ဧရာဝတီတိုင်း အတွင်း ပြည်သူစစ် အဖွဲ့အဖြစ် အသွင်ပြောင်းထားသည့် ပျူစောထီးများကို အနောက်တောင် တိုင်းစစ်ဌာနချုပ် (နတခ) လက်အောက်ခံ ဧရာဝတီတိုင်း စစ်ကောင်စီက တစ်တောင့်ထိုး လုပ်သေနတ်များ ထုတ် ပေးရန်စီစဉ် နေသည်ဟု အုပ်ချုပ်ရေး အဖွဲ့နှင့် နီးစပ်သူများက ပြောသည်။
ထိုအစီအစဉ်ကို ဧရာဝတီတိုင်း အတွင်းရှိ မြို့များ၌ အခြေစိုက်ထားသော အနောက်တောင်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့များက အရာရှိကြီးအချို့၊ ပြည်ခိုင်ဖြိုးပါတီက စည်းရုံးရေးမှူး၏ အချို့ နှင့် မိုက်ကယ် ကျော်မြင့်၏ နှင်းဆီပါတီက စည်းရုံးမှူး အချို့က ပူးပေါင်း စီစဉ်နေခြင်းဖြစ်သည် ဟု ဒေသခံ အုပ်ချုပ်ရေးအဖွဲ့ နှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။
“ကျည်တစ်ထောင့် ထိုး လုပ်သေနတ်တွေ ထုတ်ပေးမယ်။ အိမ်မှာ အမြဲတန်း အပိုင် ပေးမထားဘူး။ လုံခြုံရေး ထွက်တဲ့ အခါမှ အဲ့ဒီ သေနတ်တွေ ထုတ်ပေးမယ် ပြောနေကြတယ်။ G3 တို့ ဘာတို့ ထုတ်ပေးဖို့က တန်ဖိုးကြီး လို့ ထင်ပါတယ်” ဟု ရပ်/ကျေး အုပ်ချုပ်ရေး အဖွဲ့ဝင် တစ်ဦး က ပြောသည်။
အဆိုပါ တစ်တောင့်ထိုး လုပ်သေနတ်များကို စစ်ကောင်စီ၏ စစ်လက်နက်ပစ္စည်း ထုတ်လုပ်သည့်တပ်မှ အငြိမ်း စား ယူထားသည့် စစ်သားဟောင်း အချို့ကို ခေါ်ယူ၍ ဧရာဝတီတိုင်းအတွင်း တစ်နေရာတွင် အလုပ်ရုံတည် ထောင် ပေးကာ အခကြေးငွေဖြင့် သေနတ်ပြောင်းတို၊ ပြောင်းရှည် ၂ မျိုး စလုံးကို ထုတ်လုပ်မည်ဟု ဒေသခံ အုပ်ချုပ် ရေးအဖွဲ့နှင့် နီးစပ်သူများက ပြောသည်။
သို့သော် မည်သည့်နေ့ရက် အချိန်တွင် ထုတ်ပေးသွားမည်ဆိုသည်ကိုမူ အတိအကျ ထုတ်ပြန်ပြောဆိုခြင်းမျိုး မရှိသေးပေ။
စစ်ကောင်စီ၏ ကာကွယ်ရေး ဝန်ကြီးဌာန စစ်လက်နက် ပစ္စည်းစက်ရုံက ထုတ်လုပ်ခြင်း မဟုတ်ဘဲ သီးခြား အစီ အစဉ် အနေဖြင့် ထုတ်လုပ်သည့် ထိုသေနတ် တစ်လက်ချင်းစီ၏ ကျသင့်ငွေကို သေနတ်ကိုင်မည့် ပျူစောထီး အဖွဲ့ ဘက်က တစ်ဝက်၊ ရပ်/ကျေး အုပ်ချုပ်ရေး အဖွဲ့က တစ်ဝက်ကျခံရမှာဖြစ်သည်ဟု မော်လမြိုင်ကျွန်းမြို့ နယ် အတွင်းရှိ ပျူစောထီးများနှင့် နီးစပ်သူအချို့က ပြောသည်။
“အုပ်ကြီးတွေ နဲ့ ပြည်သူစစ် (ပျူစောထီး) ခေါင်းဆောင်တွေ ကတော့ ပြောင်းတိုတွေ ကိုင်ခွင့်ရလိမ့်မယ် အော် တို ပစ္စတို လိုချင်ရင်တော့ နယ်စပ်ကနေ မှာလို့ရမယ်။ တပ်ကထုတ်တဲ့ ပစ္စတိုတော့ မရနိုင်ဘူး” ဒေသခံ သတင်း အရင်းအမြစ် တစ်ဦးက ပြောသည်။
စစ်ကောင်စီ၏ ကာကွယ်ရေး ဝန်ကြီးဌာန(ကပစ)က ထုတ်လုပ်သည့် သေနတ်များမှာ ချေမှုန်းရေးသေနတ်များ ဖြစ်ခြင်း၊ အဆိုပါသေနတ်များကို စစ်ကောင်စီ၏ စစ်တိုင်းအလိုက် တပ်ရင်းတပ်ဖွဲ့များကိုသေနတ်မှတ်ပုံတင် နံပါတ်များ မှတ်တမ်းလုပ်ကာ ထုတ်ပေးထားခြင်း၊ ပျက်စီး ပျောက်ဆုံး စာရင်းအား အထက်ကို အဆင့်ဆင့် တင် ပြရခြင်းတို့ကြောင့် ပျူစောထီးများကို (ကပစ) ထုတ် ချေမှုန်းရေး သေနတ်များ မပေးခြင်း ဖြစ်သည်ဟု အမည် မဖေါ် လိုသည့် အငြိမ်းစား စစ်ဗိုလ်တစ်ဦး က ပြောသည်။
အမည်မဖော်လိုသည့် အငြိမ်းစား စစ်ဗိုလ်က “ဒီလုပ်ကွက်က ရှင်းပါတယ်။ အောက်အခြေက အရာရှိတွေနဲ့ နိုင်ငံ ရေးသမားတွေ သေနတ်လုပ်ရောင်းတဲ့ သဘောပါပဲ။ ပြည်သူ အချင်းချင်း ချကြ ဆိုတာမျိုးပေါ့။ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်တဲ့ နည်းပါ။ တရားဥပဒေ စိုးမိုးရေး၊ ဒေသအေးချမ်းရေးအတွက် အရမ်း အန္တရယ်ကြီးပါတယ်” ဟု ပြောသည်။
စစ်ကောင်စီက ၎င်းတို့ နှင့် သက်ဆိုင်မှု မရှိဘူးဟု ထုတ်ဖေါ် ပြောကြားခဲ့သည့် ပျူစောထီးများကို ၂၀၂၂ ခုနှစ် ဇန္နဝါရီလဆန်းပိုင်းက စတင်ပြီး ပြည်သူ့စစ်အဖွဲ့ အဖြစ်အသွင်ပြောင်းကာ ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ် ၂၆ မြို့နယ်အတွင်းက ကျေးရွာအုပ်စု တစ်စုလျှင် အင်အား ၆၀ နှုန်းဖြင့် ဗြောင်ကျကျ ဖွဲ့စည်းကာ စစ်သင်တန်းများ ပေးခဲ့ပြီးပြီ ဟု ဒေသခံ အုပ်ချုပ်ရေး အဖွဲ့ တာဝန်ရှိသူများ က ပြောသည်။
လက်ရှိ အခြေအနေတွင် ဧရာဝတီတိုင်းအွင်းက မြို့နယ်အချို့ ၌ ပျူစောထီးများကို နှစ်လုံးပြူး အမဲလိုက်ပြောင်း ချော သေနတ်များနှင့် ယခင်က ရဲများနှင့် ပြည်သူ့စစ်များ ကိုင်လေ့ရှိသည့် တစ်တောင့်ထိုးရိုင်ဖယ် သေနတ်များ ကို လုံခြုံရေးထွက်သည့် အချိန်တို့တွင် ထုတ်ပေးလေ့ရှိသည်ဟု ဒေသတွင်းအုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူများက ပြောသည်။