ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့ရှိ စာသင်ကျောင်းဆောင်တွေကို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ PDF တွေက မီးရှို့သွားတယ်ဆိုတဲ့ သတင်းအမှားတစ်ခုကို သူရ သီဟ မိုးကြိုး ဆိုတဲ့ Facebook အကောင့်ပိုင်ရှင် က အောက်တိုဘာလ ၁၆ ရက်နေ့ က တင်ထားပါတယ်။
အဆောက်အဦတွေ မီးလောင်နေတဲ့ ဓာတ်ပုံတွေကို အသုံးပြုပြီး သူရ သီဟ မိုးကြိုး ဆိုသူက “အဲ့လို အောက် တန်းကျရလောက်အောင် ချီးစားပဒတ်တွေ Oct 15 ယမန်နေ့ ညပိုင်းက ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့ရှိ စာသင်ကျောင်းဆောင်များ ကို အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးခဲ့ကြောင်းသိရ” ဆိုပြီး (မူရင်းအရေး အသားအတိုင်း) ရေးသားထားပါတယ်။
ပဒတ်ဆိုတာကတော့ စစ်ကောင်စီထောက်ခံသူတွေနဲ့ သတင်းအမှား ဖြန့်ဝေသူတွေက ပြည်သူ့ ကာကွယ်ရေးတပ် PDF တွေကို ခေါ်ဆိုတဲ့ အသုံးအနှုန်းပဲ ဖြစ်ပါတယ်။
အဆိုပါ ရေးသားမှုဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အထက (အင်္ဂပူ) စာသင် ကျောင်းဆောင် မီးလောင်တာ မှန်ပေမယ့် PDF တွေက ကျောင်းဆောင်ကို မီးရှို့သွားတာ မဟုတ်ပဲ ဝါယာရှော့ပြီး မီးလောင်တာဖြစ်တယ်လို့ စစ်ကောင်စီလက်အောက်ခံ မီးသတ်ဦးစီးဌာန က ထုတ်ပြန်ထားလို့ပဲ ဖြစ်ပါတယ်။
စစ်ကောင်စီ လက်အောက်ခံ မီးသတ်ဦးစီးဌာနက ထုတ်ပြန်ထားတဲ့ ထုတ်ပြန်ချက် ဒီမှာ https://bit.ly/3ShXYJQ ဝင်ကြည့်လို့ရပါတယ်။
ဒါ့အပြင် Mizzima သတင်းဌာနက စစ်ကောင်စီ လက်အောက်ခံ ဧရာဝတီတိုင်း မီးသတ်ဦးစီးဌာန ရုံးက တာဝန်ရှိ သူ တစ်ဦးကို မေးမြန်းပြီး ရေးသားထားတဲ့ သတင်းထဲမှာဆိုရင် စာသင်ခန်းထဲမှာရှိတဲ့ ဟောင်းနေတဲ့ ဝါယာကြိုး တွေ ပူးပြီး ဝါယာရှော့ဖြစ်ရာကနေ မီးစတင် လောင်ကျွမ်းခဲ့တာ ဖြစ်တယ်လို့ ပြောဆိုထားတာကို တွေ့ရပါ တယ်။
ဒေသခံတွေကတော့ အဆောင်တွေ အများကြီးကို တစ်ပြိုင်နက်တည်း မီးလောင်တဲ့အတွက် ရှို့မီးလို့ သုံး သပ် ပြောဆိုကြပေမယ့် ဘယ်သူဘယ်ဝါက ရှို့သွားတယ်ဆိုတာမျိုးကိုတော့ ပြောဆိုထားတာ မတွေ့ရပါဘူး။
Mizzima သတင်းဌာနက ဒေသခံတွေနဲ့ စစ်ကောင်စီ လက်အောက်ခံ ဧရာဝတီတိုင်း မီးသတ်ဦးစီးဌာန ရုံးက တာ ဝန်ရှိသူ တစ်ဦးကို မေးမြန်းပြီး ရေးသားထားတဲ့ သတင်းကို ဒီမှာ https://bit.ly/3CPAtlG ဝင်ကြည့်လို့ ရသလို သတင်းနှင့် မီဒီယာကွန်ရက် - NMG က ရေးသားထားတဲ့ သတင်းကိုလည်း ဒီမှာ https://bit.ly/3TrZF8u ဝင် ကြည့်လို့ ရပါတယ်။
ဒါကြောင့် အချက်အလက်တွေကို တိုက်ကြည့်လိုက်တဲ့အခါမှာ သူရ သီဟ မိုးကြိုး ဆိုတဲ့ Facebook အကောင့် ပိုင်ရှင်က PDF တွေကို လူထုတွေအထင်အမြင်မှားအောင် ဝါဒဖြန့်ဖို့အတွက် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံဖန်တီး ရေးသားထားတဲ့ သတင်းအမှားပဲ ဖြစ်ပါတယ်။
လက်ရှိကာလမှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေက အထူးသဖြင့် PDF၊ CRPH၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တဲ့ သတင်း အမှားတွေ၊ တိုက်ပွဲ သတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ စစ်ကောင်စီ ခေါင်းဆောင်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေ အပြင် လူမျိုး တစ်မျိုးနဲ့တစ်မျိုး အဖွဲ့အစည်း တစ်ခုနဲ့ တစ်ခုကြား ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်း အမှားတွေကို ရည်ရွယ်ချက်ရှိရှိ ရေးတင်နေ ကြ ပါတယ်။
သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာပါ။
ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံ အမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တစ်ဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေဖို့ လိုပါတယ်။