စစ်ကောင်စီ လက်ထက် “ငြိမ်းချမ်းရေး” ဆွေးနွေးပွဲက ဘယ်ကို ဦးတည်နေတာလဲ

စစ်ကောင်စီ လက်ထက် “ငြိမ်းချမ်းရေး” ဆွေးနွေးပွဲက ဘယ်ကို ဦးတည်နေတာလဲ

Saw Pway (လက်ထောက် အယ်ဒီတာ) စစ်တပ်က အာဏာသိမ်းပြီးနောက် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် စစ်တပ်တို့အကြားက ရပ် တန့်သွားသည့် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများကို အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင် လှိုင် က ပြန်လည် အသက်သွင်းရန်ကြိုးပမ်းနေသည်။

နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများကို ယခင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ငြိမ်းချမ်းရေးဆွေးနွေးပွဲမှ တစ်ဆင့် ဖြစ်ပေါ်လာခဲ့သည့် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA အောက်မှ လုပ်ဆောင်သွားမည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင်က ဆိုသည်။

တွေ့ဆုံဆွေးနွေးပွဲများမှတစ်ဆင့် NCA အပစ်ရပ်အဖွဲ့များနှင့် နိုင်ငံရေး သဘောတူညီမှုများကို လက်မှတ်ရေးထိုး နိုင်အောင် လုပ်ဆောင်မည်ဟု ကြွေးကြော်ထားသည့်အပြင် NCA အပစ်ရပ် လက်မှတ်မထိုးထားသည့် အဖွဲ့အ စည်းများကိုလည်း NCA လက်မှတ် ရေးထိုးလာသည့်အထိ ဆွေးနွေးမှုများကို လုပ်ဆောင်မည်ဟု ပြောဆိုထား သည်။

လက်နက်ကိုင် ပဋိပက္ခ ချုပ်ငြိမ်းပြီး တန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရှိသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည် ထောင်စု နိုင်ငံကို တည်ဆောက်မည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင်က ကတိပြုထားသည်။

သို့သော်လည်း အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက် စစ်ကောင်စီကို တော်လှန် ဆန့်ကျင်မှုများက နေရာ အနှံ့ ဖြစ်ပွားနေသည်။ ၂၀၁၀ ရွေးကောက်ပွဲနောက်ပိုင်း စတင်ခဲ့ပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အစိုးရ လက်ထက်တွင် ဆက်လက် လုပ်ဆောင်နေခဲ့သော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ရပ်တန့်သွားခဲ့သည်။

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူ စာချုပ် NCA ရေးထိုးထားသော အပစ်ရပ် တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ၏ နယ်မြေများတွင် လက်နက်ကိုင် တိုက်ပွဲများ ပြန်လည် ဖြစ်ပွားနေသည်။

ချင်းအမျိုးသား တပ်ဦး (CNF)၊ နှင့် ကရင် အမျိုးသား အစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေများနှင့် ထိန်းချုပ်နယ်မြေများအနီးတွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလာခဲ့သည်။ အပစ်ရပ်စာချုပ် NCA လက်မှတ်ရေးထိုးထားခြင်းမရှိသော ကချင် လွတ်လပ်ရေး တပ်မတော် KIA နှင့် ကရင်နီ အမျိုးသား တိုးတက်ရေး ပါတီ KNPP ထိန်းချုပ် နယ်မြေများနှင့် ဆက်စပ်နယ်မြေများတွင် တိုက်ပွဲများ ဖြစ်ပွားလာခဲ့သည်။

ထိုမျှသာမက တိုက်ပွဲများ ဖြစ်လေ့မရှိသည့် စစ်ကိုင်းနှင့် မကွေး တိုင်း ဒေသကြီးများတွင်လည်း လက်နက်ကိုင် ခုခံမှုမှာ အားကောင်းစွာ ဖြစ်ပေါ်နေသည်။ ထိုသို့သော အခြေအနေတွင် စစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအား “ထာဝရ တည်တံ့သော ငြိမ်းချမ်းရေး” တည်ဆောက်ရန် ဟု ဆိုကာ ဆွေးနွေးပွဲ ခေါ်ဆိုခဲ့သည်။

တိုင်းရင်းသား လက်နက်ကိုင်တွေ အပေါ်ထားတဲ့ စစ်ကောင်စီရဲ့ သဘောထား

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အနေဖြင့် NCA လက်မှတ်ရေး ထိုးပြီးနောက် လက်နက် ဆက် လက်ကိုင်ဆောင်လိုပါက နယ်ခြားစောင့်တပ် သို့မဟုတ် တပ်မတော်ထဲသို့ ဝင်ရောက်ခွင့်ပေးမည်ဟု စစ်ကောင် စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်သည့်အတွက် တိုင်းရင်းသားများအကြားတွင် တော်တော်လေး လှုပ်လှုပ်ခပ်ခပ် ဖြစ်သွားခဲ့သည်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြောဆိုမှုကို ၎င်းတို့၏ လက်အောက်ခံ ပြန်ကြား ရေးဝန်ကြီးဌာနက “လက်နက် ဆက်လက်ကိုင်ဆောင် လိုပါကလည်း တပ်မတော်တွင် ဝင်ရောက် တာဝန်ထမ်း ဆောင်ခြင်း၊ နယ်ခြားစောင့်တပ်များတွင် ဝင်ရောက်တာဝန် ထမ်းဆောင်ခြင်းများ ဆောင်ရွက်ခွင့် ပေးမည်” ဟု သတင်းထုတ်ပြန်ချက်ထဲတွင် ဖော်ပြထားသည်။

အဆိုပါ ပြောဆိုမှုကို ဩဂုတ်လ ၂၂ ရက်နေ့က နေပြည်တော်တွင် ကျင်းပခဲ့သည့် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးမှာ ပြောကြားခဲ့တာဖြစ်ပြီး ထိုသို့ ပြောဆိုလိုက်သည့်အပေါ် လက်ရှိနိုင်ငံရေး အခင်းအကျင်းနှင့် တိုင်းရင်းသားများ၏ အရေးကို စောင့်ကြည့်လေ့လာနေသူများ၊ မီဒီယာသမားများ အကြားတွင်လည်း စိတ်ဝင် စားမှု မြှင့်တက်ခဲ့သည်။

KNU/KNLA/PC နှင့် PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး စောကျော်ညွှန့်က NCA လက်မှတ်ရေးထိုးခြင်းသည် စစ်ကောင်စီ လက်အောက်တွင် စစ်မှုထမ်းရန် မဟုတ်ပဲ လက်နက်ကိုင်စွဲလျက် နိုင်ငံရေးအရ ရသင့်ရထိုက်သည့် အခွင့်အရေးများကို ဆွေးနွေးအဖြေရှာရန်ဖြစ်သည်ဟု ပြောသည်။

ဗိုလ်မှူးကြီး စောကျော်ညွှန့်က “ကျနော်တို့ အဓိကကတော့ NCA ထိုးခြင်းသည် ကိုယ့်လက်နက်ကို ကိုယ့်လက် ထဲ မှာ ထားပြီးတော့ ကျနော်တို့ နိုင်ငံအတွက် ဒီ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့အတွက်ပေါ့လေ။ နိုင်ငံရေး ပြဿ နာကို နိုင်ငံရေးတွေ့ဆုံဆွေးနွေးခြင်းနဲ့ ဖြေရှင်းတဲ့ အခင်းအကျင်းမှာ ကျနော်တို့ ပူးပေါင်းလုပ်ဆောင်တဲ့ ဖြစ်စဉ် တစ်ခုလို့ ကျနော်အနေနဲ့ အဲ့လိုပဲနားလည်တယ်” ဟု ပြောသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက တောင်းဆိုထားသည့် ကိုယ့်ကြမ္မာကိုယ် ဖန်တီးခွင့်၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်၊ ပြဌာန်းခွင့် တန်းတူအခွင့်အရေးများကို စစ်ခေါင်းဆောင်က မပေးချင်ရုံသာမက NCA လက်မှတ် ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများကို ၎င်း၏ လက်အောက်ငယ်သားများအဖြစ် တစ်ဆင့်နိမ့်ကာ ဆက်ဆံပြီး နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများကို ပြုလုပ်မည်ဆိုသည့် သဘာထားကို မြင်နိုင်သည်။

ပြန်လည်စတင်လာခဲ့သည့် နိုင်ငံရေး ဆွေးနွေးပွဲများ

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် ဧပြီလ ၂၂ ရက်နေ့က စစ်ကောင်စီခေါင်းဆောင်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အ စည်းများကို ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးရန် စတင်ဖိတ် ခေါ်ခဲ့ပြီးနောက် မေလမှ စတင်ကာ ပထမ အကြိမ် အဖြစ် တစ်ဖွဲ့ချင်းစီနှင့် စတင် တွေ့ဆုံဆွေးနွေးခဲ့သည်။

ပထမအကြိမ် တွေ့ဆုံဆွေးနွေးမှုတွင် နိုင်ငံရေးအရ အရေးပါသည့် သဘောတူညီမှုများ တစ်စုံတစ်ရာ မရရှိခဲ့ ကြပဲ နှစ်ဦးနှစ်ဖက်၏ သဘောထားများကိုသာ တင်ပြဆွေးနွေးနိုင်ခဲ့ကြသည်ဟု သိရသည်။

ပထမအကြိမ် တွေ့ဆုံဆွေးနွေးပွဲကို NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အ စည်း ၇ ဖွဲ့ဖြစ်သည့် ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ RCSS၊ မွန်ပြည်သစ်ပါတီ NMSP၊ ရခိုင်ပြည်လွတ် မြောက် ရေးပါတီ ALP၊ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး LDU၊ ပအို့ဝ် အမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် PNLO၊ ဒီမိုကရေစီ အကျိုးပြု ကရင့်တပ် မတော် DKBA၊ ကရင်ငြိမ်းချမ်းရေးကောင်စီ KNU/KNLA /PC စသည့် အဖွဲ့များနှင့် တွေ့ဆုံဆွေးနွေး ခဲ့သကဲ့သို့ လက်မှတ် မရေးထိုးထားသည့် တရုတ်-မြန်မာနယ်စပ်က တိုင်းရင်းသား လက်နက် ကိုင် အဖွဲ့အစည်းအချို့ ဖြစ်သည့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP/UWSA ၊မိုင်းလား NDAA၊ ရှမ်းပြန်တိုးတက်ရေးပါတီ SSPP တို့လည်း တက်ရောက် တွေ့ဆုံ ဆွေးနွေး ခဲ့ကြသည်။

ထို့အပြင် ဒုတိယအကြိမ် တွေ့ဆုံမှုအဖြစ် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ၎င်း၏ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများဖြစ်သည့် ALP၊ LDU ၊ PNLO တို့ သုံးဖွဲ့ တစ်စု နှင့် ပြီးခဲ့သည့် ဩဂုတ်လ ၂၂ ရက်နေ့ကနေ ၂၆ ရက်နေ့အထိ ထပ်မံတွေ့ဆုံဆွေးနွေးခဲ့ ကြသည်။

ထိုတွေ့ဆုံမှုတွင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကိစ္စ၊ ငြိမ်းချမ်းရေးကိစ္စ၊ ပြည်ထောင်စု ကိစ္စရပ်များအပြင် NCA အကောင်အထည် ဖော်မှုဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။

ဆွေးနွေးပွဲတွင် သဘော တူညီမှု အချို့ကို လက်မှတ်ရေး ထိုးခဲ့ကြသော်လည်း နှစ်ဖက်အဖွဲ့အစည်းများအနေဖြင့် သဘော တူညီမှုများနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ပြန်ခဲ့ခြင်း မရှိပေ။

ထို့အတူ RCSS နှင့်လည်း ဩဂုတ်လ ၂၉ ရက်နေ့ကနေ စက်တင်ဘာလ ၁ ရက်နေ့အထိ ဒုတိယအကြိမ်အဖြစ် ထပ်မံ တွေ့ဆုံဆွေးနွေးခဲ့ကြပြီး ထိုဆွေးနွေးပွဲတွင် လက်ရှိ နိုင်ငံရေး အထွေထွေ အကြပ်အတည်းဖြေရှင်း ရေး အတွက် RCSS ၏ ငြိမ်းချမ်းရေးလမ်းပြမြေပုံ၊ အနာဂတ် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးဆိုင်ရာ RCSS ၏ ဖက်ဒရယ် အခြေခံမူများ၊ ယုံကြည်မှု တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းများနှင့် ဒေသခံပြည်သူလူ ထုများအတွက် ဖွံ့ဖြိုးရေး လုပ်ငန်းများကို RCSS ဖက်က ဆွေးနွေးခဲ့ပြီး စစ်ကောင်စီဖက်မှ ၂၀၀၈ ဖွဲ့စည်းပုံ အခြေ ခံ ဥပဒေဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်ဟု RCSS က ထုတ်ပြန်ခဲ့သည်။

ထိုဆွေးနွေးပွဲတွင်လည်း တိကျရေရာသည့် သဘောတူညီမှု ဘာတစ်ခုမှ မရရှိပဲ နောက်တွေ့ဆုံပွဲများတွင် နှစ်ဖက် အဆိုပြုချက်များအား ဆက်လက်တွေ့ဆုံညှိနှိုင်းသွားရန် သဘောတူ လက်မှတ်ရေးထိုးခဲ့ကြသည်ဟု RCSS က ဆို သည်။

ထိုအဖွဲ့ ၄ ဖွဲ့အပြင် စစ်ကောင်စီက အခြားတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များနှင့်လည်း ဒုတိယအကြိမ် ဆက် လက် တွေ့ဆုံ ဆွေးနွေးသွားရန် ရှိသည်ဟုလည်း သိရသည်။

KNU/KNLA/PC၊ DKBA နှင့် NMSP တို့ သုံးဖွဲ့ တစ်စု က စစ်ကောင်စီနှင့် ဒုတိယအကြိမ်အဖြစ် တွေ့ဆုံဆွေးနွေးရန် ရှိသော်လည်း တွေ့ဆုံဆွေးနွေးမည့် နေ့ရက်နှင့် ဆွေးနွေးမည့် အကြောင်းအရာကို မသိရသေးဟု KNU/KNLA/PC နှင့် PPST ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး ကြီး စော ကျော်ညွှန့်က ပြောသည်။

“PPST အနေနဲ့ကတော့ ကျနော်တို့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ သွားတာခြင်း မတူသည်ဖြစ်စေ ကျနော်တို့ ကြားထဲမှာလည်း တူညီတဲ့ အသံတွေ ထွက်နိုင်အောင် ကြိုတင်ညှိနှိုင်းဆောင်ရွက်မှုတွေ အဲဒါကို ကျနော်တို့ ဆက်လက်ပြီးတော့ လုပ်ဆောင်သွားပြီးတော့ ဒီအခင်းအကျင်းကနေပြီးတော့ ပြည်ထောင်စုငြိမ်းချမ်း ရေးအတွက် တကယ်လက် တွေ့ကျတဲ့ အခင်းအ ကျင်း ပေါ်ပေါက်လာအောင်

ကျနော်တို့ ဘယ်လိုဖန်တီး လို့ရမလဲဆိုတာကိုတော့ အဲဒါကို အာရုံစိုက်ပြီးတော့ ဒါအလေးထားပြီးတော့ ကျနော်တို့ စုပေါင်းဆောင်ရွက် ဖို့ကိုပဲ ကျနော်တို့ဆက်လက် ကြိုး ပမ်းဆောင်ရွက်သွားမှာ ဖြစ်ပါတယ်” ဟု ဗိုလ်မှူးကြီး စောကျော်ညွှန့်က ပြောသည်။

NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၇ ဖွဲ့ က NCA အနှစ်သာရ ၃ ချက်ဖြစ်သည့် နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် တွေ့ဆုံဆွေးနွေး ဖြေရှင်းရေး၊ ပါဝင်သင့် ပါဝင်ထိုက်သူ အားလုံး ပါဝင် သည့် နိုင်ငံရေး ဆွေးနွေးပွဲ ဖြစ်မြောက်ရေးနှင့် အရပ်သားများကို အကာအကွယ်ပေးသည့် အချက်များ အပေါ် တွင် စစ်ကောင်စီနှင့် ဆက်လက်တွေ့ဆုံဆွေးနွေးသွားမည်ဟု ဆိုသည်။

သို့သော် NCA လက်မှတ်မရေးထိုးထားသည့် တရုတ်-မြန်မာနယ်စပ်က တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ အစည်းအချို့ ဖြစ်သည့် “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ UWSP/UWSA၊ မိုင်းလား NDAA ၊ ရှမ်းပြန်တိုး တက်ရေးပါတီ SSPP တို့ က တွေ့ဆုံဆွေးနွေးမည့် ကိစ္စနှင့် ပတ်သက်၍ တစ်စုံတစ်ရာ ထုတ်ဖော် ပြောဆို ထား ခြင်း မရှိသေးပေ။

စစ်ကောင်စီနှင့် လက်ရှိ တွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့များမှာ တိုက်ပွဲဖြစ်ပွားခြင်း မရှိသည့် အဖွဲ့များဖြစ်သည်။ လက်နက်ကိုင် တော်လှန်ရေး အင်အားစု အားလုံး မပါဝင်သည့် စစ်ကောင်စီ၏ နိုင်ငံရေး ဆွေးနွေးပွဲ စစ်ကောင်စီက ဖိတ်ခေါ်သည့် ငြိမ်းချမ်းရေးအတွက် နိုင်ငံရေး တွေ့ဆုံဆွေးနွေးမှုများကို တိုက်ပွဲပြင်းထန်စွာ ဖြစ် ပွားနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက တက်ရောက်မည်မဟုတ်ကြောင်း ပြောဆိုထား သည်။

ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး - ၂ ဦးအောင်ဆန်းမြင့်က “စစ်အင်းအားတွေကို စစ် ဆင်ရေးတွေကို လုပ်နေတာကို ရပ်ကိုရပ် တန့်ရမယ်။ နောက်ပြီးမှ လူထုတွေရဲ့ အသက်အန္တရာယ် အိုးအိမ်တွေ ကို ဖျက်ဆီးနေတာတွေ ဒါတွေ အားလုံးက လက်တွေ မြေပြင်မှာ ကျနော်တို့ ဖြစ်နေတာ ဖြစ်တယ်။ ဒါတွေကို အရင်ဆုံး မဖြေရှင်းပဲနဲ့ ကျနော်တို့နဲ့ ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးပွဲ လုပ်မယ်ဆိုတာက အဓိပ္ပာယ် သိပ်မရှိဘူး ပေါ့နော်။ နောက်ပြီးမှ stakeholder တကယ့် နိုင်ငံရေးပေါ့နော်။ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေး ရလဒ်အဖြေ ကောင်း ထွက်ဖို့ဆိုရင်တော့ ကျနော်တို့ stakeholder အားလုံး ပါဝင်ဖို့ လိုအပ်တယ်လို့ ကျနော်တို့ကတော့ အဲလို မျိုးခံယူ တယ်လေနော်။ ဒီနေ့ အခင်း အကျင်းကတော့ အဲ့လိုလည်း မဖြစ်ဘူးလေနော်” ဟု ပြောသည်။

စစ်ကောင်စီ၏ ငြိမ်းချမ်းရေးအတွက် နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲသို့ NCA လက်မှတ်ရေး ထိုးထားသော အဖွဲ့များ ဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်း သားများ ဒီမိုကရက်တစ်တပ်ဦး ABSDF တို့ နှင့် မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင်များဖြစ်သည့် ကချင်လွတ် လပ် ရေးအဖွဲ့ KIO/KIA ၊ တအန်းအမျိုးသား လွတ် မြောက်ရေး တပ်မတော် PSLF/TNLA၊ ရက္ခိုင့်တပ်တော် ULA/AA၊ MNDAA ကိုးကန့် တို့ နှင့် ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP တို့ တက်ရောက်ခြင်း မရှိပေ။

အဆိုပါ အဖွဲ့များက စစ်ကောင်စီဖက်မှ စစ်ရေး လှုပ်ရှားမှုများကို တစ်နိုင်ငံလုံးအတိုင်း အတာအဖြစ် ရပ်စဲပြီး လက်ရှိ နိုင်ငံရေး ပဋိပက္ခတွင် ပါဝင်သည့် နိုင်ငံရေး အင်အားစုများအားလုံး တွေ့ဆုံဆွေးနွေးမှုများတွင် ပါဝင် ခွင့် ပြုမှသာ ဖိတ်ခေါ်ထားသည့် ဆွေးနွေးပွဲများကို တက်ရောက်သွားမည်ဟု ပြောဆိုထားသည်။

နွေဦးတော်လှန်ရေးမှ ပေါ်ပေါက်လာသည့် အဖွဲ့များကို ချန်လှပ်ထားပါက ငြိမ်းချမ်းရေး မရနိုင် NCA လက်မှတ်ရေးထိုးထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသာမက NCA လက်မှတ် မရေး ထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကိုပါ ငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန် ဖိတ်ခေါ် ထားသော်လည်း အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် အဖွဲ့အစည်းများကိုမူ တွေ့ဆုံ ဆွေးနွေးမည် မဟုတ်ကြောင်း ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့က ထုတ်ပြန်ထားသည့် စစ်ကောင်စီ၏ ထာဝရ ငြိမ်းချမ်း ရေး ဖိတ်ကြားချက်ထဲတွင် တွေ့ရသည်။

စစ်ကောင်စီက “အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသည့် အဖွဲ့အစည်းများမှအပ NCA လက်မှတ်ရေးထိုး ထားသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများသာမက NCA လက်မှတ်မရေးထိုးရသေးသည့် တိုင်း ရင်းသား လက်နက်ကိုင်အဖွဲ့အစည်းများကိုပါ ထာဝရငြိမ်းချမ်းရေးအတွက် ဆွေးနွေးရန်ဖိတ်ခေါ်ပါသည်” ဟု ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့ ထုတ်ပြန်ချက်ထဲတွင် တွေ့ရသည်။

စစ်ကောင်စီက အကြမ်းဖက် အဖွဲ့အစည်းဟု သတ်မှတ်ထားသည့် အဖွဲ့များမှာ စစ်အာဏာသိမ်းပြီးနောက် ပေါ် ပေါက်လာသည့် ပြည်ထောင်စုလွတ်တော် ကိုယ်စားပြုကော်မတီ CRPH၊ အမျိုးသား ညီညွတ်ရေး အစိုးရ NUG နှင့် ပြည်သူ့ကာကွယ်ရေးတပ် PDF စသည့် အဖွဲ့အစည်းများ ဖြစ်သည်။

ထိုအဖွဲ့များမပါပဲ တိုင်းရင်းသား လက်ကိုင် အဖွဲ့အစည်းများဖြင့်သာ ပြုလုပ်မည့် တွေ့ဆုံဆွေးနွေးပွဲများသည် လက်ရှိ မြေပြင် အနေအထားအရ ဖြစ်ပေါ်နေသည့် နိုင်ငံရေး အကြပ်အတည်းများကို ဖြေရှင်းနိုင်ရန် မဖြစ်နိုင် ပေ။

“ဒီနေ့ မြန်မာနိုင်ငံရဲ့ အကြပ်အတည်းပေါ့နော် နိုင်ငံရေး စစ်ရေး အကြပ်အတည်းက ကျနော်တို့ ERO တစ်ဖွဲ့ တည်းရဲ့ အကြပ်အတည်း မဟုတ်ဘူးလေ။ ကျနော်တို့ နိုင်ငံမှာ ဆိုတော့ သက်ဆိုင်သူ တွေအားလုံးက ဒီနေ့ နိုင်ငံ ရေး တွေ့ဆုံဆွေးနွေးပွဲမှာ ပါဝင်မှပဲ ကျနော်တို့ နိုင်ငံရဲ့ အကြပ်အတည်းတွေ ကျနော်တို့ ဖြေရှင်းနိုင်မှာ ဖြစ် တယ်” ဟု ကရင်နီအမျိုးသား တိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး - ၂ ဦးအောင်ဆန်းမြင့်က ပြောသည်။

CPRH နှင့် အမျိုးသား ညီညွတ်ရေး အစိုးရ NUG တို့သည် နိုင်ငံရေးအရ ပြည်သူလူထု၏ ထောက်ခံမှုမှတစ်ဆင့် ဖြစ်ပေါ်လာသည့် အဖွဲ့အစည်းများဖြစ်သည်။ ထို့အတူ NUG မှ တစ်ဆင့်ပေါ်ပေါက်လာသည့် ပြည်သူ့ကာကွယ် ရေး တပ်ဖွဲ့ PDF တပ်များသည်လည်း တိုင်းနှင့် ပြည်နယ် တော်တော်များများတွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ဖြစ်ပွားနေသည့် အတွက် လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေး အကြပ်အတည်းများကို ဖြေရှင်းလိုပါက ထိုအဖွဲ့ များကိုလည်း နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများတွင် ပါဝင်ဆွေနွေးရန် ဖိတ်ခေါ်ရမည်ဖြစ်သည်။

စစ်ကောင်စီ၏ နိုင်ငံရေး ဆွေးနွေးပွဲများကို မတက်ရောက်သည့် ကချင်လွတ် လပ်ရေးအဖွဲ့ KIO/KIA သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက “NUG တို့ PDF တို့ပေါ့နော။ အဲဒါတွေကို မစဉ်းစားလို့လည်း မရ ဘူး။ သူတို့အကြောင်းလည်း မဆွေးနွေးပဲနဲ့တော့ မရဘူး။ ဟိုလွန်ခဲ့တဲ့ အချိန်ကာလမှာတော့ ကျနော်တို့ တိုင်း ရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များနဲ့ ဆွေးနွေးရင် ရနိုင်တဲ့ အချိန် အခါ လည်း လွန်ခဲ့ပြီ။ အခုက ကျနော်တို့ တိုင်းရင်းသား အဖွဲ့တွေကိုပဲ ရွေးပြီးမှ ဆွေးနွေးမယ် ဆိုလို့ရှိရင်တော့ အဲဒီ လောက်နဲ့တော့ အဖြေကောင်းတွေကတော့

ထွက်မလာနိုင်ပါဘူး” ဟု ပြောသည်။

ထို့အပြင် သမာသမတ်ကျသည့် အဖွဲ့အစည်းများနှင့် ကြားနေအဖွဲ့အစည်းများဖြစ်သည့် ကုလသမဂ္ဂ၊ အာဆီယံ နှင့် နိုင်ငံတကာက ဆွေးနွေးပွဲများတွင် ပါဝင်ရမည်ဖြစ်သည်။ ချင်းအမျိုးသား တပ်ဦး CNF က ပြော ရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီကလည်း “ကျနော်တို့ ၂ ဖက်ဆွေးနွေးတဲ့အ ထဲမှာ ကျနော်တို့ ဒီ UN တို့ နိုင်ငံ တကာ အဖွဲ့အစည်းတွေကနေ ကြားဝင်ဖြန် ဖြေပေးတဲ့ အားမခံချက်တစ်ခုပေး နိုင်တဲ့ အဖွဲ့အစည်း နိုင်ငံတ ကာ အဲဒါကို လိုအပ်ပါတယ်။ ပြီးတော့ ကျနော်တို့ ဆွေးနွေးတဲ့ အခါမှာလည်း ကျနော်တို့ တတိယနိုင်ငံ နိုင်ငံတခု ခုပေါ့ အဲဒီမှာ အဲဒီလိုမျိုး Share လုပ်ခွင့်မှုကို ကျနော်တို့ ပွင့်လင်းမြင်သာစွာ ကျနော်တို့ ဆွေးနွေးတဲ့ အခင်းအကျင်းမျိုး ဖြစ်သင့်တာပေါ့နော်” ဟု ပြောသည်။

ထို့ကြောင့် လက်ရှိ ပဋိပက္ခတွင် ပါဝင်နေသည့် CRPH၊ NUG၊ PDF အဖွဲ့များ ကို နိုင်ငံရေး ဆွေးနွေးပွဲများမှ ချန် လှပ်ထားခြင်းသည် ပြည်တွင်းငြိမ်းချမ်းရေးအတွက် စစ်မှန်သည့် နိုင်ငံရေး ထွက်ပေါက်တစ်ခု မဟုတ်သည့် အတွက် လက်ရှိနိုင်ငံရေး အခင်းအကျင်းတွင် ပါဝင်သည့် သက်ဆိုင်ရာ အစုအဖွဲ့ အားလုံးနှင့် တွေ့ဆုံ ဆွေးနွေး ရန်လိုသည်ဟု တိုင်းရင်းသားခေါင်းဆောင်များနှင့် နိုင်ငံရေး လေ့လာသုံးသပ်သူများက ပြောသည်။

ငြိမ်းချမ်းရေးအတွက် မဟုတ်သည့် နိုင်ငံရေး ဆွေးနွေးပွဲ

စစ်ကောင်စီက နိုင်ငံရေး ဆွေးနွေးမှုများမှ တစ်ဆင့် ငြိမ်းချမ်းသာယာသည့် ဒီမိုကရေစီနှင့် ဖက်ဒရယ် ပြည် ထောင်စုကြီးကို တည်ဆောက်မည်ဟု ကြွေးကြော်ပြီး ဆွေးနွေးပွဲများကို လုပ်ဆောင်နေသည်ကို တွေ့ရသည်။

သို့သော် တိုက်ပွဲဖြစ်ပွားနေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ၊ နွေဦးတော်လှန်ရေးကနေ ပေါ် ပေါက်လာခဲ့သည့် CRPH၊ NUG၊ PDF အဖွဲ့များ ပါဝင်ခြင်းမရှိပဲ လုပ်ဆောင်နေသည့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ များသည် လက်ရှိ ဖြစ်ပေါ်နေသည့် နိုင်ငံရေး ပဋိပက္ခများကို ပြေလည်သွားနိုင်သည့် အရိပ်အရောင် မတွေ့ရပေ။

စစ်ကောင်စီမှ လုပ်နေသည့် နိုင်ငံရေး ဆွေးနွေးပွဲများနှင့် ပတ်သက်၍ ကရင်အမျိုးသား အစည်းအရုံး KNU ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီး က “နောက်ဆုံး ကောက်ရိုးတစ်မျှင်စာ အနေနဲ့ သူတို့ လုပ်တယ်လို့ပဲ သဘော ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတကာရေးရာမှာ ဘာမှတိုးလို့မရတဲ့ အနေအထား ရှုံးနေပြီ ဗျား။ UN အဆင့်မှာလည်း ထိုင်ခုံကို ထိုင်စရာ မရှိတဲ့ဟာ အာဆီယံက သူ့ကို အဖတ်မလုပ်ဘူးနော်။ နောက်နေ ရာတကာလည်း သူ့မှာ ပိတ်ဆို့ခံနေရတယ်။ နိုင်ငံရေးအရလည်း အဖော်မရှိ နောက်အဲလို ဖြစ်နေတဲ့ အခါမှာ စစ်ရေးအရ မျက်နှာစာမှာ သူကတော့ ခွဲရေးလုပ်ပြီးတော့ ဟိုနေရာမှာ ငြိမ်းလိုက် ဟိုနေရာမှာ တိုက် လိုက်တို့ ဒီနေ့ ဒီအချိန်အခါမှာ အဲလိုမဟုတ်ဘူးဗျာ” ဟု ပြောသည်။

ဆွေးနွေးပွဲများတွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်လာပါက စစ်ကောင်စီအနေဖြင့် စစ်ရေး မျက်နှာ စာတွင် ကြုံတွေ့နေ ရသည့် ခက်ခဲမှုများကို လျော့ချနိုင်ရန်နှင့် နိုင်ငံတကာ မျက်နှာစာတွင်လည်း ကျဆင်း နေသည့် ပုံရိပ်များကို အဖတ်ဆယ်ရန်အပါအဝင် အသိအမှတ်ပြုမှု ရရှိရေးတို့အတွက် ပြုလုပ်သည့် ဆွေးနွေးပွဲ သာဖြစ်သည် ဟု ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP အတွင်းရေးမှူး ၂ ဦးအောင်ဆန်းမြင့်က ပြော သည်။

ဦးအောင်ဆန်းမြင့်က “နိုင်ငံရေးအရလည်း သူ့မှာကတော့ အဖက်ဖက်ကတော့ ကျရှုံးမှုတွေ ကများနေပြီပေါ့ လေ။ နိုင်ငံရေး အရ နိုင်ငံတကာရဲ့ ဖိအားပေးမှုတွေလည်း အများကြီး ရှိနေတယ်။ ဆိုတော့ ဒါကတော့ သူ့အနေ နဲ့ ပြန်ပြီးမှ ဂုဏ်သိက္ခာဆယ်ဖို့ အတွက် သူလုပ်တဲ့ပွဲပဲလို့ ကျနော်တို့ နားလည်တယ်။ နောက်တစ်ခုက စစ်ရေး အနေအထားတွေက တကယ်လို့များ သူ့ဖက်မှာပေါ့နော EAOs တချို့က ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေကို ကမ်း လှမ်းချက်ကို လက်ခံမယ်ဆို လို့ရှိရင် ဒါကတော့ တကယ့် စစ်မြေပြင်ရဲ့ အနေအထားအရပေါ့နော်။ သူ့ဖက်က အားသာချက်တွေ အများကြီး ရသွားနိုင်တယ်။ ဒါတွေ ကြောင့်ပဲလို့ ကျနော်တို့က ဒီလိုပဲ သုံးသပ်ပါတယ်နော်။နိုင်ငံရေးအရ စစ်ရေးအရ ဆက်စပ်နေပါတယ်လို့နော်” ဟု ပြောသည်။

နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများသည် ငြိမ်းချမ်းရေး ရရှိရန်အတွက်ဟု စစ်ကောင်စီက ပြောနေသော်လည်း လက်ရှိ မြေပြင် အနေအထားအရ သော်လည်းကောင်း၊ နိုင်ငံတကာ သံတမန်ရေးရာအရ သော်လည်းကောင်း ကျ ဆင်းနေသည့် ၎င်းတို့၏ ပုံရိပ်များနှင့် အဖက်ဖက်မှ အကြပ်အတည်းများကို လျော့ကျသွားအောင် လုပ်ဆောင် နေသည့် နိုင်ငံရေး စစ်ရေး ထွက်ပေါက်တစ်ခုသာဖြစ်သည် ဟု တိုင်းရင်းသားခေါင်းဆောင်များက ဆိုသည်။

ထို့ကြောင့် စစ်ကောင်စီ၏ နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများသည် ငြိမ်းချမ်းရေးအတွက် ဆိုသည့် ရည်ရွယ်ချက် ထက် အာဏာကို ဆက်လက်ကိုင်ဆွဲနိုင်ရန်အတွက် မြန်မာပြည်သူလူထုနှင့် နိုင်ငံတကာကို လှည့်စားနေသည့် ရည်ရွယ်ချက်ဖက်က ဦးတည်နေသည်က ပိုများနေသည်ကို တွေ့နေရသည်။

စစ်တပ်ပါဝင်သည့် ဆွေးနွေးပွဲများ၏ အဆုံးသတ်နှင့် ရလာဒ်မထွက်သည့် NCA တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အ စည်း ၁၀ ဖွဲ့ က ၂၀၁၅ ခုနှစ်တွင် စတင်လက်မှတ်ရေးထိုးခဲ့ကြသည်။

လက်မှတ်ရေးထိုးခဲ့ပြီးနောက် တိုင်းရင်းသားများက ၎င်းတို့ လိုလားသည့် ကိုယ်ပိုင်ပြဌာန်းခွင့် ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးခွင့်၊ တန်းတူခွင့်တို့ အပြည်အဝရရှိသည့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတည်ဆောက်ရေးတို့ကို နိုင်ငံရေး ဆွေးနွေးပွဲများမှ တစ်ဆင့် တောင်းဆိုမှုများကို ပြုလုပ်လာခဲ့ကြသည်။

သို့သော် စစ်တပ်ပါဝင်သည့် နိုင်ငံရေး ဆွေးနွေးပွဲများမှ တောင်းဆိုမှုများမှာ အရာမထင်ခဲ့ပေ။ ပဒိုစောတောနီးက “ကျနော်တို့ ဖြတ်သန်းမှု တစ်လျှောက်လုံးမှာ အခက်အခဲ တွေ့နေရတဲ့ဟာ အဟန့်အတားတွေ့ နေရတဲ့ဟာက ဘာလဲဆိုတော့ ငြိမ်းချမ်းရေး လုပ်တိုင်း လုပ်တိုင်းမှာရော ဖက်ဒရယ် ဒီမိုကရေစီကို တည် ဆောက်ဖို့ လုပ်တိုင်း လုပ်တိုင်းမှာ တကယ့်ကို ကိုးလိုကန့်လန့် လုပ်တာက စစ်တပ်ပဲ အဲဒါကြောင့်မို့ စစ်တပ် မရှိ မှပဲ ဒီဟာကို လုပ်လို့ရမယ်။ သူတို့နဲ့ စိတ်ကူးယဉ်ပြီးတော့ ဘာမှ မဖြစ်နိုင်တော့ဘူး” ဟုပြောသည်။

အာဏာမသိမ်းခင် ဆွေးနွေးပွဲ ကာလများတွင် NCA စာချုပ်ပါ သဘောတူညီချက်များကို အကောင်အထည် ဖော် နိုင်ခြင်း မရှိသည်သာမက စစ်တပ်နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများအကြားတွင်လည်း ပွတ် တိုက်မှုများ ပြင်းထန်လာခဲ့ပြီး တိုက်ပွဲများမှာ ကြိုကြားကြိုကြား ပြန်လည်ဖြစ်ပွား လာခဲ့သည်။

စစ်တပ်က အာဏာသိမ်းလိုက်သည့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့က စတင်ကာ နိုင်ငံရေး တွေ့ဆုံဆွေး နွေးမှု များလည်း ရပ်တန့်သွားခဲ့သည်။ ထို့နောက် တိုက်ပွဲများ ပြင်းထန်စွာ ပြန်လည်ဖြစ်ပွားလာသည်မှာ ယနေ့ အထိ ဖြစ်သည်။

နှစ်ပေါင်း ၇၀ ကျော်ကြာဖြစ်ပွားနေသည့် ပြည်တွင်းစစ်မီးကို ငြိမ်းသတ်ရန် တစ်ခုတည်းသောနည်းလမ်းက နိုင်ငံ ရေး ပြဿနာကို နိုင်ငံရေးနည်းဖြင့် တွေ့ဆုံဆွေးနွေးခြင်းသည် အဖြေဟု ပြောနေကြသော်လည်း လက်ရှိ စစ် ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြန်လည်အသက်သွင်းနေသည့် ငြိမ်းချမ်းရေးအတွက် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲများသည် မြန်မာပြည်သူများ လိုလားနေကြသည့် ဖက်ဒရယ် နှင့် ဒီမိုကရေစီ ပြည် ထောင်စု တည်ဆောက်ရေးကို ဖော်ဆောင်ပေးမည့် ငြိမ်းချမ်းရေး တွေ့ဆုံ ဆွေးနွေးပွဲမျိုး မဟုတ်ပဲ ၎င်းတို့ ကြုံ တွေ့နေရသည့် အကြပ်အတည်းများကို ကျော်လွှားရန်နှင့် နိုင်ငံတကာ မျက်နှာစာတွင် အသိအမှတ်ပြုရေး ရရှိရန် အတွက် လုပ်ဆောင်နေခြင်းသာ ဖြစ်ပေသည်။

Most read this week

January 17, 2025
ရှမ်းပြည်မြောက်ပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ဒေသတွင်းအုပ်ချုပ်နေသည့် တိုင်းရင်းသား...
January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...