ဧရာဝတီတိုင်း၊ ဒေးဒရဲမြို့တွင် မြို့နယ် စည်ပင်သာယာရေးရုံးနှင့် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့တွင် ဗုံးပေါက်ကွဲ မှုများ ဖြစ်ပွားခဲ့သည်ဟု ဒေသခံများက ပြောသည်။
စက်တင်ဘာလ ၁၃ ရက်နေ့၊ နံနက် ၅ နာရီခွဲအချိန်ခန့်တွင် မြို့နယ်စည်ပင်သာယာ ရေးရုံးဝင်းအတွင်း ဗုံးပေါက် ကွဲခဲ့ပြီး ညပိုင်း ၇ နာရီခွဲ အချိန်ခန့်တွင် အမှတ် ၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးပေါက်ကွဲခဲ့ခြင်း ဖြစ်သည်ဟု မြို့ခံအချို့က ပြောသည်။
“စည်ပင်ရုံး ဗုံးပေါက်ပြီးထဲက မြို့ထဲမှာ လမ်းတွေကို ပိတ်ဆို့ပြီး စစ်သားနဲ့ရဲတွေက လမ်းသွားလမ်းလာတွေနဲ့ ဆိုင်ကယ်တွေကို ရှာဖွေနေတာ။ လုံခြုံရေးတွေ နေရာအနှံ့ချထားတယ်။ အရပ်ဝတ်တွေလည်း ပါတယ်” ဟု အမှတ်-၂ ရပ်ကွက် မှ အသက် ၄၀ ခန့်အရွယ် အမျိုးသားတစ်ဦး က ပြောသည်။
စစ်ကောင်စီ လက်အောက်ခံ စစ်သား၊ ရဲနှင့် ပျူစောထီးအဖွဲ့ဝင်များ ပါဝင်ကာ တင်းကြပ်သည့် လုံခြုံရေး စီမံချက် များ လုပ်နေချိန် ညနေပိုင်းတွင် အုပ်ချုပ်ရေးမှူးရုံးတွင် ဗုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်ဟု မြို့ခံများက ဆိုသည်။
ထိုသို့ဖြစ်ပွားပြီးနောက် ဖြစ်စဉ်နှင့် မသက်ဆိုင်သူများကို ငွေညစ်ရန်အတွက် စစ်တပ်က ဖမ်းဆီးမည်ကို စိုးရိမ်နေ ရသည် မြို့ခံနိုင်ငံရေးသမားတစ်ဦး က ပြောသည်။
အဆိုပါ ဗုံးပေါက်ကွဲမှုတို့ကို ဧရာဝတီနန်းထိုက်အောင် စစ်ဆင်ရေး အဖြစ် ဒေးဒရဲမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (ပကဖ) မှ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်ဟု ထုတ်ပြန် ထားသည်။
ဒေးဒရဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) တာဝန်ရှိသူတစ်ဦး က “ပြည်သူတွေကို ဒုက္ခပေးပြီး စစ် ကောင်စီအကြိုက် လုပ်ပေးနေတဲ့ ဌာနဆိုင်ရာရုံးတွေကို သတိပေးတိုက်ခိုက် တာ။
အဲ့ဒီအုပ်ချုပ်ရေးမှူးရုံးက ဧည့်စာရင်းစစ်မယ် အကြောင်းပြပြီး ပြည်သူတွေဆီက ငွေကောက်တယ်။
ခြိမ်း ခြောက်တယ်။ စစ်သား၊ ရဲတွေ နဲ့ပေါင်းပြီး ဖမ်းဆီးနှိပ်စက်တာတွေလုပ်တယ်။ အဲဒါတွေကြောင့် လုပ်ဆောင်တာ” ဟု ပြောသည်။
ဒေးဒရဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က မြို့နယ်စည်ပင်သာယာရေးရုံးအား လက်ပစ်ဗုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၊ အမှတ်-၂ ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြောသည်။
ထိုသို့ တိုက်ခိုက်မှုအတွင်း ရုံးစာရေးတစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဒေးဒရဲမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပ.က.ဖ) က တာဝန်ရှိသူက ပြောသည်။
ယခု ဧရာဝတီနန်းထိုက်အောင် စစ်ဆင်ရေးအဖြစ် ဖောက်ခွဲမှုသည် ဒေးဒရဲမြို့နယ်အတွက် ဒုတိယ အကြိမ်ဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက်နေ့ကလည်း ဒေးဒရဲ တံတားအဆင်း စစ်ဆေးရေးဂိတ် ဖောက်ခွဲတိုက်ခိုက်ခံရမှုတွင် စစ်သား ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယခု စစ်ဆင်ရေးသည် ဧရာဝတီနန်းထိုက်အောင်၏ ၇ ကြိမ်မြောက် စစ်ဆင်ရေးဖြစ်သည် ဟု သိရသည်။