လေကြောင်းတိုက်ခိုက်မှုကြောင့် ရက္ခိုင့်တပ်တော်ထိန်းသိမ်းထားသော စစ်ကောင်စီ သုံ့ပန်းများ ထိခိုက်သေဆုံး

လေကြောင်းတိုက်ခိုက်မှုကြောင့် ရက္ခိုင့်တပ်တော်ထိန်းသိမ်းထားသော စစ်ကောင်စီ သုံ့ပန်းများ ထိခိုက်သေဆုံး

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ရက္ခိုင့်တပ်တော် ULA/AA က ဖမ်းဆီးထိန်းသိမ်းထားသည့် စစ်ကောင်စီတပ်သားများ ထိခိုက်သေဆုံး ဒဏ်ရာရရှိမှုများရှိသည်ဟု ULA/AA က ပြောသည်။

စက်တင်ဘာလ ၂၃ ရက်နေ့က စစ်ကောင်စီတပ်၏ လေကြောင်း တိုက်ခိုက်မှုကြောင့် မောင်တောမြို့နယ်အတွင်းရှိ လက်ပံတောင်ကြော ပေါ်တွင်ရှိသည့် ရက္ခိုင့်တပ်တော် ULA/AA ၏ အကျဉ်းထောင် (၂) ခုကို ထိမှန်ကာ ၎င်း အကျဉ်းထောင်ရှိ စစ်ကောင်စီတပ်သား၊ နယ်ခြားစောင့် တပ်ဖွဲ့ဝင်နှင့် အခြားသော အကျဉ်းသားအချို့ သေဆုံး ဒဏ်ရာရရှိခဲ့သည်ဟု ULA/AA က စက်တင်ဘာလ ၂၈ ရက်နေ့ ညက ထုတ်ပြန် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် စစ်သုံ့ပန်းတစ်ဦးဖြစ်သူ တပ် ကြပ်အောင်အောင်က “၂၃ ရက် ၉ လ ၂၀၂၂ ည ၁၁ နာရီထိုးမှာ ကျနော်တို့ကို AA တပ်တွေက ထိန်းသိမ်းထားတဲ့ စခန်းတစ်နေရာကို မြန်မာ့တပ်မတော်ကနေပြီး ဂျက်ဖိုက်တာ ၃ စီးနဲ့ လာရောက်ပြီးဗုံးကြဲတဲ့ အတွက်ကြောင့် ကျနော်တို့ အခုလို ဒဏ်ရာ ရတာပါခင်ဗျာ။ အဲဒီနေ့က ဆိုလို့ရှိရင်လည်း တပ်သား စိုးကျော်ကျော် ဆိုလို့ရှိရင် ဗိုက်ပွင့်ပြီးတော့ အူတွေထွက်ပြီး ချက်ချင်းပွဲချင်းပြီး သေဆုံးသွားတာပါခင်ဗျာ။ ဒီကြားထဲ တစ်ရက် နှစ်ရက်မှာ လည်း ဆေးကုသမှု အခက်အခဲလေးတွေ နည်းနည်းရှိတဲ့အတွက်ကြောင့် ဆေးမလိုက်နိုင်တဲ့အတွက် ရဲဘော်တွေ ထပ်ပြီး သေဆုံးတာတွေ ရှိပါတယ်ခင်ဗျာ” ဟု ရက္ခိုင့်တပ်တော် ULA/AA က ထုတ်ပြန်ထားသည့် ရုပ်သံထဲ တွင် ပြောဆိုထားသည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုကြောင့် ဒဏ်ရာရရှိခဲ့သည့် နယ်ခြားစောင့် ရဲအချို့နှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ကို ရက္ခိုင့်တပ်တော် AA က ဆေးဝါးကုသမှု ပေးထားသော်လည်း ဆေးဝါး အခက်အခဲကြောင့် အချို့မှာ အသက် သေဆုံးသွားပြီး အချို့မှာ ဂျက်တိုက်လေယာဉ် ဗုံးထိမှန်၍ ရရှိထားသော ပြင်းထန်ဒဏ်ရာများကြောင့် ဆက် လက် အသက်ရှင်ရန် မျှော်လင့်ချက် နည်းနေသေးသည်ဟု ULA/AA က ဆိုသည်။

ပြင်းထန်စွာ ဒဏ်ရာ ရရှိထားသည့် စစ်ကောင်တပ်ဖွဲ့ဝင်များ ဆေးဝါးကုသနိုင်ရန်နှင့် အသက်ရှင်သန်ရေးကို ရှေ့ ရှု့ ပြီး သက်ဆိုင်ရာ မိခင်အဖွဲ့ အဖွဲ့အစည်းဖြစ်သည့် စစ်ကောင်စီ တာဝန်ရှိသူများမှ ထိခိုက်ဒဏ်ရာ ရရှိသူများကို လာယူရန် အကြောင်းကြားထားသော်လည်း ၅ ရက်ကြာသည့် အထိ တစ်စုံတစ်ရာ ဆက်သွယ် ပြောဆိုလာခြင်း မျိုး မရှိဘူးဟု ULA/AA ၏ ထုတ်ပြန်ချက်ထဲတွင် ပါရှိသည်။

စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ဒဏ်ရာ ရရှိခဲ့သည့် စစ်အကျဉ်းသား တစ်ဦးဖြစ်သူ တပ်သား မြင့်ဆွေက စစ်ကောင်စီ တာဝန်ရှိသူများအနေဖြင့် ၎င်းတို့ကို ဆေးဝါးကုသခွင့်ပေးရန် တောင်းဆို သည်။

တပ်သားမြင့်ဆွေက “ရက္ခိုင့်တပ်တော် AA ကတောင်မှ ကျနော်တို့ကို လူသားချင်းစာနာပြီးတော့ ကမ်းလှမ်းခဲ့ တာပါ အဲဒါကို မြန်မာ့ တပ်မတော်ဖက်က ကျနော်တို့ကို ဘာဖြစ်လို့ လက်မခံရတာလဲ ခင်ဗျာ။ ကျနော်တို့ဆို မြန်မာ့တပ်မတော်ထဲမှာ နှစ်ပေါင်း ၁၅ နှစ်လောက် တာဝန်ကျေပွန်စွာ ထမ်းဆောင်ခဲ့တာတောင်မှ မငှဲ့ပဲနဲ့ ကျ နော်တို့ကို တာဝန်ယူမှု တာဝန်ခံမှု မရှိတဲ့အတွက်ကြောင့် ကျနော်တို့ကို ဆေးကုသခွင့်ပေးပါလို့ ကျနော်တို့ တောင်းဆိုချင်ပါတယ်ခင်ဗျာ” ဟု ရက္ခိုင့်တပ်တော် ULA/AA က ထုတ်ပြန်ထားသည့် ရုပ်သံထဲတွင် ပြောဆို ထားသည်။

မြန်မာ့တပ်မတော်သားများ အနေဖြင့် အသက်စွန့်၍ တာဝန်ထမ်းဆောင် ခဲ့ကြပါသော်လည်း ဒဏ်ရာရ လျက် အသက် အန္တရာယ်နှင့် ရင်ဆိုင်ကြုံတွေ့ နေရသည့် အချိန်တွင် မိခင်အဖွဲ့အစည်းမှ ၎င်းတို့၏ တပ်ဖွဲ့ဝင်များ အပေါ်ရဲဘော်ရဲဘက် စိတ်ကင်းမဲ့စွာ စွန့်ပစ်သည့်လုပ်ရပ်မှာ မြန်မာ့တပ်မတော်ဟုခေါ်သော စစ်ကောင်စီမှ ၎င်းတို့၏ တပ်ဖွဲ့ဝင်များအပေါ်ထားသော သဘောထားအမှန်ပင်ဖြစ်သည်။ တနည်းအားဖြင့် ရဲဘော်ရဲဖက် အပေါ် တာဝန်ယူမှု မရှိခြင်းပင်ဖြစ်သည်ဟု ULA/AA က ပြောသည်။

လက်ရှိတွင် ထိခိုက်ဒဏ်ရာ ရရှိထားသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင် စစ်အကျဉ်းသားများနှင့် စစ်သုံ့ပန်းများကို ရက္ခိုင့်တပ်တော် AA က ရှိသည့် ဆေးဝါများဖြင့် ဆေးကုသမှုပေးထားသော်လည်း ဆေးဝါးအခက် အခဲများ ရှိနေသည်ဟု ဆိုသည်။

လက်ရှိတွင် ရခိုင် နှင့် ပလက်ဝဒေသတို့တွင် ရက္ခိုင့်တပ်တော်နှင့် စစ်ကောင်စီတပ်တို့ အကြားတိုက်ပွဲများမှာ စက်တင်ဘာလအတွင်း တစ်ရက်ထက်တစ်ရက် ပိုမိုပြင်းထန်လာနေပြီး တိုက်ပွဲများအတွင်း စစ်ကောင်စီတပ် ဖက်မှ အထိအခိုက် အကျအဆုံး များပြားခြင်း၊ စခန်းစွန့်ခွာရမှုများခြင်းနှင့်အတူ စစ်ကောင်စီတပ်၏ တပ်ဖွဲ့ဝင် များမှာ ဆက်လက်တာဝန် ထမ်းဆောင်လို စိတ်မရှိတော့သဖြင့် ရခိုင်နှင့် ပလက်ဝ စစ်မြေပြင်များ၌ ထွက်ပြေးမှု (တပ်ပြေးမှု) များမှာ တစ်ရက်ထက် တစ်ရက် ပိုမိုများပြားလျက်ရှိပြီး ထိုသို့တပ်ပြေးမှုများမှာ တစ်နိုင်ငံလုံးနီးပါး ၌ပင် ဖြစ်ပေါ်လျက်ရှိသည်ဟု ULA/AA ၏ ထုတ်ပြန်ချက်ထဲတွင် ထည့်သွင်းထားသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ရက္ခိုင် ပြည်သူ့ အာဏာပိုင်အဖွဲ့ ၊ ရက္ခိုင့်တပ်တော်သို့ နီးစပ်ရာမှတစ်ဆင့် လက် နက် (သို့မဟုတ်) လက်နက်မပါဘဲ ဝင်ရောက်လာကြသူများနှင့် ULA/AA က ဖမ်းဆီးရမိထားသည့် စစ်ကောင်စီ တပ်ပြေးများမှာ ယခုအချိန်တွင် အရေအတွက် (၁၅၀) ကျော်အထိ ရှိခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။

ထိုဖမ်းဆီးရမိသူများကို ကောင်းမွန်စွာ ထိန်းသိမ်းထားပြီး အချို့ကို ၎င်းတို့ သွားလိုသည့်နေရာသို့ အန္တရာယ် ကင်း စွာ ပို့ဆောင်ထားပြီး ဖြစ်သည်ဟုလည်း ULA/AA က ပြောသည်။

January 17, 2025
ရှမ်းပြည်မြောက်ပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ဒေသတွင်းအုပ်ချုပ်နေသည့် တိုင်းရင်းသား...
January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...