အမျိုးသမီးနှစ်ဦးအား စစ်ကောင်စီတပ်သား (၂) ဦးက ကားဖြင့်တိုက်ခဲ့သည့် ဖြစ်စဉ်ပြီးနောက် မျက်မြင်သက်သေဟုဆိုကာ အခင်းဖြစ်ပွားရာ အနီး ဒွမ်ဂမ်ကျေးရွာ ဒေသခံအချို့အား စစ်ကောင်စီမှ ခေါ်ဆောင်သွား

အမျိုးသမီးနှစ်ဦးအား စစ်ကောင်စီတပ်သား (၂) ဦးက ကားဖြင့်တိုက်ခဲ့သည့် ဖြစ်စဉ်ပြီးနောက် မျက်မြင်သက်သေဟုဆိုကာ အခင်းဖြစ်ပွားရာ အနီး ဒွမ်ဂမ်ကျေးရွာ ဒေသခံအချို့အား စစ်ကောင်စီမှ ခေါ်ဆောင်သွား

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ မြစ်ဆုံသွားလမ်းပေါ်က ဒွမ်ဂမ်ကျေးရွာ အနီး ဆိုင်ကယ်စီးလာတဲ့ မိန်းကလေးနှစ်ဦးကို စစ်ကောင်စီရဲ့ အရာရှိတစ်ဦးနဲ့ အခြားတပ်သားတစ်ဦးက ကားနဲ့ တိုက်မှု ဖြစ်ပြီး တဲ့နောက်၊ နောက်ဆက်တွဲမျက်မြင်သက်သေအဖြစ် အခင်းဖြစ်ပွားခဲ့တဲ့ အနီးအနား အိမ်တွေက ဒေသခံပြည်သူ (၁၀) ဦးလောက်ကို စစ်ကောင်စီတပ်သားတွေက ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။

စက်တင်ဘာလ (၁၇) ရက်နေ့  ည (၇) နာရီလောက်က အဲဒီယာဉ်တိုက်မှု ဖြစ်ပွားခဲ့ပြီး ကားနဲ့တိုက်ခဲ့တဲ့ စစ်ကောင်စီတပ်သားနှစ်ဦးကို KIA ကနေ ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတဲ့ သတင်းထွက်ပေါ်ပြီးတဲ့နောက် စစ်သားအင်အား (၁၀၀) လောက်က အာလမ်၊ ဒွမ်ဂမ်ကျေးရွာဘက် တက်လာပြီး စစ်ဆေးမေးမြန်းမှုတွေ တင်းကြပ်စွာလုပ်ဆောင်နေတာပါ။

ဒီကနေ့မနက် (၃) နာရီလောက်မှာတော့ လက်နက်တွေ ရမ်းသမ်းပစ်ခတ်ခဲ့ပြီး အခင်းဖြစ်ပွားခဲ့တဲ့ အနီးအနားကအိမ်တစ်လုံးကိုလည်း မီးရှို့ဖျက်ဆီးခဲ့တဲ့ အပြင် လူတွေကိုပါ ခေါ်ဆောင်သွားတယ်လို့ ဒွမ်ဂန်ကျေးရွာအနီး နေထိုင်တဲ့ ဒေသခံပြည်သူတစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို အခုလို ပြောပါတယ်။

“အိမ်မှာ လူတော့ မနေတော့ဘူး။ accident (ယာဉ်တိုက်မှု) ဖြစ်တဲ့ မျက်နှာချင်းဆိုင် အိမ်ပေါ့။ ဒီမနက်ပိုင်းပေါ့။သေနတ်တွေ ပစ်ဖောက်ပြီးတဲ့ နောက် မီးရှို့ပြီး သွားလိုက်ကြတာ။ ဝါးခင်းပြီး သွပ်မိုးထားတဲ့ ပုပုလေးဆောက်ထားတဲ့ အိမ်ပေါ့။ (၁၀)ကျော်လောက် ပါသွားမယ်။ အမျိုးသားရော၊ အမျိုးသမီးရော ပါတယ်။ အခင်းဖြစ်တဲ့ ဘေးနားအိမ်က လူတွေကို ခေါ်သွားတာ။ မျက်မြင်သက်သေ သဘောနဲ့ ခေါ်သွားတာနေမှာ” လို့ဆိုပါတယ်။

လက်ရှိမှာ အာလမ်၊ ဒွမ်ဂမ်ကျေးရွာတစ်လျှောက် စောင့်ကြည့်မှုတွေ ရှိနေတာကြောင့် ဒေသခံပြည်သူတွေ စိုးရိမ်နေကြတယ်လို့ ဆိုပါတယ်။  “ပြေးလို့လည်း မရ။ အရမ်းစိုးရိမ်နေတယ်။ ပြေးမယ့် နေရာလည်း မရှိ” လို့ ဒေသခံက ပြောပါတယ်။

မနေ့ကလည်း ဒွမ်ဂမ်ကျေးရွာက အိမ်တိုင်းလိုလို တစ်အိမ်ဝင် တစ်အိမ်ထွက် စစ်ဆေးမေးမြန်းမှုတွေ လုပ် ဆောင်ခဲ့ပြီး ဒီကနေ့ မနက် (၁၀) နာရီလောက်မှာတော့ ဒေသခံ ပြည်သူ (၁၀) ယောက်လောက်ကို မေးမြန်းဖို့ ဆိုပြီး ခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

စစ်ကောင်စီတပ်ကနေ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ချိန်က ဆေးရုံကို ပို့ဆောင်ပေးခဲ့သူတွေ၊ ရွာက လူကြီးတွေနဲ့ လူငယ်အချို့ကို ခေါ်ဆောင်သွားပြီး စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်ပြီးရင် ပြန်လည်လွှတ်ပေး မှာ ဖြစ်တဲ့အကြောင်းပြောဆိုသွားတယ်လို့ နောက်ထပ် ဒေသခံတစ်ဦးကလည်း အခုလို ပြောပါတယ်။

 “ဘာမှ မလုပ်ဘူး။ မေးစရာ ရှိတာမေးပြီးရင် ပြန်လွှတ်ပေးမယ်လို့ ပြောတယ်။ ဆေးရုံ ပို့ဆောင်တဲ့ ကားသမားကိုရော၊ ဒီက လူကြီးတွေကိုရော ခေါ်သွားတာ။ စိုးရိမ်တာပေါ့။ သူတို့က ဘာအပြစ်မှ မရှိဘူး။ ဖြစ်နိုင်ရင် အမြန်မေးပြီး အမြန်ပြန်လွတ်စေချင်တယ်။ မိသားစုဝင်တွေလည်း ငိုတဲ့ သူက ငို၊  ဖျားလည်း ဖျားနေကြ တယ်” လို့ ဒေသခံက  ဆိုပါတယ်။

 စစ်ကောင်စီတပ်သားတွေဟာ သူတို့စစ်ကောင်စီ တပ်သားနှစ်ဦးကို ဘယ်သူတွေ ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ လာရောက်စုံစမ်းဖို့ ရောက်လာချိန်မှာလည်း အာလမ်ကျေးရွာက အသက် (၃၀) အရွယ် အမျိုးသား တစ်ဦးကိုလည်း စက်တင်ဘာလ (၁၇) ရက်နေ့ညက သေနတ်ပစ်ခတ်ပြီး မီးရှို့ သွားတဲ့ ဖြစ်စဉ်တွေလည်း ရှိခဲ့ပါတယ်။

ဒွမ်ဂမ်ကျေးရွာနေ ပြည်သူတွေကို လက်ရှိ စစ်ကောင်စီတပ်သားတွေ ဘယ်ကို ခေါ်ဆောင်သွားတယ်ဆိုတာ မသိရဘူးလို့လည်း ဆိုပါတယ်။

 ဒွမ်ဂမ်ကျေးရွာဟာ အိမ်ခြေ (၂၀၀) ကျော်လောက် ရှိပြီး လူဦးရေ တစ်ထောင်ကျော်လောက် ရှိတဲ့ ကျေးရွာတစ်ခုလည်း ဖြစ်ပါတယ်။

Most read this week

November 25, 2024
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) သိမ်းပိုက်ထားတဲ့ တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီမြို့က...
တံတားဖြတ်သန်းရန် ပြည်သူများစောင့်ဆိုင်းနေကြစဉ်။
November 21, 2024
ကန်ပိုက်တီမြို့ကို မနေ့(နိုဝင်လာ ၂၀ ) ရက်နေ့က KIA ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ပြီးနောက် ဒီကနေ့...
November 18, 2024
လမ်းခရီးခက်ခဲမှုကြောင့် ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့မှာ ဆန်တစ်အိတ်ကို...
November 14, 2024
ဝိုင်းမော်ပင်မဓာတ်အားခွဲရုံ မြေနေရာအဖြစ် အသုံးပြုဖို့အတွက် မြေဧက ၁၀၀ ကျော်ကို သိမ်းယူဖို့...