ပေါင်မြို့နယ်မှာ လူငယ် ၂၀ ထက်မနည်း ဖမ်းဆီးစစ်သားစုဆောင်းခံရ

ပေါင်မြို့နယ်မှာ လူငယ် ၂၀ ထက်မနည်း ဖမ်းဆီးစစ်သားစုဆောင်းခံရ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်မှာ စစ်ကောင်စီရဲ့ စစ်မှုထမ်း အပတ်စဉ် ၇ အတွက် ဒေသတွင်းရှိ လူငယ် ၂၀ ထက်မနည်း အတင်းအဓမ္မ ဖမ်းဆီးစစ်သားစုဆောင်းခံထားရတယ်လို့ ဒေသခံတွေအပါအဝင် စစ်ကောင်စီနဲ့ နီးစပ်သူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ပူးပေါင်းအဖွဲ့တွေဟာ အခုရက်ပိုင်းအတွင်း စစ်မှုထမ်းသင်တန်းအတွက် ဒေသခံလူငယ်တွေကို ညအချိန်တွေမှာ အတင်းအဓမ္မ ဖမ်းဆီးခေါ်ဆောင်တာ၊ ပွဲလမ်းသဘင်တွေမှာလည်း ဝင်ရောက်ဖမ်းဆီးတာတွေ ရှိနေပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ဖမ်းဆီးခံရသူတွေဟာ ညပိုင်းအချိန်မှာ အပြင်ထွက်သွားလာသူတွေ၊ အရက်သေစာ သောက်စားထားသူတွေနဲ့ မူးယစ်ဆေးဝါး သုံးစွဲတွေကို အဓိက ပစ်မှတ်ထားဖမ်းဆီးနေတယ်လို့ သိရပါတယ်။

ဒေသခံလူငယ်တစ်ဦးကတော့ လူငယ်တွေဟာ ပြည်တွင်းစစ်မှာ စစ်မှုထမ်းဖို့မွေးဖွားလာတာမဟုတ်တဲ့အတွက် အတင်းအကျပ်ဖမ်းဆီးပြီး စစ်သားစုဆောင်းနေတဲ့အပေါ် လက်ခံနိုင်စရာ မရှိဘူးလို့ ဝေဖန်ပါတယ်။

“လူငယ်ဆိုတာ ဒီပြည်တွင်းစစ်မှာ စစ်မှုထမ်းဖို့ မွေးဖွားလာတာမဟုတ်ဘူးလေ။ သူ့အနာဂါတ် သူ့မှာ သူ့စိတ်ကူးယဉ် ထားတာတွေရှိမယ်။ သူ့မိသားစုအတွက် သူရုန်းကန်ရမယ့်ကိစ္စတွေ ရှိတယ်။ သူ့ကိုသူတည်ဆောက်ရမယ့်ကိစ္စတွေ ရှိတာပေါ့။ အဲဒီလို မမျှော်မှန်းနိုင်တဲ့ အခုလို ပြဿနာကြားထဲမှာ လူငယ်တွေက ဘလိုင်းကြီးနဲ့ ဒီဟာကြီးကိုဝင်ပြီးတော့ ထမ်းပေးရမယ်ဆိုရင်တော့ လူငယ်တစ်ယောက်အနေနဲ့ ဘာမှ လက်ခံနိုင်စရာအကြောင်းမရှိဘူး။ အတင်းအကျပ် စုဆောင်းလာမယ်ဆိုရင်တော့ ဒီဟာကိုတော့ ဆန့်ကျင်ရတော့မယ်။ သို့မဟုတ် တားဆီးနိုင်တဲ့ အစုအဖွဲ့ကြီးတစ်ခုကိုတော့ ဖန်တီးရမှာပေါ့” လို့ ဆိုပါတယ်။

သံလွင်တိုင်းမ်ရဲ့ စုံစမ်းမေးမြန်းမှုတွေအရ ဖမ်းဆီးခံရတဲ့ လူငယ်တွေဟာ အသက် ၁၈ နှစ်အရွယ်ကနေ အသက် ၄၀ အရွယ်တွေအထိ ပါဝင်ပြီး အများစုဟာ ရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ကြုံရာကျပန်း လုပ်ကိုင်သူတွေ ဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီက လူငယ်တွေကို အတင်းအကျပ် စစ်မှုထမ်းဖို့ စစ်သားစုဆောင်းလာတဲ့အတွက် လူငယ်တွေအနေနဲ့ အသွားအလာ အထူးသတိထားကြဖို့နဲ့ စစ်သားစုဆောင်းခံရပါကလည်း ပြန်ထွက်နိုင်အောင် ကြိုတင်ပြင်ဆင်ထားဖို့ တော်လှန်ရေးအင်အားစုတာဝန်ရှိသူတွေက တိုက်တွန်းထားတာပါ။

အရင်ကဒေသတွင်းမှာ စစ်မှုထမ်းသင်တန်းတက်ရောက်ဖို့အတွက် ရွှေ့ပြောင်းလုပ်သားတွေကို လူစားထိုးအငှားခေါ်ဆောင်လို့ ရခဲ့ပေမယ့် နောက်ပိုင်းမှာ စစ်မှုထမ်းသင်တန်းတက်ပြီး ရှေ့တန်းပို့ ဆောင်ခံရတာကြောင့် အငှားလိုက်သူတွေ မရှိသလောက် နည်းပါးလာတာပါ။

စစ်မှုထမ်း သင်တန်းတက်ရောက်ဖို့ အငှားလိုက်သူ နည်းပါးလာတဲ့အတွက် စစ်ကောင်စီဟာ နည်းလမ်းအမျိုးမျိုးအသုံးပြုပြီး ဒေသတွင်းက လူငယ်တွေကို မရမက အတင်းအဓမ္မဖမ်းဆီးခေါ်ဆောင်တာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

တဖက်မှာတော့ စစ်ကောင်စီဟာ စစ်အင်အား လိုအပ်ချက်ကြောင့် စစ်မှုထမ်းဖို့အတွက် ပျက်ကွက်သူတွေကို ဒီလထဲမှာပဲ အရေးယူမှုတွေ စတင်လုပ်ဆောင်နေပြီးဖြစ်တယ်လို့ စစ်ကောင်စီနဲ့ နီးစပ်သူတွေက ပြောပြပါတယ်။

မွန်ပြည်နယ်မှာ စစ်ကောင်စီက ပြည်သူ့စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ ကနေ အပတ်စဉ် ၆ အထိ သင်တန်းဖွင့်လှစ်ထားပြီး အဲဒီထဲမှာ စစ်သားစုဆောင်းခံရသူ ၁၄၀၀ ထက်မနည်း ရှိနေပါတယ်။

ဓာတ်ပုံ-SAC Telegram

Most read this week

December 23, 2024
မွန်ပြည်နယ်မှာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်မှုထမ်းဥပဒေကြောင့် စစ်သားစုဆောင်းခံရသူ ၁၇၀၀ ထက်မနည်း...
December 21, 2024
မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်က ဒေသခံ ၈ ဦးကို ဖမ်းဆီးပြီး စစ်ကောင်စီက ငွေညှစ်နေတယ်လို့ ဒေသခံတွေက...
December 19, 2024
မွန်ပြည်နယ်ရှိ အကျဉ်းထောင်တွေမှာ ပြစ်ဒဏ်ကျခံနေရတဲ့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ အချက်အလက်တွေကို...
December 18, 2024
စစ်အာဏာရှင်စနစ် ဆန့်ကျင်သူတွေရဲ့ ဘုံရန်သူ စစ်ကောင်စီတပ်ဟာ စစ်ရေးအကြပ် ဆိုက်လာချိန်တိုင်း...