ပူတာအိုခရိုင်၊ အင်လွယ်ယန်ကျေးရွာတစ်လျှာက် ရွှေတူးဖော်ခြင်းနှင့်ပတ်သက်ပြီး ငွေကြေးဖြင့် ညှိနှိုင်းပေးမည်ဖြစ်ကြောင်း ပြောဆိုလာဟုဆို

ပူတာအိုခရိုင်၊ အင်လွယ်ယန်ကျေးရွာတစ်လျှာက် ရွှေတူးဖော်ခြင်းနှင့်ပတ်သက်ပြီး ငွေကြေးဖြင့် ညှိနှိုင်းပေးမည်ဖြစ်ကြောင်း ပြောဆိုလာဟုဆို

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ အင်လွယ်ယန်ကျေးရွာ တစ်လျှောက်က စိုက်ပျိုးမြေတွေပေါ် ရွှေတူးဖော်နေတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရွှေတူးဖော်နေတဲ့ သူဌေးတွေကနေ ဒေသခံပြည်သူတွေကို ငွေကြေးနဲ့ ညှိနှိုင်းဖြေရှင်းဖို့ ပြောဆိုလာတယ်လို့ သိရပါတယ်။

ဒေသခံပြည်သူတွေ အနေနဲ့ ပြည်သူတွေရဲ့ စိုက်ပျိုးမြေပေါ် ရွှေတူးဖော်တာတွေ ရပ်ပေးဖို့၊ ရေလမ်းကြောင်းလွှဲမယ့် အန္တရာယ်ကို ကာကွယ်ဖို့ စတဲ့ အချက်တွေ ပါဝင်တဲ့ တောင်းဆိုစာကို လက်ရှိ စစ်ကောင်စီခန့် ကချင်ပြည်နယ် ဝန်ကြီးချုပ်အပြင် သယံဇာတဝန်ကြီးနဲ့ မြို့နယ် အဆင့်ဆင့်ဆီကို မေလ(၂၈)ရက်နေ့က ပေးပို့ခဲ့တာပါ။

အမည်မသိ လုပ်ငန်းရှင်အချို့ကနေ ၂၀၂၁ ခုနှစ် အောက်တိုဘာလကနေ ရွာအတွင်း စက်ယန္တရားကြီးတွေ လာရောက် ချထားပြီးနောက် နိုဝင်ဘာလကနေ ရွှေတူးဖော်မှုလုပ်ငန်းတွေ စတင်ခဲ့ပြီး လက်ရှိအချိန်အထိ တူးဖော်နေဆဲ ဖြစ်ပါတယ်။

ဒေသခံတွေ စာတင်ပြီးတဲ့နောက် ခေတ္တရပ်နားသွားတာမျိုး ရှိပေမယ့် ပြန်လည် တူးဖော်လာနေတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဒေသခံပြည်သူတွေအနေနဲ့ ရွှေတူးဖော်နေတဲ့ သူတွေဆီ ရပ်နားပေးဖို့ သွားရောက် ပြောဆိုတဲ့အချိန်မှာ ရွာအတွင်း လိုအပ်တဲ့ နေရာတွေမှာ သုံးဖို့ ကျပ်သိန်း(၂၀၀)ပေးမယ့်အပြင် အိမ်ထောင်စုတိုင်းကိုလည်း ကျသင့်တဲ့ ငွေကြေး ပေးဆောင်သွားမှာ ဖြစ်တဲ့အကြောင်း ပြောဆိုလိုက်တယ်လို့ အင်လွယ်ယန်ကျေးရွာ ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနား သတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“ကျွန်တော်တို့က ပိုက်ဆံလိုတာ မဟုတ်ဘူး။ မြေပဲ လိုချင်တာ။ ပိုက်ဆံဆိုတာ အရေးမကြီးဘူး။ နယ်မြေဆိုတာ ခေတ်အဆက်ဆက် လုပ်စားလို့ ရမယ့် အရာဖြစ်တယ်။ အဲဒီ ပိုက်ဆံနဲ့ မြေကို မလဲနိုင်ဘူးလို့ ပြောလိုက်တယ်” လို့ သူက ဆိုပါတယ်။

အဲဒီကိစ္စနဲ့ ပတ်သက်ပြီး အင်လွယ်ယန်ကျေးရွာက လူကြီးတွေနဲ့ ဒေသခံပြည်သူတွေ စုပေါင်း လက်မှတ်ရေးထိုးပြီး သက်သေ ဓာတ်ပုံတွေနဲ့တကွ ဝန်ကြီးချုပ်နဲ့ ပူတာအိုမြို့နယ်က သက်ဆိုင်ရာ ဌာနအသီးသီးကို ဖြေရှင်းဆောင်ရွက်ပေးဖို့ အောက်တိုဘာလ ဒုတိယအပတ်လောက်က ဒုတိယအကြိမ် စာ ထပ်မံ ပေးပို့ထားတယ်လို့ အထက်ပါ ဒေသခံပြည်သူက ဆက်လက် ပြောပါတယ်။

ရွှေတူးဖော်နေကြတဲ့ သူတွေဟာ လက်ရှိအချိန်ထိ ရပ်နားသွားတာမျိုးမရှိဘဲ ဆက်လက်တူးဖော်နေကြဆဲ ဖြစ်တယ်လို့လည်း နောက်ထပ် ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ သိရပါတယ်။

“အရမ်းတူးနေကြတယ်။ ဒေသခံတွေ အရမ်းပြောရင်လည်း တူးနေကြတုန်းပဲ။ ထွေအုပ်ရုံးမှာလည်း စာပြန် တင်ထားပြီ။ ရွှေတူးတဲ့ သူတွေကကျတော့ ဆက်တူးနေတုန်းပဲ” လို့ သူက ပြောပါတယ်။

အင်လွယ်ယန်ကျေးရွာမှာ အိမ်ခြေ (၁၀၀)ကျော်လောက်ရှိပြီး အဲဒီထဲကမှ တချို့ဟာ မြေယာတွေ ရောင်းပေးလိုက်ပြီလို့လည်း သိရပါတယ်။

ပထမအကြိမ် စာတင်ပြီးတဲ့နောက် ရွှေတူးဖော်တဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ပူတာအိုမြို့နယ်အတွင်းက အုပ်ချုပ်ရေးမှူးရုံးကနေ မြေပြင်အထိ သွားရောက်ဖို့ လုံခြုံရေးအရ သွားလာရခက်ခဲတာကြောင့် သက်သေဓာတ်ပုံနဲ့ တကွ ပြန်လည်တင်သွင်းဖို့ ပြောဆိုလာခဲ့လို့ ဒုတိယအကြိမ် တင်သွင်းစာ ပြန်လည်ပေးပို့ ထားတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ရွှေတူးဖော်မှုနဲ့ ပတ်သက်ပြီး ကာကွယ်ဖြေရှင်းဖို့ ဒေသခံပြည်သူတွေကို သေချာ စိစစ်မေးမြန်းပြီး မြေပြင်အခြေအနေမှန်ကို ပြန်လည်တင်ပြဖို့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့ကို ညွှန်ကြားထားတာတွေ ရှိတယ်လို့ လက်ရှိစစ်ကောင်စီခန့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က မြစ်ကြီးနားသတင်းဂျာနယ်ရဲ့ ဆက်သွယ်မေးမြန်းချိန်က ဖြေကြားခဲ့ဖူးပါတယ်။

ဒါ့အပြင် ပူတာအိုမြို့နယ်အတွင်းက လန်းတောင်အုပ်စုမှာ ပါဝင်တဲ့ ကချင်လူမျိုးတစ်ခုလုံးနဲ့ ဆိုင်တဲ့ သမိုင်းအမွေအနှစ် နေရာဖြစ်တဲ့ အင်ဒွမ်လတက်ပ်(N-DUM LATEP) ပတ်ဝန်းကျင်နေရာတွေမှာလည်း ရွှေတူးနေတာနဲ့ ပတ်သက်ပြီး ကန့်ကွက်ကြောင်း အင်အားပြမှုကို ကချင်ရိုးရာနဲ့ စာပေယဉ်ကျေးမှုအဖွဲ့(ပူတာအို )ကနေ ဦးဆောင်ပြီး ပြုလုပ်နေတာတွေလည်း ရှိပါတယ်။

ဓါတ်ပုံ- ပုံဟောင်းအသုံးပြုထားပါသည်။

Most read this week

November 25, 2024
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) သိမ်းပိုက်ထားတဲ့ တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီမြို့က...
တံတားဖြတ်သန်းရန် ပြည်သူများစောင့်ဆိုင်းနေကြစဉ်။
November 21, 2024
ကန်ပိုက်တီမြို့ကို မနေ့(နိုဝင်လာ ၂၀ ) ရက်နေ့က KIA ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ပြီးနောက် ဒီကနေ့...
November 18, 2024
လမ်းခရီးခက်ခဲမှုကြောင့် ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့မှာ ဆန်တစ်အိတ်ကို...
November 14, 2024
ဝိုင်းမော်ပင်မဓာတ်အားခွဲရုံ မြေနေရာအဖြစ် အသုံးပြုဖို့အတွက် မြေဧက ၁၀၀ ကျော်ကို သိမ်းယူဖို့...