ရှမ်းမြောက်ကွတ်ခိုင်မြို့နယ်၊ ခိုမုံးရွာ အရှေ့ဘက်ခြမ်းတွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

ရှမ်းမြောက်ကွတ်ခိုင်မြို့နယ်၊ ခိုမုံးရွာ အရှေ့ဘက်ခြမ်းတွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့နယ် ခိုမုံးရွာအရှေ့ဘက်ခြမ်းက ကောင်ဆက်တောင် (kawng sak bum) မှာ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ဂျက်ဖိုက်တာလေယာဉ်တွေနဲ့ KIA တပ်စခန်းဘက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်နဲ့ နီးစပ်တဲ့ သတင်းအရင်းအမြစ် တစ်ဦးဆီကနေ သိရပါတယ်။

ဒီကနေ့ စက်တင်ဘာလ (၇) ရက်နေ့ နံနက်ပိုင်း (၁၀) နာရီအချိန်လောက်မှာ KIA တပ်မဟာ (၆)၊ တပ်ရင်း (၉) နဲ့ အင်အား (၇၀) ရှိတဲ့ စစ်ကောင်စီရဲ့ တပ်မ (၇၇) တပ်တို့ တိုက်ပွဲဖြစ်ပွါးခဲ့ပြီးနောက် နေ့လယ် (၁၂) နာရီအချိန်မှာ စစ်ကောင်စီဘက်က‌ လေယာဉ်တစ်စင်း နဲ့ KIA တပ်စခန်းဘက်ကို (၅) ကြိမ်တိုင်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက မြစ်ကြီးနားသတင်းဂျာနယ်ကို ပြောပါတယ်။

“ စစ်ကြောင်းနဲ့ပဲဆိုရင်တော့ မရပါဘူး။ အပေါ်က လေယာဉ်ပဲ ကြောက်ရတယ်။ မနေ့ကနဲ့ ရှေ့တစ်နေ့က ဆင်လီမှာ တပ်မဟာ (၁၀) တွေ သွားပစ်လိုက်တည်းက ဆက်တိုက်ဖြစ်လာပြီ။ လေယာဉ်က တစ်စင်းပဲ။ ကျွန်တော်တို့ကြားတာတော့ (၅) ကြိမ်ကြားတယ်” လို့ ဆိုပါတယ်။

မနေ့က စက်တင်ဘာလ (၆) ရက်နေ့ည (၇) နာရီ (၄၅) မိနစ်အချိန်မှာလည်း ကွတ်ခိုင်မြို့အဝင်က စစ်ကောင်စီရဲ့ ဂိတ်၊ ဆင်လီဂိတ်နဲ့ ကွတ်ခိုင် ဗျူဟာကုန်းကို KIA တပ်ရင်း (၂၉) နဲ့ တပ်ရင်း (၉) တို့ သွားရောက်တိုက်ခိုက်ခဲ့တဲ့အချိန် စစ်ကောင်စီဘက်က (၁၀) ဦး သေဆုံးခဲ့ပြီး (၁၀) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် ဒီကနေ့မှာ ပြန်လည် ထိုးစစ်ဆင်တိုက်ခိုက်နေတာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ချိန် စစ်ကောင်စီရဲ့ နမ့်ဖတ်ကာ (၁၂၃) တပ်စခန်းကနေ လက်နက်ကြီး (၁၂) ကြိမ် ပစ်ခတ်တိုက်ခိုက်ကူခဲ့ပြီး ကွတ်ခိုင်ဗျူဟာကုန်းကနေ ပြန်လည် ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ မောဟစ်ကျေးရွာရက လူနေအိမ်ကို ကျရောက်ခဲ့တာကြောင့် အသက် (၁၀) နှစ်အောက်ဝန်းကျင်ရှိ ကလေးငယ်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အသက် (၂၈) နှစ်ဝန်းကျင် အရွယ်ရှိ ကွတ်ခိုင်မြို့ခံ ဒေသခံအမျိုးသားတစ်ဦးက ဆိုပါတယ်။

“ KIA ဘက်က ကွတ်ခိုင် ဗျူဟာကုန်းကို သွားပစ်တာ။ ဗျူဟာကနေ ပြန်ပစ်လိုက်တဲ့ လက်နက်ကြီးက မော်ဟစ်ကျေးရွာက လူနေအိမ်မှာ သွားကျတာ။ ကလေး နှစ်ယောက် ဒဏ်ရာ ရသွားတယ်” လို့ ပြောဆိုခဲ့တာပါ။

လက်ရှိအချိန် ရှမ်းမြောက်ဘက်မှာ KIA နဲ့ စစ်ကောင်စီကြား စစ်ရေးတင်းမာလျက်ရှိပြီး တိုက်ပွဲ ဆက်လက်ဖြစ်ပွားလျက်ရှိနေပါတယ်။

Most read this week

November 27, 2024
မြစ်ကြီးနား-တနိုင်း လမ်းပိုင်းပျက်စီးမှုတွေကြောင့်  ကားသမားအချို့ ခရီးစဉ်ပြေးဆွဲမှု...
November 25, 2024
ကချင်လွတ်မြောက်ရေးတပ်မတော်(KIA) သိမ်းပိုက်ထားတဲ့ တရုတ်-မြန်မာနယ်စပ် ကန်ပိုက်တီမြို့က...
တံတားဖြတ်သန်းရန် ပြည်သူများစောင့်ဆိုင်းနေကြစဉ်။
November 21, 2024
ကန်ပိုက်တီမြို့ကို မနေ့(နိုဝင်လာ ၂၀ ) ရက်နေ့က KIA ပူးပေါင်းတပ်ဖွဲ့တွေ သိမ်းပိုက်ပြီးနောက် ဒီကနေ့...
November 18, 2024
လမ်းခရီးခက်ခဲမှုကြောင့် ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ ခေါင်လန်ဖူးမြို့မှာ ဆန်တစ်အိတ်ကို...