ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်ထဲကို စစ်ကောင် စီအင်အား တိုးချဲ့ဝင်ရောက်မှုတွေရှိနေပြီး စစ်ရေး တင်းမာမှုတွေ ရှိလာတာကြောင့် ဒေသခံအချို့ တိမ်း ရှောင်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။
အင်အား (၂၀၀) ဝန်းကျင်လောက်ရှိတဲ့ စစ်ကောင်စီရဲ့ စစ်ကြောင်းဟာ မိုးမောက်မြို့ ၊ ခါနန်ရပ်ကွက်နဲ့ တဆက်တည်း ရှိတဲ့ ဝဝမ်ကျေးရွာထဲကို ဝင်ရောက် လာတာကြောင့် တိုက်ပွဲဖြစ်ပွားလာမှာကို စိုးရိမ်ပြီး စက်တင်ဘာလ (၆) ရက်နေ့ကနေ ယာယီတိမ်းရှောင်သွားကြတာဖြစ်တယ်လို့ အသက် (၄၀) အရွယ် မိုးမောက်ဒေသခံ အမျိုးသားတစ်ဦးကမြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။
" ဝဝမ်နဲ့ ခါနန်က တဆက်တည်းဟုတ်တယ်။ တိုက်ပွဲဖြစ်လာမှာစိုးလို့ တိမ်းရှောင်ကြတာ။ မိုးမောက်မြို့ ပေါ်ဘက်က ဘုရားကျောင်းဘက်ကို ရှောင်ကြတယ်တဲ့။ " လို့ဆိုပါတယ်။
ဝဝမ်ကျေးရွာက စာသင်ကျောင်းနဲ့ ဘုရားကျောင်းဝင်းတွေမှာ ဝင်ရောက်နေရာယူလာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ဒီကနေ့မှာတော့ ထွက်သွားပြီလို့ သတင်းကြားရတာကြောင့် တချို့ ဒေသခံတွေ နေအိမ်ဘက် ခေတ္တသွားပြန်ကြည့်တာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။
မိုးမောက်မြို့ပေါ်က အသင်းတော် ဘုရားကျောင်းဝင်းမှာ ကွမ်ဘန် ဝဝမ်ကျေးရွာက အိမ်ထောင်စု (၅၀) ကျော်၊လူဦးရေ (၁၅၀) ကျော် တိမ်းရှောင်ခိုလှုံနေတယ်လို့ သိရပါတယ်။
အခုလိုမျိုး စစ်ရေးအခြေအနေ တင်းမာမှုကြောင့် တိမ်းရှောင်ရတာဟာ အခုအကြိမ်နဲ့ဆိုရင် ၂ ကြိမ်ရှိပြီဖြစ်တယ်လို့လည်း ဝဝမ်ဒေသခံတွေက ဆိုပါတယ်။
အဲဒီ ကျေးရွာဘက်မှာ ကချင်လွတ်လပ်ရေးတပ်မတော် ကေအိုင်အေ တပ်မဟာ ၃ လက်အောက်ခံ ၊ တပ်ရင်း ၁၅ လှုပ် ရှားတဲ့ နယ်မြေဖြစ်ပြီး မိုးမောက်မြို့မှာတော့ စစ်ကောင်စီရဲ့ ခြေမြန်တပ်ရင်း ခမရ (၄၃၇) က အခြေစိုက်ထားတာဖြစ်ပါတယ်။
KIO/KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူ ကလည်း မိုးမောက် မြို့နယ် နဲ့ ရှမ်းမြောက်ဘက်မှာ စစ်ကောင်စီကနေ အင်အားတိုးချဲ့ မှုတွေ ရှိနေတယ်လို့ မြစ်ကြီးနာသတင်းဂျာနယ်ကို ပြောဆိုထားပါတယ်။