နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေးအဖြစ် မစ်ရှင်ပေါင်း ၂၀၀ ကျော် ဆောင်ရွက်ထားနိုင်ပြီး စစ်ကောင်စီဘက်မှ ၂၀၀ ကျော် သေဆုံး

နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေးအဖြစ် မစ်ရှင်ပေါင်း ၂၀၀ ကျော် ဆောင်ရွက်ထားနိုင်ပြီး စစ်ကောင်စီဘက်မှ ၂၀၀ ကျော် သေဆုံး

နန်းထိုက်အောင် မြို့ပြစစ်ဆင်ရေးအဖြစ် ဧပြီလ ၈ ရက်မှ စတင်ကာ ယနေ့ အောက်တိုဘာလ ၈ရက်အထိ ခြောက်လတာ ကာလအတွင်း မစ်ရှင်ပေါင်း ၂၂၀ကျော် ဆောင်ရွက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၂၂၇ ဦးသေဆုံးခဲ့ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ တောင်ပိုင်းတိုင်း စစ်ဒေသ ကွပ်ကဲရေးအဖွဲ့၏ စစ်ဆင်ရေးဌာန တာဝန်ရှိသူထံက သိရသည်။

နန်းထိုက်အောင်မြို့ပြစစ်ဆင်ရေးသည် ခြောက်လတာ ကာလအတွင်း တနင်္သာရီတိုင်း၊ မွန်ပြည်နယ်၊ ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း တို့ရှိ စစ်ဒေသခွဲကွပ်ကဲရေး အဖွဲ့များက ဦးဆောင်ကာ PDF ၊ ပကဖ ၊ STF ၊ SOF ၊ မြို့ပြပြောက်ကျားအဖွဲ့များနှင့် UG အဖွဲ့များက စစ်ရေးပစ်မှတ် ၁၇၃ ကြိမ် ၊ အုပ်ချုပ်ရေးပစ်မှတ် ၃၆ ကြိမ် နှင့် စီးပွားရေးပစ်မှတ် ရှစ်ကြိမ်အထိ တိုက်ခိုက်ဆောင်ရွက်နိုင်ခဲ့ကြောင်းသိရသည်။

“ကျွန်တော်တို့က သတင်းလုံခြုံရေးကို အထူးအလေးထားပြီး ဆောင်ရွက်ပါတယ်။ တစ်ချို့ မစ်ရှင်တွေကို သတင်းထုတ်ပြန်မှု တစ်စုံတစ်ရာမလုပ်ပါဘူး။ ရန်သူဘက်က ထိခိုက် သေဆုံးတွေရှိသလို ကျွန်တော်တို့ မြို့ပြတော်လှန်ရေးရဲဘော်တွေ ဘက်မှာလည်း ထိခိုက်ကျဆုံးတာ၊ ဖမ်းဆီးထိန်းသိမ်းခံရတာတွေရှိပါတယ်။ ဒါဟာ တော်လှန်ရေးဖြစ်လို့ ဒီလောက်တော့ ရှိမှာပါပဲ။ နန်းထိုက်အောင်စစ်ဆင်ရေးဟာ ပျံလွှားအောင်စစ်ဆင်ရေး တုန်းကလို လူထုကိုပိုပြီး စိတ်ဝင်စားမှု မပေးနိုင်ခဲ့တာဟာ ကျွန်တော်တို့ ရဲဘော်တွေရဲ့ လုံခြုံရေးနဲ့ အဓိက ပြောက်ကျားစစ်မဟာဗျူဟာကို ယခင်ကထက်ပိုပြီး ပိပိရိရိ လုပ်ကိုင်ဆောင်ရွက်နိုင်ဖို့ရည်ရွယ်ထားလို့ဖြစ်ပါတယ်။ မီဒီယာပေါ်ကနေ ဝုန်းဒိုင်းကြဲပြီး ဘယ်နေရာမှာ ဘာလုပ်လိုက်ပြီ။ ဘယ်လို တိုက်ခိုက်လိုက်ပြီဆိုတာတွေကို ကျွန်တော်တို့ အတတ်နိုင်ဆုံး သတိထားပြီး ကိုင်တွယ်ပါတယ်။ တောင်ပိုင်းစစ်ဒေသနယ်မြေတွေ ဖြစ်တဲ့ တနင်္သာရီလို ၊ မွန်လို ၊ ပဲခူးလိုနေရာတွေမှာက တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့တွေရှိနေတဲ့ အတွက် လုပ်ကိုင်ရတာ ပုံစံတစ်မျိုးဖြစ်ပါတယ်။ ဧရာဝတီလို၊ ရန်ကုန်လို နေရာဟာ တိုင်းရင်းသား အဖွဲ့အစည်းတွေမရှိတဲ့အတွက် လုပ်ပုံကိုင်ပုံ တစ်မျိုးဖြစ်ပါတယ်" ဟု တောင်ပိုင်းတိုင်းစစ်ဒေသကွပ်ကဲရေးအဖွဲ့၊ စစ်ဆင်ရေးဌာန တာဝန်ရှိသူက ပြောသည်။

နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် ခြောက်လအတွင်း ရန်ကုန်တိုင်းတွင် မစ်ရှင် ၁၃၇ကြိမ် ပြုလုပ်ခဲ့ပြီး စစ်ကောင်စီတပ်သား ၁၄၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ၁၂၅ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

ထို့အပြင် ပဲခူးတိုင်းတွင် မစ်ရှင် ၁၂ ကြိမ်ပြုလုပ်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်ဒဏ်ရာ ရှစ်ဦးနှင့် သေဆုံးသူ ကိုးဦး၊ ဧရာဝတီတိုင်းတွင် မစ်ရှင် ၁၄ကြိမ်ပြုလုပ်ခဲ့ပြီး ထိခိုက်ဒဏ်ရာရ ၁၃ဦးနှင့် သေဆုံးသူ ခြောက်ဦး၊ တနင်္သာရီတိုင်းတွင် မစ်ရှင် ၂၄ကြိမ် ပြုလုပ်ခဲ့ပြီး ထိခိုက်ဒဏ်ရာ ၄၈ ဦးနှင့် သေဆုံးသူ ၅၅ ဦး၊ မွန်ပြည်နယ်တွင် မစ်ရှင် ၃၃ကြိမ်ပြုလုပ်ခဲ့ပြီး ထိခိုက်ဒဏ်ရာ ၁၄ ဦးနှင့် သေဆုံး ၃၁ဦး အထိရှိခဲ့သည်ဟု စစ်ဆင်ရေးဌာန တာဝန်ရှိသူက ဆိုသည်။

ထိုသို့ သေဆုံးထိခိုက်သူများတွင် စစ်ကောင်စီတပ်သား၊ ရဲနှင့် ဒေါက်တိုင်၊ ပျူစောထီးများ ပါဝင်သည်။ စုစုပေါင်း ၂၂၇ ဦးသေဆုံးပြီး ၂၀၀ ကျော်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

ထို့အပြင် NUG၏ တစ်နှစ်တာစီမံချက်အတွင်း မြို့ပြတော်လှန်ရေးအဖွဲ့များ စနစ်တကျ လိုက်ပါဆောင်ရွက်နိုင်ဖို့ ပြင်ဆင်လျက်ရှိသည်။ ထို့ကြောင့် နန်းထိုက်အောင် မြို့ပြ စစ်ဆင်ရေးကို တစ်နေ့ထက်တစ်နေ့ပို၍ အရှိန်မြှင့်တင်ဆောင်ရွက်သွားရန် မြို့ပြတာဝန်ရှိသူများ အားလုံးသဘောတူထားပြီးဖြစ်သည်။ ထို့ကြောင့် လိုအပ်သည့် ပံ့ပိုးကူညီမှုများ၊ ထောက်ပို့မှုများကို ကာကွယ်ရေးဝန်ကြီးဌာန(MOD) ဘက်ကနေ၍ အချိန်နှင့်တစ်ပြေးညီ အမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးနိုင်ရန် တင်ပြထားပြီးဖြစ်ကြောင်းလည်း သိရသည်။

" တစ်နှစ်အတွင်း တော်လှန်ရေးအဖြေထွက်နိုင်ဖို့ဆိုရင် ကျွန်တော်တို့ချည်းပဲမရပါဘူး။ ကျွန်တော်တို့နဲ့အတူ ပြည်သူတစ်ရပ်လုံး ပူးပေါင်းပါဝင်ပေးဖို့က အရေးကြီး ဆုံးဖြစ်ပါတယ်။ မြို့ပြလှုပ်ရှားမှုတွေထဲမှာ ပြည်သူရဲ့ ပါဝင်မှု၊ ကူညီမှု၊ ထောက်ပံ့မှုဟာ အခရာကျပါတယ်။ တော်လှန်ရေးကာလ နှစ်နှစ်ပြည့်ခါနီးပြီမို့ ရလာတဲ့ သင်ခန်းစာတွေကို အကောင်းဆုံးအသုံးချပြီး ရှေ့ဆက်ရမယ့် အပြီးသတ်တော်လှန်ရေးပန်းတိုင်ကို ကျွန်တော်တို့ ပြတ်ပြတ်သားသား ချီတက်ကြရပါတော့မယ်” ဟု စစ်ဆင်ရေးဌာန တာဝန်ရှိသူက ပြောသည်။

ထို့ပြင် နန်းထိုက်အောင် စစ်ဆင်ရေးသည် မြို့ပြ စစ်ဆင်ရေးဖြစ်သောကြောင့် သတိလက်လွတ်၍ မရဘဲ အသက်နှင့်ဘဝများ ရင်း၍ လုပ်ကိုင်ရခြင်း ဖြစ်ကြောင်း သိရသည်။

“နန်းထိုက်အောင်ဟာ မြို့ပြ စစ်ဆင်ရေးဖြစ်သည့်အတွက် ကျေးလက်စစ်ဆင်ရေးများလို မဟုတ်ပါဘူး။ အထူးသဖြင့် ရန်ကုန်လို့ မြို့ကြီးတွေမှာ လုပ်ကိုင်ဆောင်ရွက်ရတာဟာ ပိုပြီး ခက်ခဲပါတယ်။ အပြောလွယ် သလောက် လက်တွေ့ လိုက်ပါဆောင်ရွက်ရတဲ့အခါ အသက်တွေ ဘဝတွေနှင့် ရင်းပြီး လုပ်နေရတာမို့ တစ်ချက်ကလေးမှ သတိလက်လွတ် ဖြစ်လို့ မရပါဘူး။ ဒါကြောင့် မြို့ပြဟာ ပြောက်ကျားစစ်မဟာဗျူဟာနဲ့ အညီ အမှည့်ခြွေ စစ်ဆင်ရေး၊ အလစ်အငိုက်စစ်ဆင်ရေးတွေကို အားပြုရပါတယ်။ နေရာအနှံ့မှာ ရှိနေတဲ့ မြို့ပြပြောက်ကျား ရဲဘော်တွေဟာ အမြဲတန်း အသင့်အနေအထားမှာ ရှိနေပြီး NUG / MOD ၏ ညွှန်ကြားချက်အတိုင်း ခုခံတော်လှန်စစ်ကနေ တိုက်စစ်ကို အရှိန်မြှင့်တဲ့အခါ ကျေးလက်- မြို့ပြ တစ်သားတည်းဖြစ်နေအောင် ပြင်ဆင်ဆောင်ရွက်ထားပါတယ်။ ကိုင်းဖျားကိုင်းနားတွေကို ချိုင်ရမှာဖြစ်သလို ပင်စည်ကိုပါ ခုတ်လှဲနိုင်အောင် ကျွန်တော်တို့ အချိန်ယူပြင်ဆင်ထားတာတွေရှိပါတယ်" ဟု စစ်ဆင်ရေးဌာန တာဝန်ရှိသူက ဆိုသည်။

ထို့ပြင် ပြည်သူ့ဘက်တွင် မရပ်တည်သည့် မည်ကဲ့သို့ပုဂ္ဂိုလ်မျိုးမဆို နန်းထိုက်အောင်မှ အကြမ်းဖက်စစ်ကောင်စီဒေါက်တိုင်များအဖြစ် သတ်မှတ်သွားမည်ဖြစ်သည်။ ပြည်သူ့ တော်လှန်ရေးမုချ အောင်ပွဲခံရမည်ဆိုသည့် စိတ်ကိုမွေးမြူ၍ အဆုံးထိ တိုက်သွား ကြမည်ဖြစ်ကာ မကြာခင် ကာလတွင် တော်လှန်ရေးအောင်ပွဲ ဆင်နွှဲကြရတော့မည်ဟု ယုံကြည်ထားကြောင်း စစ်ဆင်ရေးဌာန တာဝန်ရှိသူက ဆိုသည်။

စာတည်း။ ။မောင်ကောင်း

စာမူတည်းဖြတ်။ ။ သန့်ဇော်(သန်လျင်)

Most read this week

“ဝ” မြို့တော် ပန်ဆန်း၌ ၂၀၁၉ ခုနှစ်က ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားတွင် တွေ့ရသည့် UWSA “ဝ” တပ်ဖွဲ့ဝင်များ  (ဓာတ်ပုံ- AFP)
November 26, 2024
“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ တပ်စခန်း ကိုးခုကို ဖယ်ရှားရန် ထိုင်းဘက်က...
ကရင်နီပြည်ရဲမှ ကျန်းမာရေးဝန်ဆောင်မှုပေးနေစဉ် (ပုံဟောင်း)
November 25, 2024
ကရင်နီဒေသအတွင်းရှိ ကိုယ်ဝန်ဆောင် ၃,၀၀၀ ဝန်းကျင်ခန့်သည် မီးဖွားနိုင်မှုအခက်အခဲနှင့်...
အာဏာသိမ်းပြီးနောက် ဒုတိယအကြိမ် ပြန်လည်ဖွဲ့စည်းသည့် သတင်းမီဒီယာကောင်စီအတွင်းရေးမှူး ဦးအေးချမ်း
November 23, 2024
စစ်ကောင်စီလက်ထက် သတင်းမီဒီယာကောင်စီကို ဒုတိယအကြိမ်မြောက် ပြောင်းလဲဖွဲ့စည်းလိုက်ရာတွင်လည်း...
ဓါတ်ပုံ- စစ်ကောင်စီ
November 22, 2024
ရန်ကုန်တိုင်း၊ မှော်ဘီမြို့နယ်ရှိ မြဝတီအသံလွှင့်ဌာနရုံးနှင့် တောင်ဥက္ကလာပမြို့နယ်ရှိ...