ရှမ်းပြည်နယ်အခြေစိုက် မီဒီယာများကို အကြမ်းဖက်မီဒီယာများဟု PNA/PNO က ဝါဒဖြန့်နေခြင်းမှာ လူထု အပေါ် သက်ရောက်မှု မရှိဘူးဟု ဒေခံများနှင့် ရှမ်းပြည်နယ်အခြေစိုက် သတင်းမီဒီယာဌာန အချို့က ပြောသည်။
ရှမ်းပြည်နယ် တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဖြစ်သည့် ဟိုပုံးမြို့တွင် ရှမ်းပြည်နယ် အခြေစိုက် သတင်းမီဒီယာ ၈ ခုကို အကြမ်းဖက်မီဒီယာများ ဖြစ်သည်ဟု ပအိုဝ့်ပြည်သူ့စစ်အဖွဲ့ (PNA/PNO) က ဝါဒဖြန့်နေသည့်အပေါ် ထောက်ပြပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဟိုပုံးဒေသခံ အသက် ၂၅ ဝန်းကျင် လူငယ်အမျိုးသမီးတစ်ဦးက “သေချာဒီလိုမျိုး သတင်းတွေ ဘာတွေဖတ်တဲ့ လူဆိုရင်တော့ သက်ရောက်မှာ မဟုတ်ဘူးပေါ့။ နားမလည်တဲ့ လူတွေလောက်ပဲ နည်းနည်းယုံချင်သလိုလို ပေါ့ နော်။ ဒါပေမယ့် ဒီအချိန်က လူတိုင်း လိုင်းသုံးတယ်လေ။ လူငယ်တွေ ဆိုလို့ရှိရင်လည်း ပြောမယ်ဆိုရင် သိတယ် လေ။ မထိရောက်ဘူးလို့ ထင်တာပဲ လောလောဆယ် ဒီခေတ်ကာလ မှာ တော်တော်များများကတော့ မြင်တယ် လေ” ဟု ပြောသည်။
ဟိုပုံးမြို့ရှိ လမ်းမကြီးများ၊ လူသွားလမ်းများနှင့် နာမည်ကြီး စားသောက်ဆိုင် အချို့တို့တွင် ဩဂုတ်လ ၁၉ ရက် နေ့က စတင်၍ PNA/PNO ပြည်သူ့စစ်အဖွဲ့က ရှမ်းပြည်နယ်အခြေစိုက် မီဒီယာ ၈ ခုဟာ အကြမ်းဖက် မီဒီယာ များ ဖြစ်ကြောင်း ပုံနှိပ်ထားသည့် စတစ်ကာများကို လိုက်ကပ်ထားခြင်း ဖြစ်သည်ဟု မြို့ခံများက ပြောသည်။
PNO/PNA က ဝါဒဖြန့်ထားသည့် သတင်းမီဒီယာ ၈ ခုထဲတွင်ပါသည့် ရှမ်းမြောက်အခြေစိုက် ရွှေဖီမြေ သတင်း ဌာနအနေဖြင့် ၎င်းတို့သည် PNO/PNA အပါအဝင် အခြားသော လက်နက်ကိုင်များ၏ လူထုအပေါ် ကျူးလွန်နေ သည့် လူ့အခွင့်အရေးချိုးဖောက်မှုနှင့် စပ်လျဉ်းသည့် သတင်းများကို အမှန်တိုင်း လူထုကို ချပြရေးသားနေခြင်း ကြောင့် ယခုကဲ့သို့ ဝါဒဖြန့်ခံရခြင်း ဖြစ်နိုင်သည်ဟု ရွှေဖီမြေသတင်းဌာနက တာဝန်ရှိသူ တစ်ဦးက ထောက်ပြ သည်။
“အခုလိုမျိုး ကျနော်တို့ကို အကြမ်းဖက်မီဒီယာလို့ သုံးပြီးတော့ ဝါဒဖြန့် စာတွေလိုက်ကပ်နေတဲ့ ဒီစစ်တပ်လက် အောက်ခံ အသွင်ပြောင်း ပအိုဝ်းပြည်သူ့စစ်ကိုလည်း တောက်လျှောက် ဒေသအတွင်းမှာရှိနေတဲ့ လူထုတွေ အပေါ် လူအခွင့်အရေးချိုးဖောက်မှုတွေ၊ ခြိမ်းခြောက်မှုတွေ၊ ငွေကြေးကောက်တဲ့ပြဿနာတွေ လူထုတွေအပေါ် နိုင်ထက်စီးနင်းလုပ်တာတွေ တောက်လျှောက်ရေးခဲ့တယ်ပေါ့နော်။ ရေးတဲ့အခါကြတော့ ဒါကတော့ သေချာ တယ် စစ်တပ်ကို ကြိုက်တဲ့လူတော်တော်များများက ကြိုက်မှာမဟုတ်ဘူး။ လက်ခံမှာမဟုတ်ဘူး။ ဆိုတော့ သူ တို့က လူထုတွေအပေါ် တနည်းနည်းနဲ့ ဒီမီဒီယာတွေက မယုံရဘူး၊ အကြမ်းဖက်မီဒီယာတွေဖြစ်တယ်။ စိတ်ယိုင် အောင်တော့ လုပ်ကြမှာပေါ့နော်။”
PNA/PNO အဖွဲ့အနေဖြင့် မည်ကဲ့သို့ပင် ဝါဒဖြန့်ဖြန့် လူထုက သိပြီးသားဖြစ်သောကြောင့် သက်ရောက်မှု မရှိနိုင် သလို စိုးရိမ်မှုလည်း မရှိဘူးဟု ရှမ်းမြောက်အခြေစိုက် ရွှေဖီမြေသတင်းဌာနက တာဝန်ရှိသူ က ဆက်ပြောသည်။
“လူထုကတော့ ကျနော်တို့ လုပ်နေတဲ့ ပုံစံကို သေချာသိတယ်။ ကျနော်တို့က တကယ်ကို လူထုတွေအတွက် ရပ် တည်ပြီးတော့ ရေးသားနေတဲ့ သတင်းဌာနဆိုတာကို သိတဲ့လူထုတွေကတော့ ဒါက ဝါဒဖြန့်တဲ့စာဆိုတာကို သေ ချာသိတယ်။ သေချာသိတဲ့အတွက် လူထုကတော့ စိတ်ယိုင်မှာမဟုတ်ဘူး။ လူထုတွေကိုယ်တိုင်က သိနေတယ်။”
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများအတွင်းရှိ လူငယ်များက လူမှုကွန်ယက် (Facebook) စာမျက်နှာကို အသုံးပြုနေသူများသည့်အပြင် သတင်းဌာနများကိုလည်း သိထားပြီးဖြစ်သည့်အတွက် သတင်းအမှန်/အမှားကို လည်း ခွဲခြားနိုင်ကြသည်ဟု လူငယ်များက ပြောသည်။
သို့သော်လည်း အချို့ ပအိုဝ်းကျေးရွာများတွင် ဘာသာရေးအရ အရေးပါသည့် ကျောင်းထိုင် ဆရာတော်များ၏ စကားကို မလွန်ဆန်နိုင်ကြသူများနှင့် လာဘ်ပေးလာဘ်ယူကိစ္စများကြောင့် ထိုသို့သောကျေးရွာအချို့တွင် သက် ရောက်မှု အချို့ရှိနိုင်သည်ဟု ပအိုဝ်းလူငယ်များက ဆိုသည်။
ရှမ်းပြည်နယ်အတွင်းက အလွတ်တန်း သတင်းထောက် တစ်ဦးကလည်း “ကျနော်တို့က စိတ်မပူပါဘူး။ ဘာလို့လဲ ဆိုတော့ ပြည်သူလူထုရဲ့ မီဒီယာအပေါ်မှာ ယုံကြည်မှုက ကျဆင်းမသွားဘူး။ အဲ့အတွက် စိတ်မပူဘူး။ ဒါပေမယ့် တစ်ခုပဲ ဒီဟာက သူတို့လုပ်မိလုပ်ရာ လုပ်နေတဲ့ဟာပဲ ရှိနေတယ်။ အဲ့ဒီအပေါ် ပြည်သူလူထုကလည်း စိတ်မဝင် စားတဲ့ဟာ မရှိဘူး။ ပြည်သူလူထုက ကျနော်တို့ သတင်းသမားတွေကို အပြည့်အဝ ယုံကြည်ထားတယ်” ဟု ပြော သည်။
လက်ရှိ ဟိုပုံးမြို့တွင် PNA က ကပ်ထားသည့် ဝါဒဖြန့် စာရွက်ထဲတွင် ရှမ်းပြည်နယ်အခြေစိုက် မီဒီယာ သတင်း ဌာန ၄ ခု ဖြစ်သည့် Tachileik News Agency, Shwe Phee Myay, Shan News, ကမ္ဘောဇတိုင်း စသည့်တို့ ပါ ဝင်သည်ဟု သိရသည်။
အဆိုပါ သတင်းမီဒီယာဌာနများအပြင် နွေဦးတော်လှန်ရေးကာလတွင် ပေါ်ပေါက်လာသည့် မီဒီယာများဖြစ်သည့် Taunggyi Nway Oo Channel, Channel Taunggyi, Road Of Taunggyi စသည့် သတင်းမီဒီယာ ၄ ခုလည်း ပါဝင်သည်။
“အာဏာသိမ်းပြီးနောက်ပိုင်းမှာမှ ပေါ်လာတဲ့ ကျမတို့လို Local Media တွေအတွက်ကတော့ လူသိပိုများသွား အောင်လို့ သူတို့က မြေပြင်မှာများ offline promotion ဆင်းပေးသလားလို့တောင်မှ ထင်ရတယ်ပေါ့။ စာ ဖတ်သူတွေလျော့သွားမယ်လို့တော့ လုံးဝမထင်မိပါဘူး။ ဝါဒဖြန့်တဲ့စာရွက်တွေ လိုက်ကပ်တယ်၊ မဖတ်ဖို့ မကြည့်ဖို့ လိုက်ပြောတယ်ဆိုတော့ လူတွေရဲ့ စိတ်ရဲ့ သဘောသဘာဝက မလုပ်နဲ့ဆိုရင် ပိုပြီးတော့မှ လုပ်ချင် တယ်။ မကြည့်နဲ့ဆိုရင် ပိုပြီးတော့မှ ကြည့်ချင်တယ်။ အခုလိုပြောပြခြင်းခံရတဲ့ မီဒီယာတွေက ပိုပြီးတော့မှ အာရုံစိုက်မှု အရင်ကထက်ပိုပြီးတော့ ရမယ်လို့ထင်တယ်” ဟု Taunggyi Nway Oo Channel က ပြောရေး ဆို ခွင့်ရှိသူ အမျိုးသမီးသတင်းထောက် တစ်ဦးက ပြောသည်။
ယခုကဲ့သို့ မီဒီယာများကို အကြမ်းဖက်ဟု ဝါဒဖြန့်နေမှုများသည် ရှမ်းပြည်နယ်ထဲက မီဒီယာများ ပအိုဝ်းလူထု အပေါ် သက်ရောက်မှု မရှိနိုင်ပေမယ့် PNA ၏ လက်နက်ပြ ခြိမ်းခြောက်ခံထားရသည့် ပအိုဝ်းရွာတချို့အပေါ်တွင် သက်ရောက်မှု အချို့ရှိနိုင်သည်ဟုလည်း သုံးသပ်မှုများ ရှိနေပါသည်။
ပအိုဝ့်ပြည်သူ့စစ် (PNO/PNA)အဖွဲ့သည် စစ်တပ်က အာဏာသိမ်းချိန် ကတည်းက စစ်ကောင်စီတပ်နှင့် ပူးပေါင်း ပြီး ကျေးရွာများတွင် တပ်သားသစ် အဓမ္မ စုဆောင်းခြင်း၊ ဆက်ကြေးကောက်ခံခြင်း၊ မသင်မနေရ စစ်သင်တန်း အတင်းပေးနေခြင်း၊ ပအိုဝ်းပြည်သူအပေါ် ရမ်းကားနှိပ်စက်ခြင်း စသည့် လုပ်ရပ်များကြောင့် ပအိုဝ်းလူထု၏ ထောက်ခံမှု ကျဆင်းနေသည့် အဖွဲ့ဖြစ်သည်ဟု ဒေသခံများက ပြောသည်။