ပအိုဝ်းအမျိုးသား ဖက်ဒရယ်ကောင်စီ (PNFC)နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၏ ပညာရေး ဝန်ကြီး ဌာန (MOE) တို့မှ ပူးပေါင်းဖွင့်လှစ်သည့် ကြားကာလ အခြေခံပညာ အခမဲ့ အွန်လိုင်း (Online) စာသင် ကျောင်း တွင် နည်းပညာပိုင်း လုံခြုံမှုရှိစေရန် တင်းကျပ်စွာ စီစစ်ဆောင်ရွက်ထားကြောင်း တာဝန်ရှိသူများက ပြောသည်။
စာသင်ကြားရာတွင် အွန်လိုင်းလုံခြုံရေး ကျိုးပေါက်မှု မရှိစေရေးအတွက် ဆရာ/ဆရာမများနှင့် ကျောင်းသူ/သား တို့၏ အမည်ရင်းများ၊ ကိုယ်ရေးကိုယ်တာ အချက်အလက်များအား အသုံးပြုမည် မဟုတ်ပဲ ကုတ်နံပါတ်များ ဖြင့်သာ အဆင့်ဆင့် ဆောင်ရွက်ထားကြောင်း ထိုကျောင်းမှ တာဝန်ရှိသူများက ပြောသည်။
ကျောင်းတာဝန်ခံ တစ်ဦး က “ကျောင်းအပ်တဲ့ ၉၀% ကတော့ Page တစ်ဆင့်လာကြတာပေါ့။ သူတို့ Chat Box ကနေ ကျောင်းလာအပ်မယ် ပြောတာနဲ့ ကျနော်တို့က Google Form တွေ ပို့ပေးတယ်။ ဒီဖောင်ကို ကျ နော်တို့ IT ဝန်ထမ်းတစ်ယောက်က လက်ခံပေးတယ်။ သူကနေပြီးတော့ ကျောင်းသူ/သားတွေကို ကုတ်နံပါတ် တွေ ထုတ်ပေးတယ်။ ကျနော်တို့ တောင်းဆိုထားတာကလည်း နာမည်ကို နာမည်ဝှက်တွေ စိတ်ကြိုက် ဖြည့်လို့ရ တယ်ပေါ့။ အဓိက လိုအပ်တာက Grade ဘယ်လောက်မှာ ဘယ်ဘာသာရပ်ကို တက်မလဲပေါ့။ ဒါတွေပေါ် မူ တည်ပြီး ကုတ်နံပါတ်ထုတ်တာပေါ့နော်” ဟု ပြောသည်။
ထို့နောက်တွင် တယ်လီဂရမ် (Telegram) ဖုန်းနံပါတ်များမှ တစ်ဆင့် IT ပညာရှင်များက ဆက်သွယ်၍ PNFC ကျောင်းမှ ကျောင်းသူ/သားများ ဖြစ်ကြောင်းနှင့် ဆရာ/မ ဖြစ်ကြောင်း အသိမှတ်ပြု စာတစ်စောင်ထုတ်ပေးပြီးမှ သာ Telegram Group ထဲသို့ ထည့်ပေးထားသည်ဟု သိရသည်။
PNFC စာသင်ကျောင်းအနေဖြင့် ပြီးခဲ့သည့် ဇူလိုင်လအတွင်း ဖမ်းဆီးခံရသည့် Kaung For You ဖက်ဒရယ် ကျောင်းကဲ့သို့ ထပ်မဖြစ်စေရန် ယခုကဲသို့ အဆင့်ဆင့် လုံခြုံရေး တင်းကျပ်ထားရခြင်း ဖြစ်သည်ဟု တာဝန်ရှိ သူ များက ပြောသည်။
အဆိုပါကျောင်းမှ တာဝန်ခံ အမျိုးသားတစ်ဦးက “တယ်လီဂရမ် Group ထဲကို ရောက်သွားရင် Zoom ဝင်တဲ့ အချိန်မှာ လိုက်နာရမယ့် စည်းကမ်းချက်တွေကို Orientation ပေးတယ်။ စည်းကမ်းချက်တွေကို မလိုက်နာ ရင် Zoom ရဲ့ Host ကနေ ဆရာ/မတွေက ထုတ်လိုက်လို့ရတယ်ပေါ့။ ကုတ်နံပါတ်မသိရင်လည်း ဝင်လာလို့ မရသလို ကုတ် ၂ ခုဖြစ်နေရင်လည်း ဒီရဲ့ ကျောင်းသား/ဆရာ မဟုတ်ဘူးဆိုပြီးတော့ ကျနော်တို့ ထုတ်လိုက်လို့ ရတယ်ပေါ့။ လူတစ်ယောက်က Zoom ထဲဝင်လာလိုက်တာနဲ့ တခြားသူက ဘယ်သူဆိုတာ သူသိမှာ မဟုတ်သလို သူဘယ်သူဆိုတာလည်း တခြားလူက သိမှာမဟုတ်ပဲ စာသင်ခန်းထဲမှာ စာသင်လို့ရသွားမယ်ပေါ့လေ” ဟု ဆက် ပြောသည်။
(PNFC)နှင့် (NUG)၏ ပညာရေး ဝန်ကြီး ဌာန (MOE) တို့မှ ပူးပေါင်းဖွင့်လှစ်သည့် ကြားကာလ အခြေခံပညာ အခမဲ့ အွန်လိုင်း (Online) စာသင်ကျောင်းမှာ အောက်တိုဘာလ ၁၄ ရက်နေ့ကတည်းက CDM ဆရာ/ဆရာမ အင်အား ၁၇ ဦးဖြင့် အထက်တန်း GRADE 10 (စနစ်သစ်)နှင့် GRADE 11 (စနစ်ဟောင်း) တို့ကို သင်ကြားပေး လျက်ရှိသည်ဟု တာဝန်ခံများက ပြောသည်။
သို့သော် လက်ရှိတွင် ဆရာ/ဆရာမအင်အား မလုံလောက်သည့် အနေအထားများကြောင့် မူလတန်းနှင့် အထက် တန်းတို့ကို မဖွင့်နိုင်သေးဘူးဟု ပြောသည်။
စာသင်ကြားပေးနေသည့် CDM ဆရာ/ဆရာမများမှာလည်း လစာအနေဖြင့် မရရှိကြပဲ တစ်လလျှင် ကျပ် ၅၀,၀၀၀ သာ ကျောင်းမှ ထောက်ပံ့ပေးထားနိုင်သည်ဟု တာဝန်ခံများက ပြောသည်။
လက်ရှိတွင် အဆိုပါ အွန်လိုင်းကျောင်းမှာ ဖွင့်ပြီဟု ဆိုသော်လည်း ကျောင်းသူ/သားများ အနေဖြင့် အင်တာနက် အခက်အခဲ၊ Zoom နည်းပညာ အခက်အခဲများကြောင့် ရာနှုန်းပြည့် တက်ရောက်နိုင်ခြင်း မရှိသေးပဲ Grade 11 တွင် ၃၅ ဦးနှင့် Grade 10 တွင် ၂၀ ဦးခန့်သာ တက် ရောက်နိုင်သေးသည်ဟုလည်း ပြောသည်။
PNFC ကြားကာလ အခြေခံပညာ အခမဲ့ အွန်လိုင်း (Online) စာသင်ကျောင်းမှာ ပအိုဝ်းတိုင်းရင်းသားများ အတွက် သီးသန့် ဖွင့်လှစ်ပေးထားသည့် အမျိုးသားကျောင်း မဟုတ်ပဲ NUG မှ ဖွင့်သည့်ကျောင်းများ၊ ဖက်ဒရယ် ကျောင်းများ၊ စစ်ကောင်စီမှ ဖွင့်နေသော ကျောင်းများကဲ့သို့ တိုင်းရင်းသားများ အားလုံးတက်ရောက်နိုင်မည် ဟု သိရသည်။
ထို့အပြင် ၎င်းတို့ ကျောင်းအနေဖြင့် NUG မှ စစ်ဆေးသော စာမေးပွဲများတွင် ဝင်ရောက်ဖြေဆိုသွားရမည် ဖြစ် ပြီး အောင်မြင်သွားသည့် ကျောင်းသူ/သားများကိုလည်း NUG မှ စီစဉ်ပေးသည့် အဆင့်မြင့် ပညာရပ်များအား ဆက်လက် တက်ရောက်နိုင်ရန် ကူညီပေးသွားမည်ဟု တာဝန်ရှိသူများက ပြောသည်။