စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာထဲက စာသင်ကျောင်းကို ရဟတ်ယာဉ်နဲ့ ပစ်ခတ်ခဲ့တဲ့ ဖြစ်စဉ်အတွင်း သေဆုံးသူတွေထဲမှာ ကလေးတွေ မပါဘူးဆိုတဲ့ သတင်းပို့စ်တစ်ခုကို ရဲဘော်ကိုရဲ ဆိုသူ Facebook အကောင့်ပိုင်ရှင်က စက်တင်ဘာလ ၂၀ ရက်နေ့မှာ တင်ထားတာကိုတွေ့ရပါတယ်။
ရဲဘော်ကိုရဲ ဆိုသူက ဓာတ်ပုံတစ်ပုံနဲ့အတူ “ဘယ်သူသေသေ ငတေမာဖို့သာ လုပ်နေတဲ့ PDF” ဆိုတဲ့ ခေါင်းစဉ်နဲ့ ရေးတင်ထားပြီး အဲဒီအထဲမှာဆိုရင် “ဒီပဲယင်း လက်ယက်ကုန်းရွာ စာသင်ကျောင်းမှာ ပုန်းခိုနေတဲ့ PDF အကြမ်းဖက်တွေကို တပ်က MI 35 နဲ့ ပစ်တော့မှ ဗုံးကြဲတော့မှ အရပ်သားတွေပါလို့ အသံထွက် အတော် စိတ် ပျက်စရာ ကောင်းလှတဲ့ PDF. သူတို့ ဘဝ တွေ လွတ်ကင်းဖို့ ဘေးမဖြစ်ဖို့ ဘယ်နေရာကို အသုံးချရမလဲလို့ အမြဲ ကြိုးပမ်းနေတဲ့ ဘယ်သူသေတာစိတ်မဝင်စား ငတေ (သူတို့ PDF) တွေမာဖို့သာ သိတဲ့ ပြည်ဖျက်လေး တွေပါ။ တကယ် သေတာ ကလေးတစ်ယောက်မှ မပါပါဘူး” ဆိုပြီး (မူရင်းအရေးအသားအတိုင်း ) ရေးသားထားတာကို တွေ့ရပါတယ်။
အဆိုပါ ရေးသားမှုဟာ သတင်းအမှားတစ်ခုသာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ စက်တင်ဘာလ ၁၆ ရက်နေ့ က လက်ယက်ကုန်း ကျေးရွာ ထဲက စာသင်ကျောင်းကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ပေါ်ကနေ ပစ်ခတ်ရာမှာ ကလေး ၉ ဦး အထိ ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေက အတည်ပြု ပြောဆိုထားလို့ပဲ ဖြစ်ပါတယ်။
ဒါ့အပြင် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတော်တော်များများကလည်း သေဆုံးသွားတဲ့ ကလေးတွေရဲ့ မိဘ တွေ နဲ့ ဒေသခံတွေကို မေးမြန်းပြီး ထုတ်လွှင့်ထားတဲ့ သတင်းတွေကို ကြည့်ရင်လည်း စစ်ကောင်စီတပ်ရဲ့ မဆင်မခြင် ပစ်ခတ်မှုကြောင့် ကလေးသေဆုံးမှုရှိတယ်ဆိုတာကို သိနိုင်ပါတယ်။
လက်ယက်ကန်းကျေးရွာဖြစ်စဉ်နဲ့ ပတ်သက်ပြီး RFA သတင်းဌာနက ဒေသခံတွေကို မေးမြန်းပြီး ရေးသားထား တဲ့ သတင်းကို ဒီမှာ https://bit.ly/3f9f4f1 တွေ့နိုင်သလို ဧရာဝတီသတင်းဌာနက သေဆုံးသွားတဲ့ ကလေးတွေ ရဲ့ မိဘတွေနဲ့ ဒေသခံတွေကို မေးမြန်းပြီး ရေးသားထားတဲ့ သတင်းကို ဒီမှာ https://bit.ly/3xG2FFX နဲ့ ဆောင်း ပါးကို ဒီမှာ https://bit.ly/3dtOFrJ ဝင်ကြည့်လို့ရပါတယ်။ ဒါ့အပြင် BBC ကရေးသားထားတဲ့ သတင်း ကို ဒီမှာ https://bbc.in/3BSkumv ဝင်ကြည့်လို့သလို VOA က ရေးသားထားတဲ့ သတင်းကိုလည်း ဒီမှာ https://bit.ly/3BTGQ89 တွေ့နိုင်ပါတယ်။
ဒါကြောင့် အချက်အလက်တွေကို တိုက်ကြည့်လိုက်တဲ့အခါမှာ ရဲ့ဘော်ကိုရဲ ဆိုသူရဲ့ ရေးသားမှုဟာ မြေပြင်မှာ ဖြစ်ပျက်ခဲ့တဲ့ အချက်အလက်တွေအပေါ် အခြေမခံပဲ လိမ်ညာဝါဒဖြန့်ဖို့အတွက် လုပ်ကြံဖန်တီးရေးသားထားတဲ့ သတင်းအမှား ဖြစ်တယ်ဆိုတာကို တွေ့ရပါတယ်။
လက်ရှိကာလမှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေဟာ အထူးသဖြင့် PDF၊ CRPH၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင် တဲ့ သတင်းအမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနှင့် သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုက် ပွဲသတင်းတွေ၊ တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ စစ်ကောင်စီ ခေါင်းဆောင်နဲ့ တိုင်းရင်းသားခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေအပြင် လူမျိုးတစ်မျိုးနဲ့တစ်မျိုး အဖွဲ့အစည်း တစ် ခုနဲ့တစ်ခုကြား ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ရေးတင်နေ တာကို တွေ့ရပါတယ်။
သတင်းအချက်အလက် အမှားတွေနဲ့ ဓာတ်ပုံအဟောင်း၊ ရုပ်သံအဟောင်းတွေကို အသုံးပြုတာရှိသလို ဓာတ်ပုံနဲ့ ရုပ်သံရဲ့ မှန်ကန်တဲ့ အချက်အလက်မဟုတ်တဲ့ အရေးအသားတွေနဲ့ ဖြန့်ဝေနေကြတာကိုလည်း တွေ့ရပါတယ်။
ဒါကြောင့် အခုလိုမျိုး နိုင်ငံရေး မတည်မငြိမ်ဖြစ်နေတဲ့ ကာလမှာ သတင်းအမှား ဖြန့်ဝေသူတွေဟာ ပုံစံအမျိုးမျိုး နဲ့ သတင်း အမှားတွေကို ဖန်တီးရေးသား ဖြန့်ဝေနေကြတဲ့အတွက် လူမှုကွန်ရက်တွေကနေ သတင်းတွေကို ဖတ် ပြီး/ကြည့်ပြီး ဖြန့်ဝေတော့မယ်၊ တဆင့်ပြန်ပြီး ပြောပြတော့မယ်ဆိုရင် အမှန်တကယ် ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေနဲ့ သေချာ တိုက်စစ်ပြီးမှ ထပ်ဆင့်ဖြန့်ဝေဖို့ လိုပါတယ်။