စစ်ကောင်စီက ဒရုန်းဖြင့် တိုက်သဖြင့် နေအိမ်တစ်ဆောင်ပျက်စီး

စစ်ကောင်စီက ဒရုန်းဖြင့် တိုက်သဖြင့် နေအိမ်တစ်ဆောင်ပျက်စီး

မြိတ်ခရိုင် ပုလောတွင် စစ်ကောင်စီတပ်က ဒရုန်းအသုံးပြုပြီး ဗုံးသီး ၆ လုံးဖြင့် တိုက်ခိုက်ရာ နေအိမ်တစ်ဆောင်ပျက်စီး သွားသည်ဟု ဒေသခံများက ပြောသည်။

ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ စခန်းချ လုံခြုံရေးယူပေးထားသည့် မြိတ်ခရိုင်၊ ပုလောမြို့နယ်အတွင်းရှိ ကျောင်းနိမ့်ကျေးရွာကို စစ်ကောင်စီဘက်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့သဖြင့် နေအိမ်တစ်ဆောင် ထိ ခိုက်ပျက်စီးခဲ့ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“ဂျိမ်း ဂျိမ်း ဂျိမ်းဆိုပြီး ပေါက်ကွဲသံတွေကြားရတယ်။ ရွာထဲမှာက အသက်ကြီးပိုင်း တချို့တလေပဲ ရှိတယ်။ ကျန် ရွာသားတွေက အရင် မိုးတွင်းဘက် တိုက်ပွဲတွေ မကြာခဏ ဖြစ်ကတည်းက ရွာမှာမနေရဲတော့ဘဲ ရှောင် ပြေးနေကြရတာ” ဟု အသက် ၅၀ ခန့်အရွယ် ရွာသားတစ်ဦးက ပြောသည်။

ကျောင်းနိမ့်ကျေးရွာကို စစ်ကောင်စီဘက်မှ အောက်တိုဘာ ၃၁ ရက်နေ့ မွန်းလွဲ ၃ နာရီကျော်အချိန်က ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် မြိတ်ခရိုင်တပ်ရင်း-၁ မှ စခန်းချ လုံခြုံရေးယူပေးထားသည့် ကျောင်းနိမ့် ကျေး ရွာကို စစ်တပ်က ဒရုန်းဖြင့်သယ်ဆောင်လာသည့် အီနာဂါ ဗုံးသီး ၆ လုံး ကြဲချကာတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ တိုက်ခိုက်ခံရမှုအတွင်း ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များ နှင့် ရွာသားများ ထိခိုက်မှု တစ်စုံတစ်ရာ မရှိ ခဲ့ဘဲ နေအိမ်တစ်ဆောင်သာ ထိခိုက်ပျက်စီးခဲ့ခြင်း ဖြစ်သည်။

ပြီးခဲ့သည့် အောက်တိုဘာလတုန်းကလည်း စစ်ကောင်စီ၏ ပုလောအခြေစိုက် ခလရ ၂၈၅ တပ်ရင်း ကKNU ထိန်းချုပ် နယ်မြေအတွင်းရှိ ဒူးရင်းပင်ရှောင်ကျေးရွာ KPDF စစ်ဆေးရေးဂိတ်ကို ဒရုန်းဖြင့် နှစ်ကြိမ်တိုက်ခိုက်ခဲ့ သေးသည်။

စစ်ကောင်စီ၏ ဂျက်တိုက်လေယာဉ်များဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို နိုင်ငံတကာနှင့် အာဆီယံ နိုင်ငံများက ကန့်ကွက်ရှုတ်ချမှု ပြုလုပ်လာချိန်တွင် တနင်္သာရီတိုင်း ဒေသကြီးအတွင်းဂျက်တိုက်လေယာဉ်များ အစား ကစလ ထုတ် ဒရုန်းများဖြင့် ဝေဟင်မှ တိုက်ခိုက်မှုများ ပြုလုပ်လာနေခြင်းဖြစ်သည်ဟု ဒေသခံ ပြည်သူ့ ကာကွယ်ရေးအဖွဲ့များက ပြောသည်။

ပုလောဒေသအတွင်း စစ်ကောင်စီတပ်ဖွဲ့၏ ယာဉ်တန်းများ မကြာခဏ မိုင်းဆွဲ တိုက်ခိုက်ခံရခြင်းများနှင့် နယ်မြေ ရှင်းလင်းရန် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ဖွဲ့များနှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များအကြား နှစ်ဘက် ထိတွေ့တိုက်ပွဲများကြောင့် ဒေသခံများမှာကျေးရွာများမှ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ထိုသို့ အိုးအိမ်စွန့်ခွာထွက်ပြေး တိမ်းရှောင်နေကြရသဖြင့် အလုပ်လက်မဲ့များဖြစ်ကာ စားဝတ်နေရေးနှင့် ဆေးဝါး အခက်အခဲများ ရှိနေကြသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်ဖွဲ့က KNU ထိန်းချုပ်နယ်မြေအတွင်းရှိ နန်းတောင်၊ ကျောင်းနိမ့်၊ မှော်မိ၊ ဂျင့်ဂါ၊ ဆားခဲ၊သင်္ကန်း ပင်ရှောင်၊ ဒူးရင်းပင်ရှောင် စသည့် ကျေးရွာများကို ဆန်နှင့် အခြားစားနပ်ရိက္ခာများ သယ်ယူခွင့်ကိုလည်း ပိတ်ပင် ဖြတ်တောက်ထားသည်မှာ လအတန်ကြာရှိနေပြီဖြစ်သည်။

ယခုလက်ရှိတွင် ပုလောဒေသအတွင်း စစ်ကောင်စီဘက်က ထိုးစစ်ဆင်မှုများ ခေတ္တရပ်နားထားပြီး စစ်ရေး ပြင် ဆင်မှုများ ပြုလုပ်လျက်ရှိနေကာ လာမည့်ပွင့်လင်းရာသီအတွင်း အင်အား အများအပြားဖြင့်နယ်မြေရှင်းလင်းရန် စစ်ဆင်ရေး ပြုလုပ်လာနိုင်ခြင်းကြောင့် ပြည်သူများ ဂရုတစိုက် သွားလာနေထိုင်ကြရန် နှင့် စစ်ရေး သတိရှိကြရန် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များက မေတ္တာရပ်ခံချက် ထုတ်ပြန်ထားသည်။

Most read this week

January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...
January 11, 2025
မွန်ပြည်နယ်အတွင်း စစ်ကောင်စီသည် ၂၀၂၄ ခုနှစ်၌ လေကြောင်းအသုံးပြုတိုက်ခိုက်မှု အကြိမ်ရေ ၄၂ ကြိမ်...