုယ့်မှာရှိတဲ့ ဝါသနာနဲ့ အရည်အချင်းတွေကို ဒီလိုမျိုး ထုတ်ဖော်ဖို့ အခွင့်အရေးတွေ ရှိလာတဲ့အတွက် အိမ်ထောင်ရှင် အမျိုးသမီးတစ်ယောက်အနေနဲ့ ဝမ်းသာမိပါတယ်”ဟု ပြောသည်။
Mrs Ethnic Tourism အဖွဲ့သည် ၂၀၁၉ ခုနှစ်က စစ်တွေမြို့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ပြည်တွင်း၊ ပြည်ပတို့တွင် သွားရောက်ယှဉ်ပြိုင်မည့် အလှမယ်များကို လေ့ကျင့်သင်ကြားရေးသင်တန်းများ ဖွင့်လှစ်ထားကာ ပြီးခဲ့သည့် ဖေဖော်ဝါရီလကလည်း ရခိုင်ပြည်သီးသန့် အိမ်ထောင်ရှင် အလှမယ်ပြိုင်ပွဲကို ပြုလုပ်ကျင်းပပေးခဲ့ကြောင်းလည်း သိရသည်။