ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်အတွင်းက ဘူးတောင်းနဲ့ မြလယ်ကျေးရွာကြားက ဧရာဝတီမြစ်လယ်ခေါင်မှာ ရွှေတူးဖော်နေကြတဲ့ ရွှေကျင်စက်လှေ (၅၀၀) နီးပါးရှိပြီး ပြီးခဲ့တဲ့ (၃) ရက်လောက်ကနေ ခေတ္တ ရပ်နား ထားကြတယ်လို့ သိရပါတယ်။
အောက်တိုဘာလ (၁၃) ရက်နေ့က မန္တလေးကနေ လက်နက်ခဲယမ်းနဲ့ ရိက္ခာတွေတင်ဆောင်လာတဲ့ စစ်ကောင်စီရဲ့ သင်္ဘော (၆) စီး ဗန်းမော်ဘက်ကို ဆန်တက်လာတာဖြစ်လို့ စစ်ကောင်စီဘက်က ခေတ္တ ရပ်နားထားခိုင်းတာဖြစ်တယ်လို့ မြလယ်ကျေးရွာ ဒေသခံတစ်ဦးက ပြောပါတယ်။
အဲဒီဒေသမှာ ရွှေကျင်စက်လှေနဲ့ ရွှေတူးဖော်မှုတွေ များလာတဲ့နောက် မြလယ်ကျေးရွာ မြစ်ကမ်းအနီးမှာ ဈေးဆိုင်ခန်းတွေ နဲ့ လောင်းကစားဝိုင်းတွေပါ ဖွင့်ထားကြပြီး လက်ရှိချိန်မှာတော့ အဲဒီဆိုင်တွေပါ ခေတ္တ ပိတ်ထားရတာဖြစ်တယ်လို့လည်းဆိုပါတယ်။
“အကုန်လုံးက ဆုတ်ခိုင်းထားတယ်။ လောင်းကစားတွေရော ဘာမှမရှိတော့ဘူး ။ ဒီလမ်းနံဘေးက ဈေးဆိုင်တွေရော အခု အကုန်လုံး နားထားတာပေါ့။ သူတို့အဲဒီ စစ်သင်္ဘောပြန်ဆင်းတဲ့ အခါကျမှ ပြန်စမယ့် ပုံစံရှိတယ်။” လို့ ဒေသခံက ပြောပါတယ်။
ဒါ့အပြင် စစ်ကောင်စီရဲ့ သင်္ဘောတွေ လာမယ်ဆိုတဲ့အတွက်ကြောင့် ပြောင်းရွှေ့သွားကြတာ ဖြစ်တယ်လို့လည်း နောက်ထပ်ဒေသခံ တစ်ဦးကပြောပါတယ်။
“ခါတိုင်းဆို ငါးရာကျော်လောက် ရှိတယ်ဗျ။ ဒါ့ပေမယ့်လည်း အခုက တစ်ချို့လည်း စုန်တဲ့သူက စုန်ကုန်ကြပြီ။ ရှိတဲ့သူလည်း ရှိတယ်။ ဒီမှာဆို လောင်းကစားတွေရော လေးကောင်ဂျင်တွေရော ခြောက်ကောင်တွေရော အစုံပေါ့။ မြလယ်ကမ်းစပ်နားမှာ ဆီတွေလာပို့တဲ့ ဆီသင်္ဘောတွေလည်းရှိတယ်လေ။ အဲဒီမှာတွေ ဖွင့်ထားတာ။” လို့ ဒေသခံက ဆိုပါတယ်။
လက်ရှိအချိန် စက်ကြီးတွေနဲ့ တူးဖော်တာတွေ မရှိပေမယ့် မြစ်ကမ်းဘေးတွေမှာတော့ စက်အသေးတွေနဲ့ တူးဖော်နေကြတာတွေ ရှိနေသေးတယ်လို့လည်း သိရပါတယ်။
အဲဒီစက်လှေတွေဟာ မြလယ်၊ဝက်သိုးနဲ့ ဘူးတောင်းကျေးရွာကြားက ဧရာဝတီမြစ်လယ်ခေါင်မှာ စက်တင်ဘာလအစောပိုင်းက စတင်လာရောက် တူးဖော်ချိန်မှာ အစီး ဆယ်ဂဏန်းဝန်းကျင် လောက်သာ ရှိခဲ့ရာကနေ လပိုင်းအတွင်း ငါးရာနီးပါးအထိ ရှိလာတာဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။