စစ်ကောင်စီက နေကြာ အတင်းအကျပ် စိုက်ခိုင်းနေသဖြင့် ဧရာဝတီတိုင်းအတွင်းက တောင်သူများအခက်တွေ့ နေသည်ဟု ပြောသည်။
ဧရာဝတီတိုင်းတွင် စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းများ နှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများက ဆီ ထွက်သီးနှံ ဖြစ်သည့် နေကြာကို ဖြစ်မနေ စိုက်ကြရန် အတင်းအကျပ်ဖိအားပေး လုပ်ခိုင်းနေခြင်းကြောင့် အခက် တွေ့နေရသည်ဟု ဒေသခံတောင်သူများက ပြောသည်။
သာပေါင်းမြို့နယ်က တောင်သူတစ်ဦး က “နေကြာကို ရေအတက်အကျရှိတဲ့ အနိမ့်ပိုင်း လယ်တွေမှာစိုက်လို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒေသရာသီဥတုကလည်း ဆောင်းမိုးရွာတဲ့ အဖြစ်အပျက်မျိုးတွေရှိနေခဲ့တော့ နေကြာ စိုက်တာကို မစွန့်စားရဲဘူး။ ဒါ့အပြင် နေကြာကို စားတဲ့ မြေကြွက်၊ စာကလေး၊ကြက်တူရွေးတို့ ရန်ကလည်း ရှိ သေးတယ်“ ဟု ပြောသည်။
ဧရာဝတီတိုင်းတွင် အများစုက ဆောင်းသီးနှံအဖြစ် နွေစပါးကို ရေသွင်း စိုက်ပျိုးကြပြီး ရေမြုပ်လျှင်မဖြစ်ထွန်း သော ဆီထွက် သီးနှံ နေကြာကို စပါးအစား စိုက်ပျိုးရန် မဖြစ်နိုင်သည့်အပြင်၊ နေကြာစိုက်ကျွမ်းကျင် လုပ်သား ရှားပါးခြင်း၊ နည်းပညာအခက်အခဲ ရှိနေခြင်း၊ မျိုးစေ့၊ ဓာတ်မြေဩဇာစသည့်သွင်းအားစုတို့ကိုလည်း ဝယ်မသုံး နိုင်သည့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည် ဟု တောင်သူများကပြောသည်။
တောင်သူများကို နေကြာအား သီးညှပ်အနေဖြင့် စိုက်ပျိုးရုံတင်မက သီးသန့်ပါ စိုက်ပျိုးရမည်ဟုစစ်ကောင်စီ၏ စိုက်ပျိုးရေးဌာန နှင့် မြေစာရင်းဌာနတို့က လယ်ဧကအလိုက် နေကြာစိုက်ဧကများကိုစာရင်းပြုစု သတ်မှတ်ကာ စိုက်ခိုင်းနေခြင်း ဖြစ်သည်ဟု ဒေသခံတောင်သူများက ပြောသည်။
နေကြာ မစိုက်သည့် တောင်သူများအနေဖြင့် လယ်မြေပိုင်ဆိုင် လုပ်ကိုင်ခွင့်များ ဆုံးရှုံးသွားနိုင်သည်ဟုစစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတွေ က ခြိမ်းခြောက်မှုများပင် ရှိနေသည်ဟု တောင်သူ အချို့၏ပြောပြချက်အရ သိရသည်။
စပါးစိုက် တောင်သူများက ကုန်ကျစရိတ် နည်းပြီး တစ်ဧက တင်း ၅၀ ဝန်းကျင်ခန့်သာ ထွက်သည့် မိုးစပါး အပြင် သွင်းအားစု ကုန်ကျစရိတ်များသော်လည်း တစ်ဧက တင်း ၁၀၀ ဝန်းကျင်ခန့် ထွက်သည့် နွေစပါး ကို လည်း အားကိုးစိုက်ပျိုးနေရသည့် အတွက် စပါးအစား ဆီထွက်သီးနှံ နေကြာကို အစားထိုး စိုက်ပါက ဆန်စပါး အထွက်နှုန်း ခေါက်ချိုး(ထက်ဝက်ခန့်) လျော့ကျသွားနိုင်သည်ဟု ဒေသအတွင်းရှိ ဆန်စပါး အရောင်းအဝယ်လုပ်သည့် ကုန်သည်များနှင့် လုပ်ငန်းကျွမ်းကျင်သူအချို့များက ဆိုသည်။
ထို့အပြင် ဆောင်းသီးနှံစိုက်သည့် ကိုင်းမြေနှင့် လယ်မြေအချို့မှာ ဈေးကောင်းရသော ငရုတ်၊ ဂျပန်ပဲယင်းနီ၊ ဂျ ပန် ပဲတီစိမ်း၊ ပဲပုပ်၊ မတ်ပဲ တို့ကို စိုက်ပျိုး ပြီးနေသည့် အခြေအနေများကြောင့်လည်း နေကြာကို သီးသန့် စိုက် ပျိုးရန် အချိန်မမှီနိုင်တော့ဘူးဟုလာ်း ဆောင်းသီးနှံ စိုက်သည့် တောင်သူများကပြောသည်။
စိုက်ပျိုးရေးဌာန မှ CDM ဝန်ထမ်း တစ်ဦးက “မင်းအောင်လှိုင် ရဲ့ ပြောစကား အရ ဆီထွက်သီးနှံ အစားထိုး စိုက် ပါဆိုတာထက် သူအုပ်ချုပ်တာ အနေကြာဖို့ နေကြာစိုက်ခိုင်းပြီး ယတြာချေတယ်လို့ တောင်သူတွေက အထင် ရှိနေလို့ နေကြာ မစိုက်ချင်ကြတာလည်း ပါတယ်” ဟု ပြောသည်။
လက်ရှိ အခြေအနေမှာ စိုက်ပျိုးရေးဌာနက နေကြာမျိုးစေ့ တစ်ဧက အတွက် ၂၅၀၀၀ ကျပ် ဖြင့် မဖြစ်မနေ ဝယ် ယူ ခိုင်းနေသော်လည်း ထွက်ရှိလာမည့် နေကြာကို ဝယ်ယူမည့် သတ်မှတ် ကြမ်းခင်းဈေးနှင့် မည်သူက တာဝန်ခံ ပြီး ဝယ်ယူမည်ကိုလည်း အာမခံချက် တစ်စုံတစ်ရာ ပေးခြင်းမျိုး မရှိသေးဘူးဟု ဟင်္သာတမြို့နယ်ထဲ က တောင် သူများ က ပြောသည်။
ဧရာဝတီတိုင်းတွင် မြစ်ရေ အတက်အကျ မြင့်တက်မှု ကြမ်းပြီး မိုးရေ တင်နိုင်သည့် လယ်မြေများ၌ နေကြာ စိုက် ပျိုး၍ မရနိုင်သော်လည်း ကုန်းကျသည့် လယ်မြေနှင့် မြေနုကိုင်းမြေများ ရှိသည့် ဟင်္သာတ၊ ကျုံပျော်၊ ကန်ကြီး ထောင့်၊ ဇလွန်၊ လေးမျက်နှာနှင့် ကျောင်းကုန်းမြို့နယ်တို့တွင် ဆီထွက်သီးနှံ မြေပဲနှင့်အတူ သီးညှပ် အဖြစ် စိုက် ပျိုးခြင်း မျိုးရှိပြီး သီးသန့်စိုက်ခြင်းက နည်းပါးသည်ဟု စိုက်ပျိုးရေးဦးစီးဌာန၏ စာရင်းမှတ်တမ်းများအရ သိရသည်။