ဒူဘိုင်းတွင် ပိတ်မိနေသည့် မြန်မာနိုင်ငံသူ ၈ ဦး၏ နိုင်ငံကူးလက်မှတ်များ ပြန်လည်ရရှိထား၊ နေရပ်ပြန် နိုင်ရန် ဆက်လက်ဆောင်ရွက်နေ

ဒူဘိုင်းတွင် ပိတ်မိနေသည့် မြန်မာနိုင်ငံသူ ၈ ဦး၏ နိုင်ငံကူးလက်မှတ်များ ပြန်လည်ရရှိထား၊ နေရပ်ပြန် နိုင်ရန် ဆက်လက်ဆောင်ရွက်နေ

အာရပ်စော်ဘွားများပြည်ထောင်စု ဒူဘိုင်းတွင် ပိတ်မိနေသည့် မြန်မာနိုင်ငံသူ ရှစ်ဦး၏ နိုင်ငံကူးလက်မှတ်များ ပြန်လည်ရရှိထားပြီး နေရပ်ပြန်နိုင်ရေးဆက်လက်ဆောင်ရွက်နေကြောင်း ဆော်ဒီ အာရေးဗျနိုင်ငံ၊ ရီရတ်ဒ်မြို့တွင်ရှိသည့် စစ်ကောင်စီမြန်မာသံရုံးက ယမန်နေ့ သြဂုတ်လ ၂၈ ရက်တွင် သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် သြဂုတ်လ ၂၅ ရက်နေ့က Khaing Lay အမည်ဖြင့် လူမှုကွန်ရက်သုံးစွဲသူ အမျိုးသမီးတစ်ဦးက ဒူဘိုင်းတွင် မြန်မာအမျိုးသမီးရှစ်ဦး ဒုက္ခရောက်နေကြောင်း ဗီဒီယိုဖိုင်နှင့်တကွ အကူအညီတောင်းခံခဲ့ သည်။

ထို့ကြောင့် ရိရတ်ဒ်မြို့ရှိမြန်မာသံရုံးတာဝန်ရှိသူများက သြဂုတ်လ ၂၆ ရက်နေ့တွင် အဆိုပါ အမျိုးသမီး များရှိရာ ဒူဘိုင်းမြို့ကို ဆက်သွယ်စုံစမ်းပြီးနောက် ပွဲစားဆိုသူနှင့် အမျိုးသမီးများကြား ညှိနှိုင်းဆောင်ရွက် မှုများပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။

ယင်းသို့ ညှိနှိုင်းမှုတွင် အမျိုးသမီးရှစ်ဦး၏ နိုင်ငံကူးလက်မှတ်များ ကာယကံရှင်များထံ ပြန်လည်ပေးအပ် နိုင်ခဲ့ကာ မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်လည်ထွက်ခွာနိုင်ရန် စီစဉ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သံရုံး၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် မြန်မာန်ိုင်ငံသူ အမျိုးသမီးရှစ်ဦးကို လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နိုင်ရန် နှင့် မလိုလားအပ်သည့် ပြဿနာများ မဖြစ်ပွားစေရန်အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက သြဂုတ်လ ၂၇ ရက်နေ့တွင် ၎င်းတို့နေထိုင်ရာနေရာများမှ ဒူဘိုင်းရှိ CID ဌာနချုပ်သို့ ခေတ္တပို့ဆောင်ထားကြောင်း သိရ သည်။

“သူတို့က အခု ဒူဘိုင်းရဲ့ အမျိုးသမီးရေးရာလို ပုံစံမျိုးမှာ ရှိနေပါတယ်။ အဲဒီနေရာက ယောက်ျားလေးတွေ ဝင်လို့မရဘူး။ ဖုန်းသုံးလို့ မရဘူး။ အဲဒီလိုအခြေအနေတွေတော့ ရှိတယ်။ နေရတာတော့ တော်တော် အဆင်ပြေတယ်။ တခုခုလိုတာရှိရင်လည်း အဲ့ဒီနေရာမှာရှိတဲ့ အမျိုးသမီးတွေကို ဆက်သွယ်ပြီး အကူ အညီတောင်းလို့လည်းရတယ်။ အခုတော့ သူတို့ကို လေယာဉ်လက်မှတ်ပို့ပေးဖို့နဲ့ အိမ်ကို ဆက်သွယ်ဖို့ ဖုန်းသုံးခွင့်ပြုဖို့ တောင်းဆိုထားတယ်လို့ သိရပါတယ်” ဟု မြန်မာနိုင်ငံသူရှစ်ဦး၏ အခြေအနေနှင့် ပတ်သက်ပြီး ဒူဘိုင်းမြို့တွင် နေထိုင်သည့် မြန်မာအမျိုးသမီးတစ်ဦးက ပြောသည်။

ဒူဘိုင်းမြို့ရှိ CID ဌာနချုပ်တွင် ရောက်ရှိနေသူရှစ်ဦးထဲမှ တစ်ဦးကို အာမခံဖြင့် ပြန်လည်ခေါ်ထုတ်သွား ခဲ့ပြီး လက်ရှိအချိန်တွင် ခုနစ်ဦးသာထိန်းသိမ်းထားသည့်နေရာတွင် ကျန်ရှိတော့ကြောင်းလည်း သိရသည်။

" ရှစ်ယောက်မှာ သူတို့ပြောတာ တစ်ယောက်ကပွဲစားလို့ပြောတယ်။ အဲဒီနေရာကထုတ်ဖို့ဆိုရင် သူတို့ကို တစ်ယောက်ယောက်က အာမခံပေးဖို့လိုတယ်။ အာမခံပေးတဲ့သူကလည်း သူတို့ကို နိုင်ငံရောက်အောင် ပြန်ပို့ရတယ်။ အာမခံပေးတဲ့သူနဲ့ပဲ နေရမယ်။ တခုခု ဖြစ်ခဲ့တယ်ဆိုရင်လည်း အာမခံတဲ့သူက အစအဆုံး တာဝန်ယူရမယ်။ သူတို့ရှစ်ယောက်မှာ ပွဲစားလို့ ပြောတဲ့တစ်ယောက်ကိုတော့ အာမခံနဲ့လာထုတ်သွားတာ ရှိတယ်။ အဲဒီတစ်ယောက်ရဲ့ အခြေအနေကတော့ မသိရဘူး။ ကျန်တဲ့ခုနစ်ယောက်ကတော့ ထိန်းသိမ်း ထားတဲ့နေရာမှာပဲ နေနေကြတုန်းပါ" ဟု ၎င်းက ဆက်ပြောသည်။

ဆော်ဒီအာရေးဗျနိုင်ငံ၊ ရီရတ်ဒ်မြို့တွင်ရှိသည့် စစ်ကောင်စီမြန်မာသံရုံးအနေဖြင့်လည်း မြန်မာနိုင်ငံသူ ရှစ်ဦးကိစ္စနှင့်ပတ်သက်ပြီး အာရပ်စော်ဘွားများပြည်ထောင်စုမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆက်သွယ် ဆောင်ရွက်လျက်ရှိကာ မြန်မာနိုင်ငံသို့ အမြန်ဆုံးပြန်လည်ထွက်ခွာနိုင်ရေး ဒူဘိုင်းမြို့ရှိ မြန်မာ့လူမှု အဖွဲ့ အစည်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။

“ဒီမှာက ဘယ်သူမှမသိတဲ့ ကိစ္စတွေ အများကြီးရှိတယ်။ အေးဂျင့်နဲ့အိမ်ရှင် ပေါင်းပြီး လိင်ပိုင်းဆိုင်ရာ စော်ကားခံရတာတွေ၊ အိမ်တွင်းအကြမ်းဖက်ခံရတာတွေ ရှိနေတယ်။ ခံနေရတဲ့ သူတွေလည်း အများကြီး ပဲ။ ဒူဘိုင်းက အမျိုးသမီးတွေကိုဦးစားပေးတဲ့နိုင်ငံဆိုပေမယ့် အောက်ခြေမှာတော့ အနိုင်ကျင့်ခံနေရတဲ့ မြန်မာအမျိုးသမီးတွေ အများကြီးရှိနေပါတယ်” ဟု ဒူဘိုင်းမြို့တွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံ သားတစ်ဦးက ပြောသည်။

စစ်ကောင်စီမှ အာဏာသိမ်းပြီးသည့်နောက် စီးပွားရေး ကျပ်တည်းမှုများနှင့် နိုင်ငံရေးမတည်ငြိမ်မှုများ ကြား မြန်မာနိုင်ငံမှ လူငယ်အများအပြား ပြည်ပနိုင်ငံများသို့ ထွက်ခွာကာ အလုပ်လုပ်ကိုင်မှု မြင့်မားလာ နေသည်။

ထို့သို့ ထွက်ခွာမှုများတွင် မြန်မာနိုင်ငံနှင့် အိမ်နီးချင်းအာဆီယံဒေသတွင်း နိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံများအပြင် အရှေ့အလယ်ပိုင်းဒေသရှိနိုင်ငံများသို့ပါ အလုပ်အကိုင်ရှာဖွေရေးအေဂျင်စီများ မှတစ်ဆင့် သွားရောက်မှုများ ရှိနေသည်။

ယင်းသို့ သွားရောက်ရာတွင် တရားမဝင်လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်မှုများကြောင့် သက်ဆိုင်ရာ နိုင်ငံရဲတပ်ဖွဲ့များ၏ ဖမ်းဆီးခြင်းခံရမှုများရှိနေသကဲ့သို့ ပြည်ပနိုင်ငံများသို့ ရောက်ရှိပြီးသည့်အချိန်မှ ပွဲစားများ၏ လိမ်လည်မှုများကြောင့် ဒုက္ခရောက်နေကြသည့် မြန်မာနိုင်ငံသားများလည်း များစွာရှိနေ သည်ဟု စုံစမ်းသိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ

စာမူတည်းဖြတ်။ ။ စောဖေ

Most read this week

ဖာပွန်မြို့သိမ်းတိုက်ပွဲကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံအချို့ (ဓါတ်ပုံ- KNU- Mutraw News) (ပုံဟောင်းဖြစ်ပါသည်)
November 27, 2024
ကရင်ပြည်နယ်၊ ဖာပွန်-ကမမောင်းလမ်းတလျှောက် စစ်ကောင်စီကစစ်ကြောင်းထိုးနေ၍ တိုက်ပွဲများ...
၂၀၂၁ ခုနှစ်အတွင်း RCSS နှင့် SSPP အဖွဲ့ နှစ်ဖွဲ့ ပူးပေါင်းရန် ရှမ်းပြည်လူငယ်များ ဆန္ဒပြပုံ။
November 27, 2024
ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်သည့် SSPPနှင့် RCSS သည် ရှမ်းပြည်နယ် အရှေ့ပိုင်း၊...
“ဝ” မြို့တော် ပန်ဆန်း၌ ၂၀၁၉ ခုနှစ်က ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားတွင် တွေ့ရသည့် UWSA “ဝ” တပ်ဖွဲ့ဝင်များ  (ဓာတ်ပုံ- AFP)
November 26, 2024
“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ တပ်စခန်း ကိုးခုကို ဖယ်ရှားရန် ထိုင်းဘက်က...
ကရင်နီပြည်ရဲမှ ကျန်းမာရေးဝန်ဆောင်မှုပေးနေစဉ် (ပုံဟောင်း)
November 25, 2024
ကရင်နီဒေသအတွင်းရှိ ကိုယ်ဝန်ဆောင် ၃,၀၀၀ ဝန်းကျင်ခန့်သည် မီးဖွားနိုင်မှုအခက်အခဲနှင့်...