အယောင်ပြ မီဇိုရမ်ပြည်နယ်ရောက် ချင်းစစ်ဘေးရှောင်တွေရဲ့ နေရပ်ပြန်ရေး

အယောင်ပြ မီဇိုရမ်ပြည်နယ်ရောက် ချင်းစစ်ဘေးရှောင်တွေရဲ့ နေရပ်ပြန်ရေး

DonBosco — လက်ရှိအချိန်ထိ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းဒေသကြီးဖက်က စစ်ပွဲတွေ အခြေအနေကြောင့် အိန္ဒိယနိုင်ငံဖက်ကို စစ်ဘေးတိမ်းရှောင်နေရဆဲဖြစ်ပါတယ်။ စစ်ဘေးရှောင်တွေ အရေးနဲ့ပတ်သက်ပြီး အိန္ဒိယဗဟိုအစိုးရနဲ့ မြန်မာပြည်ဖက်က စစ်ကောင်စီလက်အောက်က ဝန်ကြီးဌာန အချင်းချင်း နေရပ်ပြန်မယ့်အရေးအပေါ် ဆွေးနွေးမှုလုပ်ထားသယောင် မြန်မာနိုင်ငံဖက်က နိုင်ငံခြားရေးဝန်ကြီးဌာနကနေ လှို့ဝှက်စာဟာပေါက်ကြားလာခဲ့ပါတယ်။

အဲဒီပေါက်ကြားစာမှာ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဍမောင်လွင်ကိုယ်တိုင် လက်မှတ်ရေးထိုးထားတဲ့စာပေါက်ကြားခဲ့တာဖြစ်ပါတယ်။ အဲဒီ လှို့ဝှက်လို့အမည်တပ်ထားတဲ့စာရဲ့ အကြောင်းအရာမှာ နေရပ်စွန့်ခွါလာသူများကို ပြန်လည်ပို့ဆောင်ရေးနဲ့ နေရာချထားပေးရေးနဲ့စပ်လျဉ်းပြီး မီဇိုရမ်ပြည်နယ်အစိုးရက အကြောင်းကြားစာ ပေးပို့လာသည့် ကိစ္စတင်ပြခြင်းဆိုပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံးကို လိပ်မူပြီး ပေးပို့ခဲ့တာဖြစ်ပါတယ်။

ဒီစာဟာ သြဂုတ်လ (၅) ရက်စွဲနဲ့ ပေါက်ကြားလာတာဖြစ်ပြီး ချင်းပြည်နယ်အစိုးရရုံးမှာ ထန်တလန်မြို့ပြန်လည်ထူထောင်ရေးကိစ္စကို စစ်ကောင်စီလက်အောက်ခံ ပြည်နယ်အစိုးရအနေနဲ့ မြို့မိမြို့ဖနဲ့ ဘာသာရေးခေါင်းဆောင်တွေကို ခေါ်ယူပြီး အစည်းအဝေးလုပ်ပြီး မကြာမီမှာ ထွက်ပေါ်လာတဲ့ စာပဲဖြစ်ပါတယ်။

စစ်ကောင်စီလက်အောက်ခံ အစိုးရအဖွဲ့အနေနဲ့ ခေါ်ယူခဲ့တဲ့ ထန်တလန်မြို့ပြန်လည်တည်ထောင်ရေးကိစ္စအတွက် အစည်းအဝေးခေါ်မှန်းမသိရပဲ၊ အစည်းအဝေးခန်မထဲရောက်မှ သိရတာဖြစ်တယ်လို့ ၎င်းတို့ကိုယ်တိုင် ဖြေရှင်းခဲ့ပြီးဖြစ်ပါတယ်။

ပေါက်ကြားလာတဲ့စာထဲမှာ မြန်မာနိုင်ငံနဲ့ အိန္ဒိယနိုင်ငံ နှစ်နိုင်ငံနယ်စပ်ရှိ နေရပ်စွန့်ခွါလာသူများကို ပြန်လည်ပို့ဆောင်ရေးနဲ့ နေရာချထားပေးရေးတို့အတွက် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်အစိုးရက ကောလ်ကတ္တားမြို့ရှိ မြန်မာကောင်စစ်ဝန်ရုံးချုပ်ကို အကြောင်းကြားစာပေးပို့လာကြောင်းဆိုပြီး ရေးထားတာကို တွေ့ရပါတယ်။

အဲဒီစာထဲမှာ မီဇိုရမ်အစိုးရအနေနဲ့ မြန်မာနိုင်ငံအတွင်း လုံခြုံရေးအခြေအနေတွေကြောင့် နေရပ်စွန့်ခွါလာတဲ့ မြန်မာနိုင်ငံသားတွေအနေနဲ့ ဘဝရေရှည်ဘေးကင်းလုံခြုံရေးအတွက် လိုအပ်ဆဲဖြစ်တဲ့အကြောင်း အကြောင်းကြားစာပေးပို့ထားတယ်လို့ပါရှိပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မီဇိုရမ် ပြည်ထဲရေးဝန်ကြီးက အခုလိုပဲပြောပါတယ်။ “ မြန်မာကောင်စစ်ဝန်ရုံးကနေ ပို့တဲ့စာ ကောလ်ကတ္တားမြို့ရုံးကနေ စာရောက်လာပါတယ်။ ကျွန်တော်တို့ အကြောင်းပြန်လိုက်ပါတယ်။ သူတို့နေရပ်ပြန်မယ့်ကိစ္စက သူတို့နိုင်ငံပြန်ရောက်ရင် လုံခြုံပါမယ်လို့ အာမခံသလားလို့ပြန်မေးပါတယ်။ အခုချိန်ထိ စစ်ကောင်စီဖက်က စာအကြောင်းမပြန်နိုင်ပါဘူး” လို့ပြောပါတယ်။

သူကဆက်ပြီး မြန်မာနိုင်ငံရဲ့အခြေအနေကို သိတာကြောင့် အခုလို အခက်အခဲဖြစ်တဲ့ အခြေအနေမှာ စစ်ရှောင်တွေကို အတင်းပြန်ပို့ဖို့ လုံးဝစိတ်ကူးမရှိပါဘူးလို့ဆိုပါတယ်။

CHRO ကတာဝန်ရှိသူတစ်ဦးဖြစ်သူကလည်း ဒီလိုမျိုးအခြေအနေမှာ မြန်မာနိုင်ငံသားတွေကို နေရပ်ပြန်ပို့မယ်ဆိုတဲ့ကိစ္စက မီဇိုရမ်အစိုးရကိုယ်တိုင် စိတ်ဆိုးပါတယ်။ သူတို့က ညီအစ်ကိုချင်းဆိုပြီး လူမှုရေး၊ ပညာရေး၊ ပညာရေး၊ စားဝတ်နေရေးတွေအတွက် အကုန်ကျခံ ကူညီနေတာဖြစ်ပါတယ်လို့ ပြောပါတယ်။

အဲသလိုပဲ မီဇိုရမ်ရဲ့ ပြည်ထဲရေးဝန်ကြီးကိုယ်တိုင်က ပဋိပက္ခပိုဆိုးနေတဲ့ မြန်မာပြည်က ထွက်ပြေးလာတဲ့ ဒုက္ခသည်တွေအတွက် ဒေသအခြေစိုက် ဘာသာရေးအဖွဲ့အစည်း၊ လူမှုရေးအဖွဲ့အစည်းတွေ၊ NGO တွေရဲ့ပူးပေါင်းကူညီမှုကိုပါ ကျေးဇူးတင်တဲ့အကြောင်း ချင်းဝေါလ်နဲ့အင်တာဗျူးလုပ်တဲ့ အချိန်ဖြေဆိုခဲ့တာပါ။

လက်ရှိမှာ CHRO ရဲ့ စာရင်းအရတော့ စစ်ဘေးရှောင်တွေဟာ မီဇိုရမ်မှာ ၄ သောင်းကျော်ရှိပါတယ်။ အဲဒါက အိန္ဒိယနိုင်ငံမြို့တော်ကို ရောက်နေတဲ့ စစ်ဘေးရှောင်စာရင်းမပါသေးပါဘူး။

UNHCR ရဲ့စာရင်းမှာတော့ မီဇိုရမ်မှာ ၇၀ ရာခိုင်နှုန်းနဲ့ မဏိပူရ်ပြည်နယ်မှာ ၃၀ ရာခိုင်နှုန်း စစ်ဘေးရှောင်နေကြတယ်လို့ဆိုပါတယ်။ အဲဒီမှာ အများစုကတော့ ချင်းလူမျိုးတွေပါ။

မီဇိုရမ် ပြည်နယ်အစိုးရအနေနဲ့လည်း သီးသန့်စာရင်းပြုစုတာရှိနေပြီး လက်ရှိမှာ လူဦးရေသုံးသောင်းကျော် စစ်ရှောင်ရှိတဲ့အထဲက သုံးသောင်းဝန်းကျင်ကို ဒုက္ခသည်ကပ်ပြားတွေ ထုတ်ဝေပေးထားပြီဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။

ချင်းလူမျိုးနဲ့ပတ်သက်ပြီး “မီဇိုရမ်ပြည်နယ်အစိုးရရဲ့ ရပ်တည်ချက်ကတော့ ရှင်းပါတယ်။ အရင်ကတည်းက သာရေးနာရေးကိစ္စက အစနယ်စပ်ဖြတ်ကျော်ပြီး ညီအစ်ကိုလိုနေလာခဲ့တဲ့ သူတွေဖြစ်တဲ့အတွက် မီဇိုရမ်မှာတော့ ကောင်းကောင်းစောင့်ရှောက်ဖို့ ကျွန်တော်တို့ကြိုးစားတယ်” လို့ ပြည်ထဲရေးဝန်ကြီးကတော့ ဆိုပါတယ်။

လက်ရှိမှာ စစ်ရှောင်တွေများလာတဲ့ကိစ္စနဲ့အတူ မူးယစ်ဆေးဝါးကုန်သွယ်မှုတွေဖြစ်ပေါ်နေတဲ့ သတင်းတွေ မီဇိုရမ်ဖက်က မီဒီယာမှာတွေ့နေရပါတယ်။ မီဇိုရမ်အစိုးရကတော့ သူတို့ကောက်ယူထားတဲ့ သူတွေရဲ့စားရင်းတွေထဲက သူတွေကတော့ ဒါမျိုးကျူးလွန်ခြင်းမရှိဘူးလို့ ပြောဆိုထားတဲ့အပြင်၊ အစိုးရတာဝန်ရှိသူတွေအနေနဲ့လည်း မီဒီယာတွေဆီ တရားဝင်ပြောဆိုထားပါတယ်။

မီဇိုရမ်ရောက် ချင်းလူမျိုးစစ်ဘေးရှောင်တွေကြားမှာ အခုလို နယ်စပ်ကူးဖြတ်ပြီး မူးယစ်ဆေးဝါး ရောင်းဝယ်မှု အရေးပိုဆိုးလာရင် မီဇိုရမ်အစိုးရကိုယ်တိုင် လက်ခံပြီးထောက်ပံ့တဲ့ စစ်ဘေးရှောင်တွေနဲ့ မီဇိုရမ်ပြည်နယ်က အရပ်ဖက်အဖွဲ့အစည်းတွေကြားပြသနာဖြစ်လာခဲ့ရင် အစိုးရဆီ ပြသနာပြောစရာဖြစ်လာမှာမို့ အစိုးရကိုယ်တိုင် ငြင်းပယ်တာမျိုးဖြစ်နိုင်တယ်လို့ မီဇိုရမ်ပြည်နယ်ရောက် ချင်းတိုင်းရင်းသားတစ်ဦးကပြောပါတယ်။

ဒါပေမယ့်လည်း ဒီနှစ်အတွင်းမှာ ပြည်နယ်ရဲတပ်ဖွဲ့အနေနဲ့ နယ်စပ်ဖြတ်ကျော် ပြီး မူးယစ်ဆေးဝါးသယ်ယူမှုတွေကို ဖမ်းဆီးနေတဲ့သတင်းတွေဟာ ယခင်နှစ်တဲ့ ပိုများနေတာပါ။

ယခင်ကလည်း မြန်မာပြည်ဖက်က မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှုတွေ နယ်စပ်ဖြတ်ကျော်ပြီး လုပ်ကြလို့ မီဇိုရမ်အရပ်ဖက်အဖွဲ့အစည်းတွေကိုယ်တိုင် မြန်မာနိုင်ငံသားတွေကို မောင်းထုတ်ခဲ့တဲ့ သာဓကရှိဖူးပါတယ်။

နယ်စပ်ဖက်မှာ ပြသနာရှိနေပေမယ့် အခုချိန်ထိ မီဇိုရမ်ပြည်နယ်အစိုးရအနေနဲ့ တရားဝင် စစ်ဘေးရှောင်တွေကို တရားစွဲအရေးယူတာမျိုးမရှိသလို ဥပဒေဘောင်အတွင်းက ရှိနေတယ်လို့ သူတို့ရဲ့ တရားဝင်စာရင်းက စစ်ဘေးရှောင်တွေရဲ့ အခြေအနေကို ပြောဆဲပဲဖြစ်ပါတယ်။

တစ်ဖက်မှာ မီဇိုရမ်အနေနဲ့ စစ်ဘေးရှောင်တွေကို ကူညီစောင့်ရှောင်မှု လုပ်ဆောင်နေချိန်မှာပဲ မဏိပူရ် ပြည်နယ်ဖက်ကတော့ စစ်ဘေးရှောင်တွေကို ဆယ်ကဏန်းအထိ ဖမ်းစီးအရေးယူမှုတွေရှိနေပါတယ်။

အဲဒါနဲ့ပတ်သက်ပြီးလည်း မီဇိုရမ်ပြည်နယ်အစိုးရဖက်ကတော့ “မီဇိုရမ်ဟာ ချင်းလူမျိုးတွေကို ညီအစ်ကိုလိုပဲ သဘောထားတယ်။ မဏိပူရ်ပြည်နယ်အစိုးရအနေနဲ့တော့ ကျွန်တော်တို့လို သဘောမထားလို့ ဖြစ်မှာပါ” လို့ပဲ မှတ်ချက်ပြုပါတယ်။

တစ်ဖက်မှာလည်း အိန္ဒိယနိုင်ငံဟာ UNHCR လက်မှတ်ရေးထိုးထားခြင်းမရှိသလို စစ်ဘေးရှောင်တွေကိုလည်း ဒုက္ခသည်အဖြစ် တရားဝင်လက်ခံထားခြင်းလုံးဝမရှိသေးပါဘူး။ အဲဒါကိုတော့ ၂၀၂၁ လဆန်းပိုင်းကတည်းက အိန္ဒိယအစိုးက တရားဝင်စာနဲ့ကမ္ဘာသိထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

အိန္ဒိယအစိုးရဟာ မြန်မာပြည်ရဲ့ စစ်ကောင်စီနဲ့ တွဲဖက်စစ်ရေးလေ့ကျင့်မှုအပြင် တစ်ခြားကဏ္ဍတွေမှာလည်း ပူးပေါင်းလုပ်ငန်းလုပ်ဆောင်နေဆဲဖြစ်ပါတယ်။

ဒါကြောင့်လည်း အိန္ဒိယရောက် မြန်မာပြည်အဖွဲ့အစည်းဖြစ်တဲ့ India for Myanmar အဖွဲ့က သံရုံးတွေအထိ ဆန္ဒဖော်ထုတ်တဲ့အပြင် ရုံးတွေပေးစာတွေလည်း ပေးနေပြီး မြန်မာစစ်ကောင်စီနဲ့ ပူးပေါင်းမှုကို ကန့်ကွက်နေဆဲဖြစ်ပါတယ်။

India for Myanmar က UNHCR အပါအဝင် လူသားချင်းစာနာမှု ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းများနဲ့ ဒီမိုကရေစီနိုင်ငံသံရုံးများကို အမြဲအသိပေးအကြောင်းခြင်း၊ နှိုးဆော်တိုက်တွန်းခြင်းများကို လုပ်ဆောင်လျက်ရှိပါတယ်။

လက်ရှိအခြေအနေမှာ မြန်မာပြည်တွင်းမှာ ငြိမ်းချမ်းရေး လမ်းကြောင်းဦးတည်မှုရှိမနေပဲ ပဋိပက္ခပိုမိုဖြစ်ပွားမယ့်အနေအထားတွေဖြစ်နေပါတယ်။ စောင့်ကြည့်ရေးလုပ်နေတဲ့ အဖွဲ့အစည်းအသီးသီးရဲ့ စာရင်းတွေအရဆိုရင်လည်း တိုက်ပွဲပိုမိုပြင်းထန်လာသလို အရပ်သားသေဆုံးမှုတွေ မြင့်တက်နေကြောင်း ပုံမှန်ထုတ်ပြန်လျက်ရှိတာကို တွေ့ရမှာဖြစ်ပါတယ်။

မီဇိုရမ်ကို အများဆုံးရောက်နေတဲ့ ချင်းလူမျိုးတွေနေထိုင်ခဲ့ရာ ချင်းပြည်နဲ့ စစ်ကိုင်းတိုင်းတစ်လျှောက်မှာလည်း မိုးတွင်းကာလဖြစ်တဲ့အတွက် လေကြောင်း တိုက်ခိုက်မှု လျော့ပါးသကဲ့သို့ဖြစ်ပေမယ့် မိုးတွင်းကာလပြီးတဲ့ ပွင့်လင်းရာသီမျိုးမှာ တိုက်ပွဲပိုပြင်းထန်ပြီး မြို့တွင်း တိုက်ပွဲတွေလည်း ပိုမိုဆိုးရွားမှာဖြစ်တဲ့လို့ပဲ လူထုဖက်ကတော့ မှန်းဆထားပါတယ်။

ဒါကြောင့် နှစ်ဖက်အစိုးရခြင်း ညှိနှိုင်းမှုက ဘယ်လို လှို့ဝှက်မှုတွေနဲ့ ဆက်သွယ်ကြမယ်ဆိုတာ မှန်းရခက်ပေမယ့် စစ်ဘေးရှောင်တွေ နေရပ်ပြန်ရေးကတော့ လက်တွေ့မှာ မဖြစ်နိုင်သေးပါဘူး။ စစ်ဘေးရှောင်တွေကို လက်တွေ့လက်ခံထားတဲ့ မီဇိုရမ်ပြည်နယ်အစိုးရ ကိုယ်တိုင်ကလည်း စစ်ဘေးရှောင် ဒုက္ခသည်တွေကို ငြိမ်းချမ်းမှုမရှိပဲ ပြန်ပို့မှာမဟုတ်ဘူးလို့ ယတိပြတ်ပြောဆိုထားပြီးဖြစ်ပါတယ်။

ဒါကြောင့် စစ်ကောင်စီလက်အောက်ခံ နိုင်ငံခြားရေးဝန်ကြီးဌာနအနေနဲ့ ဘယ်လိုပဲ အိန္ဒိယအစိုးရဖက်နဲ့ ညှိနှိုင်းမှုလုပ်တယ်ဆိုသည့်တိုင် လက်တွေ့မှာတော့ အဲဒီညှိနှိုင်းမှုတွေဟာ အယောင်ပြသက်သက်၊ ဒါမှမဟုတ် နိုင်ငံတကာကို လှည့်စားဖို့သက်သက်လို့ပဲ ပြောရမှာဖြစ်ပါတယ်။

Most read this week

January 3, 2025
ရခိုင်ပြည်၊ မြေပုံမြို့နယ်၊ ကမ်းထောင်းကြီးမြို့ကို ယနေ့ ဇန်နဝါရီလ ၃ နေ့တွင် စစ်ကောင်စီက...
Myanmar Defence Weapons။
January 3, 2025
အာရက္ခတပ်တော် (AA) သိမ်းပိုက်ထားသည့် ရခိုင်တောင်ဘက်အစွန်ဆုံး ဂွမြို့ကို...
January 2, 2025
မြေကော်ကားတွေနဲ့ ထိုးညှိထားပြီး အတော်အတန်ကျယ်ဝန်းတဲ့ မြေနီနီတောင်ကုန်းတွေပေါ်မှာ...
ဓာတ်ပုံ - CINCDS။
January 2, 2025
လက်နက်ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းပြီး တိုင်းပြည်တည်ငြိမ်းချမ်အောင် နိုင်ငံရေးနည်း၊...