ရက်အတန်ကြာ ဖြစ်ပွားခဲ့သည့် မိုးဗြဲတိုက်ပွဲတွင် စစ်ကောင်စီ တပ်သား အနည်းဆုံး ၆၅ ဦး သေဆုံးကာ ၅၀ နီးပါး ဒဏ်ရာ ရရှိသည်ဟု မိုးဗြဲ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့ (MBPDF) က ထုတ်ပြန်သည်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ ဖယ်ခုံမြို့နယ်၊ မိုးဗြဲမြို့အတွင်း ဖြစ်ပွားခဲ့သည့် ၄ ရက်တာတိုက်ပွဲ စက်တင်ဘာလ ၈ ရက် ဗုဒ္ဓဟူးနေ့ကတည်းက စတင်ဖြစ်ပွားခဲ့ပြီး တနင်္ဂနွေနေ့အထိ စစ်ကောင်စီတပ်ဘက်က ထိခိုက်မှုနှင့် အသေအပျောက်စာရင်းမှာ တပ်ရင်းတစ်ရင်းစာခန့် ဖြစ်သည်ဟု မိုးဗြဲမြို့တွင် ခုခံတိုက်ခိုက်နေသော တော်လှန်ရေးအင်အားစု မဟာမိတ်ပူးပေါင်းတပ်ဖွဲ့ဝင်များ က ပြောသည်။
မိုးဗြဲမြို့၊ စည်ကား ၃ ရပ်ကွက်နေ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးက “ကျမတို့က ထွက်ပြေးမလို့ စစ် တပ်ရှေ့မှာ ဖုန်းအစစ်ခံနေရတဲ့အချိန် လက်နက်ကြီး ၁၀ လုံး မလှမ်းမကမ်းမှာ ကျတာ ဝုန်းခနဲပဲ။ မြေတောင် တုန်သွားတယ်။ လူတော့မထိပေမယ့် မျက်စိရှေ့တင် နေအိမ်တွေ ပျက်စီးသွားတယ်” ဟု ပြောသည်။
တိုက်ပွဲ ၄ ရက်တာအတွင်း တော်လှန်ရေးအင်အားစု မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များဘက်မှ MBPDF၊ ဖယ်ခုံ PDF၊ KNDF၊ KA၊ URF၊ KGZ၊ နေပြည်တော် PDF၊ KRU စသည့်တပ်ဖွဲ့များ ပါဝင်တိုက်ခိုက်ခဲ့ပြီး တနင်္လာနေ့အထိ တိုက်ပွဲဖြစ်ပွားနေဆဲ ဟု ဆိုသည်။
မိုးဗြဲတိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အများအပြား သေဆုံးထိခိုက်မှုများ ရှိခဲ့သည့်အပြင် ရက်လည်း ကြာလာသည်နှင့်အမျှ စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုများပါ ဆက်တိုက်ပြုလုပ်လျှက်ရှိသည်။
ထို့အပြင် တိုက်ပွဲအတွင်း မဟာမိတ်ပူးပေါင်း တပ်ဖွဲ့ဝင်များဘက်က ၂ ဦးကျဆုံးကာ ၆ ဦးမှာ စိုးရိမ်ရသည့် အနေထားရှိပြီး အသေးစားဒဏ်ရာ ရရှိမှုအနေဖြင့် အယောက် ၄၀ နီးပါးခန့် ရှိနိုင်သည်ဟု ပြန်ကြားရေး တာဝန်ရှိ သူများ၏ ပြောပြချက်အရ သိရသည်။
အလားတူ ၄ ရက်တာတိုက်ပွဲ ကာလအတွင်း စစ်ကောင်စီတပ်များ၏ လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်မှု ကြောင့် ၇ နှစ်အရွယ် ကလေးတစ်ဦး သေဆုံးခဲ့ပြီး ပြည်သူ ၃ ဦး စိုးရိမ်ရသည့် ဒဏ်ရာများ ရရှိခဲ့သည့်အပြင် လူနေအိမ် ပျက်စီးမှုများစွာလည်း ရှိသည်ဟု မြို့ခံပြည်သူများက ပြောသည်။
မိုးဗြဲမြို့တွင် တိုက်ပွဲရက် ကြာလာသည်နှင့်အမျှ တပ်ဖွဲ့ဝင်များမှာ ကျည်ဆံနှင့် လက်နက်ကြီး လိုအပ်ချက်များ ရှိလာနိုင်သည့်အတွက် ပြည်သူများအနေဖြင့် အကူအညီပေးစေလိုသည်ဟု မဟာမိတ်ပူးပေါင်း တပ်ဖွဲ့ဝင်များက ပြောသည်။
မဟာမိတ်ပူးပေါင်း တပ်ဖွဲ့ဝင်ဖြစ်သည့် KNDF မှ ရဲဘော်တစ်ဦးက “လက်ရှိ ကျနော်တို့အတွက်ကတော့ အကြီး မားဆုံး စိန်ခေါ်မှုက ကျည်ဆံပဲ ဖြစ်တယ်။ ကျည်ဆံက လုံလောက် မှု မရှိဘူး။ ဒါပေမယ့် သူတို့နဲ့ ပြန်ပြီး ရင် ဆိုင်ရနိုင်တဲ့ အနေအထားမှာတော့ ရှိတယ်” ဟု ပြောသည်။
အဆိုပါ ၄ ရက်တာ တိုက်ပွဲကာလအတွင်း မဟာမိတ်ပူးပေါင်း တပ်ဖွဲ့ဝင်များ အနေဖြင့် စစ်ကောင်စီတပ်၏ မောင်းပြန်ရိုင်ဖယ်နှင့် ကျည်များဖြစ်သည့် MA-1 (၃) လက်၊ MA-2 (၃) လက်၊ MA-3 (၅) လက်၊ ငါကြင်းမှီး ၁ လက်၊ ကျည်ဘောက် ၃၉ ခု၊ ငါးကြင်းမြီးကျည် ၃၂၆ တောင့်၊ M-16 ကျည် ၂၀ တောင့်၊ ၇.၆၂ ကျည် ၃၄၉ တောင့်၊ ၅.၅၆ ကျည် ၅၅၇ တောင့် တို့အပြင် လက်နက်ကြီးနှင့် ဗုံးအမျိုးအစားထဲမှ ၇၉-မမ ဗုံးသီး ၁၉ လုံး၊ ၆၀-မမ ဗုံးသီး ၇၀ လုံး၊ RPG ဗုံးသီး ၃၁ လုံး၊ လက်ပစ်ဗုံး ၁၄ လုံး၊ နင်းမိုင်း ၁၁ လုံး စသည်တို့ သိမ်းဆီးရမိခဲ့သည်ဟု သိရသည်။
မိုးဗြဲတိုက်ပွဲမှာ တနင်္လာနေ့အထိ ၅ ရက်မြောက်ရှိပြီဖြစ်သော်လည်း တိုက်ပွဲ အရှိန် မသေ သေးပဲ စစ်ကောင်စီတပ်ဘက်က လွိုင်ကော်မြို့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) နှင့် ဖယ်ခုံ ၄၄၂ တပ်ရင်းမှ ၁၂၀ မမ တာဝေးပစ် လက်နက်ကြီးများဖြင့် ရမ်းသန်း ပစ်ခတ်နေခြင်းကြောင့် မိုးဗြဲတစ်မြို့လုံး ယမ်းငွေ့များ ဖုံး လွှမ်းကာ မြို့ခံပြည်သူများအနေဖြင့်လည်း စိုးရိမ်ထိတ်လန့်နေကြသည်ဟု သိရသည်။
အလားတူ လေကြောင်းတိုက်ခိုက်မှုမှာလည်း တစ်ရက် အနည်းဆုံး ၃ ကြိမ်ခန့်ရှိသောကြောင့် မိုးဗြဲလမ်းမကြီးကို ပြည်သူများအနေဖြင့် အသုံးမပြုကြရန် မဟာမိတ်ပူးပေါင်း တပ်ဖွဲ့ဝင်များက သတိပေး ပြောဆိုထားသည်။
ထို့အပြင် အဝေးပြေးယာဉ်လိုင်းများ အနေဖြင့် ဖယ်ခုံမြို့ထဲတွင်သာ ရပ်နားထားရပြီး ယာဉ်မောင်းများ၏ စား ဝတ်နေရေးကိုလည်း ဖယ်ခုံမြို့ခံများက ကူညီပေးထားရသည်ဟု သိရသည်။