သျှမ်းပြည် မြောက်ပိုင်း ကျောက်မဲခရိုင် နောင်ပိန်ကျေးရွာ အုပ်စုမှ လောင်းကစားဝိုင်းကို လက်နက်ကိုင် တပ်ဖွဲ့မှ လုံခြုံရေး ယူပေးနေကြောင်း သတင်းသိရသည်။
ပြီးခဲ့သည့် နိုဝင်ဘာလ ၇ ရက်နေ့တွင် ပြုလုပ်သည့် လုပ်ပါဘုရားပွဲကို အကြောင်းပြုပြီး လောင်းကစားဝိုင်းကို လာရောက်ဖွင့်လှစ် ဆော့ကစားကြရာ အရပ်ဝတ်ဖြင့် လက်နက်ကိုင် လူတစ်စုမှ လုံခြုံရေး ယူနေပေးနေကြောင်း ဒေသခံများက ပြောသည်။
လုပ်ပါ ဘုရားပွဲသည် နိုဝင်ဘာ ၇ ရက်မှ စတင်ခဲ့သော်လည်း လောင်းကစားဝိုင်များကို နိုဝင်ဘာ ၄ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး၊ နိုဝင်ဘာ ၁၅ရက်တွင် ဘုရားပွဲပြီး လောင်းကစားဝိုင်းကို နိုဝင်ဘာ ၁၇ ရက်ထိ ဖွင့်ပေးမည် ဟု သိရကြောင်း အမည်မဖော်လိုသည့် ဒေသခံအမျိုးသားတစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။
“ ဘုရားပွဲမစခင်ကတည်းက လောင်းကစားဝိုင်းက လုပ်တယ်။ ဘုရားပွဲပြီးတော့လည်း လောင်းကစားဝိုင်းကမပြီးဘူး။ ဘုရားပွဲကိုအကြောင်းပြုပြီး လောင်းကစားဝိုင်း လုပ်တဲ့သဘောပဲ။ နောက်ပြီး အရပ်ဝတ်နဲ့ လက်နက်ကိုင်တစ်စုကလည်း လုံခြုံရေးယူထားတယ်။ လောင်းကစားဝိုင်းက ၂၀ကျော်ရှိတယ်” ဟု အမည်မဖော် လိုသူ ဒေသခံအမျိုးသား တစ်ဦးက ဆိုသည်။
အဆိုပါ လောင်းကစားဝိုင်းသည် ဒေသအတွင်းမှ ငွေရှင် ဓနရှင်များ၊ စစ်ကောင်စီ လက်အောက်ခံ မြို့နယ် အုပ်ချုပ်ရေးများ ပူးပေါင်းပြီး ဖွင့်လှစ်ခြင်းဖြစ်ပြီး လောင်းကစားဝိုင်းအတွင်း အရပ်ဝတ်ဖြင့် ပစ္စတိုသေနတ် များကိုင်ဆောင်သည့် လူတစ်စုက လုံခြုံရေးယူပေးထားကြောင်းလည်း ဒေသခံများက ဆက်ပြောသည်။
“ပစ္စတိုတွေနဲ့ လူတစ်စုက ပွဲခင်းထဲရော၊ လောင်းကစားဝိုင်းတွေကို လုံခြုံရေးယူပေးတယ်၊ ဒီနယ်တစ်ဝိုက်မှာ လှုပ်ရှားနေတဲ့ SSPP/SSA တပ်ဖွဲ့ဝင်တွေ ဖြစ်တယ်လို့ သိရတယ်” ဟု အသက် ၅၀ ကျော် ဒေသခံ အမျိုးသား တစ်ဦးက သျှမ်းသံတော်ဆင့် ကို ပြောသည်။
အဆိုပါ ကိစ္စဖြစ်စဥ်နှင့် ပတ်သက်ပြီး ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည် တပ်မတော် (SSPP/SSA) ၏ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်မှူးဖုန်းဟန်ကို ဆက်သွယ်မေးမြန်းရာ လောင်းကစားဝိုင်းကို လုံခြုံရေး ယူပေးခြင်းသည် ၎င်းတို့ ပေါ်လစီမဟုတ်ကြောင်း သျှမ်းသံတော်ဆင့်ကိုပြောသည်။
“ကျနော်တို့ လုံခြုံရေး ယူပေးရတဲ့ ပွဲခင်းဆိုရင် လောင်းကစားဝိုင်းတွေကို ပါခွင့်မပေးဘူး၊ ကျနော်တို့ ပိတ်ခိုင်း တယ်၊ လောင်းကစားဝိုင်းတွေကို လုံခြုံရေးယူပေးတယ်ဆိုတာ မဖြစ်နိုင်ဘူး၊ ကျနော်တို့မှာ အဲ့လိုပေါ်လစီလည်း မရှိဘူး၊ ကျနော်တို့ နာမည်ကို ဖျက်ချင်လို့ ပြောဆိုကြတယ်ပဲ ထင်တယ်” ဟုSSPP မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးဖုန်းဟန်က ပြောသည်။
ကျောက်မဲမြို့နယ် နောင်ပိန်ကျေးရွာမှ လုပ်ပါဘုရားပွဲသည် ယမန်နေ့ နိုဝင်ဘာလ ၁၅ ရက်တွင် ပြီးဆုံးသွား သော်လည်း လောင်းကစားဝိုင်းများက နိုဝင်ဘာလ ၁၇ ရက်နေ့ အထိ ဆက်ရှိမည်ဖြစ်နေသည်။
လွန်ခဲ့သည့် ရက်ပိုင်းတွင်လည်း သျှမ်းပြည် မြောက်ပိုင်း မိုင်းယော်တိုက်နယ်အတွင်း အရပ်ဝတ်ဖြင့် လက်နက်ကိုင်တပ်ဖွဲ့က လောင်းကစားဝိုင်းက လုံခြုံရေးယူထားကြောင်း သိရသည်။
ယခင် NLD အစိုးရလက်ထက်က ပွဲလမ်းသဘင်များတွင် လောင်းကစားဝိုင်းများ ဖွင့်ခွင့် မရှိဘဲယခု စစ်ကောင်စီ လက်ထက်တွင် ပွဲတိုင်းနီးပါး လောင်းကစားဝိုင်းများပါရှိပြီး ရဲတပ်ဖွဲ့များက အရေးယူပေးခြင်း မရှိသည့်အပြင် လောင်းကစားဝိုင်းတွင် သက်ဆိုင်ရာ မြို့နယ်ဦးစီးမှူး၊ ရဲတပ်ဖွဲ့များကို လိုင်းကြေးပေးပြီး ဖွင့်လှစ်နေကြောင်း သိရသည်။