မြ၀တီ-ဝေါလေလမ်းပိုင်းရှိ သေ့ဘောဘိုးကျေးရွာဘက်သို့ စစ်ကောင်စီက လက်နက်ကြီး နေ့စဉ်ပစ်ခတ်မှုများ လုပ်ဆောင်နေသည့်အတွက် ထိုင်း-မြန်မာနယ်စပ် ထိုင်းဘက်ခြမ်း ကျေးရွာများဘက်သို့ လက်နက်ကြီးကျည်များကျရောက်နိုင်သည့်အခြေအနေကြောင့် ကျေးရွာနေထိုင်သူများအား နေရာရွှေ့ပြောင်းနေကြရန် ရွာသူကြီးများက အသိပေးထားကြောင်း သိရသည်။
ဖလူးဘုရားကုန်းရှိ စစ်ကောင်စီတပ်များသည် ပြီးခဲ့သည့် နိုဝင်ဘာလ ၇ရက်နေ့မှစတင်ကာ နေ့ညမပြတ် လက်နက်ကြီးပစ်ခတ်မှုများ လုပ်ဆောင်သည့်အတွက် ထိုင်းဘက်ခြမ်း ကျေးရွာများထဲသို့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲနိုင်သောကြောင့် သက်ဆိုင်ရာကျေးရွာသူကြီးများက ယခုလို ပြောင်းရွှေ့ထားရန် အသိပေးထားခြင်းဖြစ်သည်ဟု ရွာသားတစ်ဦးက ပြောသည်။
၎င်းက “ဟိုတနေ့က လေယာဉ်နဲ့ လာပစ်တယ်၊ ဘလယ်ဒိုနဲ့ သေ့ဘောဘိုးရွာထဲကို ကျပေါက်တာတွေရှိတော့ စစ်ရှောင်တွေအခုကသောင်ရင်းမြစ်ကမ်းနားမှာ ပြန်စုနေနေကြတယ်။ ထိုင်းဘက်ကမ်း၊ မော်လီချိုင်းရွာ သူကြီးတွေကလည်း သူတို့ ထိုင်းဘက်ရွာသားတွေကို နေရာရွှေ့နေကြဖို့၊ မြစ်ကမ်းနားပိုင်းရပ်ကွက်တွေ တောင်ယာကုန်းတွေမှာ နေတဲ့သူတွေနေရာရွှေ့နေကြဖို့ ပြောထားတာကြောင့် ဖုတ်ဖရအပိုင်းက ရပ်ကွက်တွေဘက်ရွှေ့နေကြရတယ်။ ”ဟု ကေအိုင်စီသို့ ပြောသည်။
ယခုရက်ပိုင်းအတွင်း စစ်ကောင်တပ်များ အခြေပြုစခန်းချထားသည့် ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော်-DKBA အပစ်ရပ်အဖွဲ့နယ်မြေအတွင်းရှိ ဆုံဆည်းမြိုင် ရွှေသာလျှောင်းဘုရားကုန်း၊ ဘလယ်ဒို၊ မြွေ ၂ ကောင် ဘုရားကုန်းနေရာများမှ စစ်ကြောင်းများက ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်များအား ဝိုင်းပတ်ပိတ်ဆို့တိုက်ခိုက်ရန် ပြင်ဆင်လာသည့် စစ်ရေးတင်းမာမှုအခြေအနေကြောင့် နှစ်ဖက်တိုက်ပွဲများနေ့စဉ် ဖြစ်ပွားနေလျက်ရှိသည်။
ထိုသို့ တိုက်ပွဲဖြစ်ပွားရာတွင် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သည့်လက်နက်ကြီးများ နယ်ကျော်ကျရောက်ပေါက်ကွဲမှုများဖြစ်ပေါ်လာမည်ကို ထိုင်းနိုင်ငံဘက်အခြမ်း ကျေးရွာဒေသခံများ စိုးရိမ်မှုရှိနေကြောင်း မော်လီချိုင်းထိုင်းကျေးရွာနေထိုင်သူတစ်ဦးက ပြောသည်။
“ထိုင်းဘက်ကမ်းကို မတော်တဆကျလာပြီး လူတွေထိအိမ်တွေထိ၊ တောင်ယာတွေ မီးလောင်မှာ မျိုးဖြစ်မှာ ကြောက်လို့ သူကြီးတွေက ပွဲတွေသိပ်ပေးမလုပ်ခိုင်းဘူး။ ရွာက ပွဲလုပ်တာ ရပ်ခိုင်းတယ်၊ ကျည်ကျမှာ စိုးလို့ ကမ်းနားပိုင်းလူတွေ၊ တောင်ယာကုန်းက လူတွေနေရာရွှေ့နေခိုင်းတာကြောင့်အိမ်ပြောင်းနေနေရတယ်”ဟု မော်လီချိုင်းကျေးရွာ နေထိုင်သူက ပြောသည်။
ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေးနေရာများတွင် ဒေသအတွင်း ကျေးရွာ ၂၀ ခန့်မှ ဒေသခံ ပြည်သူစစ်ဘေးရှောင်နေရသူ ၅၀၀၀ ကျော်ခန့်မှာ ဖလူးကျေးရွာအလွန် ပလော့တပို့ (အမိုးပြာစခန်း)၊ ကျောက်ခက်၊ သေ့ဘောဘိုး၊ လောဝေါ်(တောင်နီ)၊ ဝေါလေဒေသအထိ နေရပ်မပြန်နိုင်သေးဘဲ သောင်ရင်းမြစ်ဘေးနေရာများတွင် နေထိုင် စစ်ရှောင်နေရဆဲဖြစ်သည်။
အဆိုပါ စစ်ရှောင်များသည် လက်ရှိတွင် စားသောက်စရာ နေရာထိုင်းခင်းနှင့် သောက်သုံးရေ မလုံလောက်မှုများအကြား ကျန်းမာရေးဆေးကုသခွင့် အခက်အခဲများ ကြုံတွေ့နေကြရဆဲအခြေအနေမှာ ၁ နှစ်နီးပါးကြာမြင့်လာပြီဖြစ်ကြောင်း သိရသည်။