လူပုဂ္ဂိုလ် ၁၉ ဦးနှင့် အဖွဲ့အစည်း ၁ ခုအပေါ် ထပ်မံ ပြစ်ဒဏ်ခတ် ပိတ်ဆို့ကြောင်း EU ထုတ်ပြန်

လူပုဂ္ဂိုလ် ၁၉ ဦးနှင့် အဖွဲ့အစည်း ၁ ခုအပေါ် ထပ်မံ ပြစ်ဒဏ်ခတ် ပိတ်ဆို့ကြောင်း EU ထုတ်ပြန်

မြန်မာနိုင်ငံက လူပုဂ္ဂိုလ် ၁၉ဦးနှင့် အဖွဲ့အစည်းတစ်ခုအပေါ် ပြစ်ဒဏ်ခတ် ပိတ်ဆို့မှုများ ထပ်မံ ချမှတ်လိုက်ကြောင်း ဥရောပသမဂ္ဂ EUက ယမန်နေ့ နိုဝင်ဘာလ ၈ရက်နေ့တွင် ထုတ်ပြန်သည်။

စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက်မှုများ မြင့်တက်လာပြီး ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများ ဆက်လက်ဖြစ်ပွားနေခြင်းကြောင့် ပဉ္စမအကြိမ် ပြစ်ဒဏ်ခတ်ပိတ်ဆို့မှုများကို ယနေ့တွင် အတည်ပြုခဲ့ကြောင်း ထုတ်ပြန်သည်။

လူပုဂ္ဂိုလ် ၁၉ ဦးနှင့် အဖွဲ့အစည်းတစ်ခု ပါဝင်သည့် စာရင်းသစ်တွင် စစ်ကောင်စီ၏ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဦးကံဇော်၊ တရားလွှတ်တော်ချုပ် တရားသူကြီးချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်နှင့် တပ်မတော် (လေ)မှ အဆင့်မြင့်အရာရှိများ ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များနှင့် တပ်မတော်နှင့် အနီးကပ်ဆက်နွယ်ပြီး ချိတ်ဆက်ပံ့ပိုး ပေးလျက်ရှိသည့် ပုဂ္ဂလိကကုမ္ပဏီများမှ စီးပွားရေး ကိုယ်စားလှယ်များ ပါဝင်ကြောင်း အဆိုပါ ထုတ်ပြန်ချက်အရ သိရသည်။

ထို့အပြင် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနှင့် တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေရန် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး နိုင်ငံအတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးတို့ကို ခြိမ်းခြောက်သည့် လုပ်ရပ်များ ဆောင်ရွက်လျက်ရှိသည့် စစ်ကောင်စီလည်း အဆိုပါစာရင်းတွင် ပါဝင်ကြောင်း ဖော်ပြထားသည်။

အဆိုပါ ပြစ်ဒဏ်ခတ်ပိတ်ဆို့မှုများသည် လူပုဂ္ဂိုလ် စုစုပေါင်း ၈၄ ဦးနှင့် အဖွဲ့အစည်း ၁၁ ခုအ‌ပေါ် အကျုံးဝင် သက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

စာရင်းသွင်းခံရသူများသည် ပိုင်ဆိုင်မှု ထိန်းချုပ်ခံရခြင်း နှင့် ခရီးသွားလာခွင့် ပိတ်ပင်ခြင်းများ ခံရပြီး ယင်းတို့အား ဥရောပသမဂ္ဂနယ်မြေအတွင်း ဝင်ရောက်ခြင်း သို့မဟုတ် ဖြတ်သန်းခြင်းမှ တားဆီးထားသည့်အပြင် ဥရောပသမဂ္ဂမှ လူပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများသည် ပြစ်ဒဏ်ခတ်ပိတ်ဆို့ရန် စာရင်းသွင်းခံထားရသူများကို ရန်ပုံငွေရရှိစေခြင်းအား တားမြစ်ထားကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဥရောပသမဂ္ဂမှ အခြား ရေးယူဆောင်ရွက်ချက်များဖြစ်သည့် လက်နက်နှင့် စက်ပစ္စည်းများ တင်ပို့ရောင်းချခြင်း တားမြစ်ပိတ်ပင်မှုများနှင့် ပြည်တွင်းဖိနှိပ်မှုအတွက် အသုံးပြုနိုင်သည့် ဆက်သွယ်ရေးဆိုင်ရာ ကိရိယာများ တင်ပို့မှုအပေါ် ကန့်သတ်ချက်များ၊ စစ်ဖက် - အရပ်ဖက် နှစ်သွယ်သုံး ပစ္စည်းနှင့် နည်းပညာများ (dual-use goods) တင်ပို့မှု တားမြစ်ချက်၊ တပ်မတော်နှင့် ပူးပေါင်း၍ စစ်ရေးလေ့ကျင့်မှု တားမြစ်ခြင်းများ အစရှိသည့် ကန့်သတ်ချက်များလည်း ဆက်လက်ရှိနေဦးမည်ဖြစ်ကြောင်း EUက ထုတ်ပြန်သည်။

မြန်မာစစ်တပ်မှ ကျူးလွန်လျက်ရှိသည့် နှိပ်စက်ညှဉ်းပန်းမှု၊ လိင်ပိုင်းဆိုင်ရာနှင့် ကျားမအခြေပြု အကြမ်းဖက်မှုများ၊ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ လူ့အခွင့်အရေး ကာကွယ်စောင့်ရှောက်သူများနှင့် သတင်းသမားများကို ဆက်လက်နှိပ်စက်ညှဉ်းပန်းမှုများ ၊ လူမျိုးရေး၊ ဘာသာရေး လူနည်းစုများအပါအဝင် အရပ်သားများအပေါ် တိုက်ခိုက်မှုများနှင့် ပုဂ္ဂလိကပိုင် ပိုင်ဆိုင်မှုပစ္စည်းများ ဖျက်ဆီးခြင်းအပါအဝင် ပြင်းထန်သော လူ့အခွင့်အရေးချိုးဖောက်မှုများ အားလုံးကို EUက ရှုတ်ချထားသည်။

ဥရောပသမဂ္ဂသည် လက်ရှိအကျပ်အတည်းကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် အာဆီယံ၏ ကြိုးပမ်းဆောင်ရွက်မှုများကို ဆက်လက်ထောက်ခံမည်ဖြစ်ပြီး ဖနွမ်းပင်တွင် ကျင်းပမည့် အာဆီယံထိပ်သီးညီလာခံတွင် စစ်ကောင်စီအပေါ် ထိ‌ရောက်သည့် ဆုံးဖြတ်ချက်များ သဘောတူညီ ချမှတ်နိုင်စေရန် မျှော်လင့်လျက်ရှိကြောင်းလည်း ဆိုထားသည်။

ထို့အပြင် သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် အာဏာသိမ်းပြီးနောက် နိုင်ထက်စီးနင်း ဖမ်းဆီးထိန်းချုပ်ခံထားရသူ အားလုံးတို့ကို ခြွင်းချက်မရှိ အမြန်ဆုံး ပြန်လွှတ်ပေးရန် ထပ်လောင်း တောင်းဆိုထားကြောင်းလည်း ထုတ်ပြန်ခဲ့သည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

October 4, 2024
ထိုင်း- မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးလမ်းမကြီး တခုဖြစ်သည့် အာရှလမ်း ပြန်ဖွင့်နိုင်ရေးအတွက်...
September 19, 2024
မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA) သည် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နှင့်...
September 18, 2024
ထောင်အာဏာပိုင်များနှင့် ထိန်းသိမ်းခံသူများအကြားတွင် သဘောတူညီမှုအချို့ရပြီးနောက် အိန္ဒိယနိုင်ငံ၊...
September 17, 2024
ရှမ်းပြည်နယ်တောင်ပိုင်းရှိ လွိုင်လင်နှင့် တောင်ကြီးခရိုင်တို့တွင်...