ဧရာဝတီတိုင်း၊ ပုသိမ်-မော်တင် ကားလမ်းဘေး နေထိုင်သူများသည် PDF များအား ထောက်ပံ့နေသည်ဆိုသည့် စွပ်စွဲချက်ဖြင့် စားသောက်ကုန်များ အပိုမထားရန် စစ်ကောင်စီက တားမြစ်ထားသည်ဟု ဒေသခံများက ပြော သည်။
ပုသိမ်-မော်တင် ကားလမ်းဘေးက ကျေးရွာငယ်များနှင့် သစ်တောများ အတွင်းရှိ ရွာငယ်လေးများတွင် နေထိုင် သည့် အိမ်ထောင်စုများအား ဆန်နှင့် စားသောက်ကုန်များ အပိုအလျှံမထားရန် စစ်ကောင်စီတပ်က တား မြစ် ထားခြင်း ဖြစ်သည်။
“ရွာသားတွေက PDF တွေကို ဆန်နဲ့ ရိက္ခာ ပေးနေတာသိတယ်။ လာဝယ်လည်း မရောင်းရဘူး။ ပေးလည်း မပေး ရဘူး။ အပိုအလျှံတွေ့ရင် သိမ်းပစ်မယ် အရေးယူမယ်လို့ စစ်ဗိုလ်ကပြောတယ်” ဟု ဒေသခံ တစ်ဦးက ပြော သည်။
အောက်တိုဘာ တတိယပတ်မှ စတင်ပြီး ပုသိမ်-မော်တင်တင် ကားလမ်းဘေးတစ်လျှောက်ရှိ ရခိုင်ရိုးမ တော တောင်များ အတွင်း နယ်မြေ စိုးမိုးရေးအတွက် စစ်ကြောင်းထိုးနေသည့် စစ်ကောင်စီတပ်က တားမြစ်လိုက်ခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောသည်။
အိမ်တစ်အိမ်လျှင် တစ်ပတ်စာအတွက် ဆန် ၇ ပြည် ထက်ပိုမထားရန်၊ အသင့်စား၍ရသည့် ယမ်ယမ်၊ မာမီး ခေါက်ဆွဲခြောက်၊ ကြာဆံခြောက်၊ ကိတ်ခြောက်၊ ဘီစကစ်နှင့် အခြားသော စားသောက်ကုန်များကို အပိုအလျှံ စုဆောင်း မထားရဘူး ဟု ဒေသခံတစ်ဦးက ပြောသည်။
ပုသိမ်-မော်တင် ကားလမ်းမကြီးဘေးရှိ ကုန်စုံဆိုင်များကိုလည်း မသင်္ကာဖွယ် လူစိမ်းများ စျေးလာဝယ်ပါက အနီးဆုံး စစ်တပ်၊ ရဲစခန်းနှင့် အုပ်ချုပ်ရေး အဖွဲ့ဝင်များထံ အကြောင်းကြားရန် အမိန့်ထုတ်ထားသည် ဟု ဒေသခံ အုပ်ချုပ်ရေး အဖွဲ့နှင့် နီးစပ်သူများ၏ ပြောပြချက်အရ သိရသည်။
ထို့အပြင် စစ်ကောင်စီ ပုသိမ်-မော်တင်ကားလမ်းတလျှောက်ပြင် တောတောင်များထဲတွင်ပင် စစ်ကောင်စီ သတင်းပေးဒလန်များကို လွှတ်ထားပြီး ဒေသခံပြည်သူများကို အနီးကပ် စောင့်ကြည့်စေခြင်းများလည်း လုပ် ဆောင်ထားသည်ဟု ဒေသခံများက ပြောသည်။
ပုသိမ်-မော်တင် ကားလမ်းဘေးရှိ ငရုတ်ကောင်း ဒေသခံတစ်ဦးက “တောထဲကို သစ်ခုတ်၊ ဝါးခုတ်၊ မီးသွေးဖုတ် ဟင်းစား ရှာဟန်ဆောင်တဲ့ ဒေသခံ ဒလန်တွေကိုလည်း လွှတ်ထားပါသေးတယ်” ဟု ပြောသည်။
စစ်ကောင်စီတပ် နှင့် ပျူစောထီးများပါဝင်သည့် အင်အား ၆၀ ခန့်စီ ရှိသည့် တပ်ဖွဲ့ ၂ဖွဲ့ က ပုသိမ်- မော်တင် ကား လမ်းဘေး တစ်ဖက်တစ်ချက်ရှိ ရခိုင်ရိုးမ တောတောင်များအတွင်း PDF နှင့် ရက္ခိုင့်တပ်တော် AA အဖွဲ့ဝင်များ ရောက်ရှိနေသည်ဆိုသည့် သတင်းအရ စစ်ကြောင်းထိုးနေခြင်း ဖြစ်သည် ဟု အုပ်ချုပ်ရေးအဖွဲ့ နှင့် နီးစပ်သူများ က ပြောသည်။
ယင်းဒေသအတွင်း စစ်ကြောင်းထိုးသည့် စစ်ကောင်စီတပ်များက ပြီးခဲ့သည့် အောက်တိုဘာလ ၁၀ ရက်နေ့က ပုသိမ်-မော်တင် ကားလမ်းဘေး ဆင်မှုံ၊ ပိုးလောင်းဒေသ နှင့် အောက်တိုဘာလ ၂၁ ရက်နေ့ကငရုတ်ကောင်း- သဲ ဖြူ သစ်တောများအတွင်းက ဒေသခံ အချို့ကို PDF များနှင့် ဆက်သွယ်သည် ဟုစွပ်စွဲကာ စစ်တပ်က နှိပ်စက် စစ် ဆေးခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။
ဒေသခံတစ်ဦး က “အမှန်တကယ် သစ်ခုတ်၊ ဝါးခုတ် မီးသွေးဖုတ် လုပ်ငန်းလုပ်ကိုင်နေကြတဲ့ သူတွေ ရိုက်စစ်ခံရ တာ။ စစ်တပ်က ရွာတွေထဲ ဝင်လာရင် ရိုက်မယ် သတ်မယ် ပစ်လိုက်မယ် တကဲကဲလုပ်ကြတာ” ဟု ပြောသည်။
ဧရာ၀တီတိုင်းက ရခိုင်ရိုးမ နှင့် ထိစပ်နေသည့် ကြံခင်း၊ ရေကြည်၊ ငသိုင်းချောင်း၊ လေးမျက်နှာ၊ သာပေါင်း၊ ပုသိမ်၊ ချောင်းသာ၊ ငွေဆောင်၊ ငပုတော၊ ငရုတ်ကောင်း၊ ဟိုင်းကြီးကျွန်း၊ မော်တင် စသည့် ဒေသများအတွင်းရှိ တောတောင်များထဲ စစ်ကောင်စီတပ်များက မကြာခဏ စစ်ကြောင်းထိုးလေ့ ရှိသည်ဟု ဒေသတွင်း သတင်း အရင်းအမြစ်များက ဆိုသည်။