ငွေဈေး ကျခြင်းကြောင့် ကုန်စုံဆိုင် အချို့ ပိတ်သိမ်း

ငွေဈေး ကျခြင်းကြောင့် ကုန်စုံဆိုင် အချို့ ပိတ်သိမ်း

တစ်ပတ်အတွင်း ငွေဈေးနှုန်း အဆမတန် ကျဆင်းလာမှုကြောင့် တောင်ကြီးမြို့တွင် ကုန် စုံဆိုင်အချို့ပင် ပိတ်သိမ်းမှုများ ရှိလာသည်ဟု တောင်ကြီးမြို့က အိမ်ရှင်မများ၏ ပြောပြချက်အရ သိရသည်။

နိုင်ငံအဝန်း နေ့စဉ်နှင့်အမျှ ကျပ်ငွေဈေး ကျဆင်းလာခြင်းကြောင့် ဩဂုတ်လ နောက်ဆုံးပတ်မှ စတင်၍ ကုန်ဈေး နှုန်းများလည်း ၂၀ ရာခိုင်နှုန်းကျော်အထိ မြင့်တက်လာပြီး ကုန်စုံဆိုင်များအနေဖြင့် အရှုံးပေါ်ကာ ပိတ်သိမ်း လိုက်ရသည်ဟု ကုန်စုံဆိုင်ပိုင်ရှင်များက ပြောသည်။

တောင်ကြီးမြို့ ကံကြီးရပ်ကွက်ရှိ ကုန်စုံဆိုင်ဖွင့်ထားသူ ဒေါ်မြဝင်းက “မရောင်းရတာ မဟုတ်ဘူး။ နေ့တိုင်း အရမ်းရောင်းရတယ်။ ဒါပေမယ့် မမြတ်တဲ့အပြင် ရှုံးလာတယ်။ ရောင်း လိုက် တက်ဈေးနဲ့ ပြန်ဝယ်လိုက်နဲ့ မကာမိတော့ဘူး။ တဖက်က ဈေးဝယ်သူတွေကိုလည်း အရမ်းအားနာ ရ တယ်။ ကပ်တဲ့ ဈေးအတိုင်း မရောင်း နိုင်တော့လေ။ စိတ်ရှုပ် မခံနိုင်တော့ဘူး။ တစ်ရက်နှစ်ရက် ရောင်းပြီးတာနဲ့ ပိတ်တော့မှာပါ” ဟု ပြောသည်။

ထိုကဲ့သို့ ကုန်ဈေးနှုန်း အဆမတန် မြင့်တက်လာမှုကြောင့် ကုန်စုံဆိုင်များ အနေဖြင့် ရောင်းချပြီးသည့် ပစ္စည်းများ ပြန်ဝယ်ဖြည့်သည့် အခါတွင် တက်သည့်ဈေးနှင့်သာ ဝယ်နေရပြီး ကုန်စျေးနှုန်းများမှာလည်း တစ်ရက်အတွင်းမှာ ပင် နှစ်ကြိမ်ခန့် ဈေးနှုန်းများ လိုက်ပြင်နေရသည်ဟု ဒေါ်မြဝင်းက ဆက်ပြောသည်။

ထို့အပြင် အချို့ ကုန်ပစ္စည်းများမှာ တက်သည့်ဈေး မသိနိုင်ခြင်းကြောင့် ကုန်စုံဆိုင်အချင်းချင်း ဆက်သွယ် ညှိနှိုင်း ကာ ရောင်းချနေကြရသည်ဟု ကုန်စုံဆိုင် ပိုင်ရှင်များ က ပြောသည်။

“ကိုယ်က ငွေရှင်းတဲ့အခါမှ ဆိုင်အချင်းချင်း ဈေးလှမ်းမေးနေတာတွေ ကြားရတာ အဆင်မပြေဘူးပေါ့။ စိတ်က သိ ကအောက်ဖြစ်စေတယ်။ ပြီးတော့ ဈေးတက်မှာစိုးလို့ ဝယ်စုမယ်ဆိုရင်တောင် ဆိုင်ရောက်တာနဲ့ ဈေးက တက်ပြီ။ ကိုယ်သုံးနေကျ ပစ္စည်းတွေက ကြိုဝယ်မယ်ဆိုပြန်တော့လည်း တကယ်လိုအပ်လာရင် သုံးစရာမရှိမှာ လည်း စိတ်ပူရတယ်” ဟု တောင်ကြီးမြို့ပေါ်တွင် နေ့စဉ်ဈေးဝယ်ထွက်သူ အသက် ၅၀ အရွယ် အိမ်ရှင်မ တစ်ဦး က ပြောသည်။

နိုင်ငံအဝန်းတွင် ပြီးခဲ့သည့် ဩဂုတ်လ ၂၆ ရက်နေ့တွင် တစ်ဒေါ်လာလျှင် ၃,၃၀၀ ကျပ်သာ ပေါက်ဈေးရှိခဲ့ရာမှာ နေ့စဉ်နှင့်အမျှ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းလာခြင်းကြောင့် ဩဂုတ်လ ၃၁ ရက်နေ့တွင် ၄,၅၀၀ ကျပ် ၊ ၅,၀၀၀ ကျပ်အထိ မြင့်တက်လာခဲ့ခြင်း ဖြစ်သည်။

ထိုသို့ ငွေဈေး အပြောင်းအလဲကြောင့် အခြေခံစားသောက်ကုန်များနှင့် လူသုံးကုန် ပစ္စည်းများလည်း တစ်ပတ်အတွင်း ၂၀ ရာခိုင်နှုန်းကျော်ခန့် မြင့်တက်လာခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် တောင်ကြီးမြို့အတွင်း ရောင်းချနေသည့် ကုန်စုံဆိုင်များမှာ ကုန်ပစ္စည်းများကို တက်ဈေးဖြင့်သာ ဝယ် ဖြည့်နေရ၍ အရှုံးပေါ်ကာ ပိတ်သိမ်းလာသည့် ဆိုင်များလာပြီဟု ကုန်စုံဆိုင် ရောင်းချနေသူများ၏ ပြောပြချက် အရ သိရသည်။

လက်ရှိ မြန်မာကျပ်ငွေတန်ဖိုး ကျဆင်းမှုအား ကုစားရန်အတွက် စစ်ကောင်စီမှ ဒေါ်လာ သန်း ၂၀၀ ကျော် ရောင်း ချပေးမည်ဟု ဗဟိုဘဏ်မှ ထုတ်ပြန်ခဲ့ပြီးနောက် စက်တင်ဘာလ ၁ ရက်နေ့တွင် တစ်ဒေါ်လာ ၃,၆၀၀ ကျပ်အထိ ကျဆင်းလာကြောင်း သိရသည်။

သို့သော်လည်း မြန်မာနိုင်ငံ၏ ဈေးကွက်လည်ပတ်ပုံ သဘောတရားမှာ စျေးတက်ပြီးသည့် ကုန်ပစ္စည်းများမှာ ဈေးနှုန်းပြန်ကျသည်ဟူ၍ မရှိဖူးသောကြောင့် ဆိုင်ရှင်များမှာ ဆက်လက်အရှုံးပေါ်နေဆဲ ဖြစ်ပြီး ဆိုင်လည် ပတ် ရန်ပင် ခက်ခဲလာနေသည်ဟု ကုန်စုံဆိုင်ပိုင်ရှင် အချို့က ပြောသည်။

ထို့ကြောင့် ရပ်ကွက်များအတွင်း လက်လီရောင်းချနေသော ကုန်စုံဆိုင်အများစုမှာ ဝယ်ရင်း ကုန်စ္စည်းဈေနှုန်းဖြင့် မရောင်းချနိုင်ပဲ တက်ဈေးဖြင့်သာ ရောင်းချနေရသောကြောင့် ဆိုင်ကြီးများနှင့် နှိုင်းယှဉ်ပါက ဝယ်ယူသူလည်း နည်းပါးလာပြီး ပိတ်လိုက်ရသည်ဟု ဆိုင်ရှင်များက ပြောသည်။

အလားတူ လက်ကားဆိုင်ကြီး အချို့မှာလည်း တက်ဈေးဖြင့်သာ ပြန်ဝယ်ဖြည့်နေရသည့်အပြင် စက်သုံးဆီဈေး ဂယက်ကြောင့် သယ်ယူစရိတ်ကြီးမြင့်လာခြင်း၊ ဈေးနှုန်း မကြာခဏ ပြောင်းလဲမှုကြောင့် ဝယ်ယူသူများ အနေ ဖြင့် ယုံကြည်မှုကျဆင်းလာခြင်း၊ ဝန်ထမ်းစရိတ်နှင့် မကာမိခြင်း စသည့် အချက်များကြောင့် မကြာမီ အချိန် အတွင်း ပိတ်သိမ်းရနိုင်သည်ဟု လက်ကားရောင်းချသည့် ကုန်စုံဆိုင်ပိုင်ရှင်များက ပြောသည်။

ဒေါ်လာဈေးတက်မှုများကြောင့် တောင်ကြီးမြို့ပေါ်တွင် လတ်တလော အရှုံးပေါ်ကာ ပိတ်သိမ်းရသည့် ကုန်စုံဆိုင် များအနေဖြင့် ရပ်ကွက်တစ်ခုလျှင် ပျှမ်းမျှ ၁၀ ဆိုင်နှင့် အထက် ရှိနိူင်ပြီး ဈေးကြီးများတွင် ဖွင့်လှစ်ထားသော လက်ကား ကုန်စုံဆိုင်ကြီးများအနေဖြင့် ဆိုင်ပေါင်း ၂၀ ကျော်ခန့် ရှိနိုင်သည်ဟု တောင်ကြီးမြို့အတွင်း နေ့စဉ်နီးပါး ဈေးဝယ်ထွက်နေသည့် အိမ်ရှင်မများထံမှ သိရသည်။

Most read this week

January 17, 2025
ရှမ်းပြည်မြောက်ပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ဒေသတွင်းအုပ်ချုပ်နေသည့် တိုင်းရင်းသား...
January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...