မွန်ပြည်နယ်မှာ အချိန်ခါမဟုတ် မိုးရွာသွန်းမှုကြောင့် နေလှန်းဆား ထုတ်လုပ်ဖို့ အခက်ကြုံနေရ

မွန်ပြည်နယ်မှာ အချိန်ခါမဟုတ် မိုးရွာသွန်းမှုကြောင့် နေလှန်းဆား ထုတ်လုပ်ဖို့ အခက်ကြုံနေရ

ရာသီဥတုအဖျက်မိုးတွေကြောင့် အရှုံးနဲ့ ရင်ဆိုင်နေရတဲ့ မွန်ပြည်နယ်အတွင်းက နေလှန်းဆားလုပ်ငန်းတွေဟာ အခုနှစ်မှာလည်း အချိန်ခါမဟုတ် မိုးရွာသွန်းမှုကြောင့် ဆားထုတ်လုပ်ဖို့ အခက်ကြုံနေရတယ်လို့ ဆားတောင်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

နေလှန်းဆားတောင်သူတွေဟာ ပြီးခဲ့တဲ့ နှစ်နှစ်ဆက်တိုက် ရာသီဥတု ဖောက်ပြန်ပြီး ဆားကွင်းဖျက်မိုးတွေ ကြုံရတာ၊ စစ်တပ် အာဏာသိမ်းပြီးနောက် စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်လာတာ၊ အထွေထွေကုန်ကျစရိတ် ကြီးမြင့်မှုတွေကြောင့် အရှုံးနဲ့ ရင်ဆိုင်ခဲ့ရတာပါ။

လက်ရှိမှာတော့ ဆားတောင်သူတွေဟာ နိုဝင်ဘာ တတိယပတ်အတွင်း နေ့ရက်ဆက်တိုက် မိုးရွာနေတဲ့အတွက် အခုနှစ်ဆားရာသီမှာ ဆားထွက်ရှိမှုနှုန်း သိသိသာသာကျဆင်းမှာကို စိုးရိမ်နေကြတာပါ။ ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဆားတောင်သူ တစ်ဦးက အခုလိုပဲ ပြောပါတယ်။

“စိတ်ဓာတ်ကျနေပြီ။ အခုအလုပ်လုပ်တာ တစ်လလောက်ရှိနေပြီ။ တစ်လလုံးမိုးကရွာနေတာ ဘယ်လို လုပ်မလဲ။စက်သုံးဆီဈေးကြီးတာက တစ်မျိုး၊ ရာသီဥတုဖောက်ပြန်လို့ တစ်မျိုး စိတ်ညစ်နေရတယ်။ ကျွန်တော်တို့က ကွင်းကို နေလှန်းလိုက်၊ ခြောက်သွားရင် ဒလိမ့်ဝင်လိုက်၊မိုးကညကျ ရွာချလိုက်၊ နေ့ဆိုပူတယ်။ ညဆို မိုးရွာတယ်။ ဒီနှစ်ကျွန်တော်တို့ ဆားတောင်သူတွေ ဆားရော ရပါ့မလား” လို့ ဆိုပါတယ်။

အခုလို အခြေအနေတွေမှာ မိုးတွေဆက်တိုက်ရွာသွန်းလာရင် ဆားကွင်းတွေ ထပ်မံပြင်ဆင်ရမှာ ဖြစ်တဲ့အတွက် ဒီဆားရာသီ ဆားထွက်ချိန် နောက်ကျနိုင်တယ်လို့ ဆားတောင်သူတွေက ဆိုကြပါတယ်။

မွန်ပြည်နယ်ဟာ နေလှန်ဆားကို နှစ်စဉ် အောက်တိုဘာလမှာ စတင်လုပ်ကိုင်ကြတာဖြစ်ပြီး အခုနှစ်မှာတော့ သွင်းအားစု ကုန်ကျစရိတ် အဆမတန် မြင့်တက်လာတာ၊ အလုပ်သမားခေါ်ယူလို့ မရတဲ့ အခက် အခဲကြောင့် ဆားတောင်သူတချို့ လုပ်ငန်း ရပ်နားထားကြတာပါ။

ဆားတောင်သူတစ်ဦးကတော့ နေလှန်းဆား ထုတ်လုပ်ဖို့ ဆားကွင်းပြင်ဆင်ချိန်မှာ အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် ကုန်ကျစရိတ် ပိုမိုမြင့်တက်လာတယ်လို့ ပြောပါတယ်။

“သိန်း၅၀လောက်နဲ့ အကုန်ခံပြီးလုပ်လိုက်တယ်ဆိုတဲ့ အနေအထားမှာ သိန်း၆၀၊ သိန်း၇၀ စသဖြင့်ကုန်သွားတယ်။ ဒါကတော့ ငွေအားဖြင့်ကုန်တာ။ အချိန်အားဖြင့်ကတော့ ငါးရက်လောက်အထိတော့ အနည်းဆုံး ပေးရတယ်။ လက်ရှိအနေအထားပြန်ရောက်ဖို့ ငါးရက်လောက်နေပြန်လှန်းရတယ်။ ဒီလိုမျိုးရှိတယ်။ တစ်ခါ မိုးထပ်တက်လာရင် တစ်ခါထပ်သွားပြန်ရော။ ရာသီနဲ့လုပ်ရတာ ဒီလို အခက်ခဲရှိတယ်” လို့ ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ နေလှန်ဆားကို ပေါင်၊ သံဖြူဇရပ်နဲ့ ရေးမြို့တို့မှာ အဓိက ထုတ်လုပ်ပြီး နှစ်စဉ် ဆားတန်ချိန် ၄၀၀၀၀ ကျော် ထွက်ရှိခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့နှစ်တုန်းက ဆားကွင်းဖျက်မိုးကြောင့် ဆားတန်ချိန် ၂၀၀၀၀ လောက်သာ၏ ထွက်ရှိခဲ့တာပါ။ ထွက်ရှိလာတဲ့ ဆားတွေကိုတော့ မန္တလေး၊ရန်ကုန် အပါအဝင် တိုင်းနဲ့ပြည်နယ်အသီးသီးကို တင်ပို့ရောင်းချနေတာ ဖြစ်ပါတယ်။

Most read this week

January 6, 2025
အာဏာသိမ်းကာလအတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း EAO တွေရဲ့ ထိန်းချုပ်နယ်မြေနဲ့...
January 3, 2025
တပ်စခန်းတွေနဲ့ စိုးမိုးနယ်မြေတွေ လျော့ကျလာချိန်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး...
January 2, 2025
မွန်ပြည်နယ်မှာ လိုင်စင်မဲ့ယာဉ်တွေကို စစ်ကောင်စီ ပူးပေါင်းအဖွဲ့တွေက စီမံချက်နဲ့ ဖမ်းဆီးပြီးနောက်...
December 23, 2024
မွန်ပြည်နယ်မှာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် စစ်သားစုဆောင်းခံရသူ ၁၇၀၀ ထက်မနည်း...