ရှမ်းတောင် စစ်ရှောင်များ ရိက္ခာ အရေးပေါ်လိုအပ်

ရှမ်းတောင် စစ်ရှောင်များ ရိက္ခာ အရေးပေါ်လိုအပ်
 ဓါတ်ပုံ - Mai A Naing
ဓါတ်ပုံ - Mai A Naing

ရှမ်းပြည်နယ် တောင်ပိုင်း လဲချားမြို့နယ်၊ နောင်လိုင်ကျေးရွာမှ ကျေးသီးမြို့နယ်၊ မိုင်းနန်းကျေးရွာကို ထွက်ပြေး ရောက်ရှိနေသည့် တအာင်း စစ်ရှောင်ပြည်သူ ၂၀၀ နီးပါး တစ်လကျော်ကြာလာသည်အထိ နေရပ် မပြန်နိုင်သေး ပဲ စားနပ်ရိက္ခာများ အရေးပေါ် လိုအပ်နေသည်ဟု အကူအညီပေးနေသူများက ပြောသည်။

စစ်ရေးပဋိပက္ခများ၏ နောက်ဆက်တွဲအနေဖြင့် ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) RCSS/SSA က စစ်သားသစ်စုဆောင်းနေသည့်အတွက် နောင်လိုင်ကျေးရွာက အမျိုးသားအများစု အပြင် စစ်ရှောင်အယောက် ၂၀၀ ကျော်ခန့်က မိုင်းနန်းကျေးရွာတွင် စစ်ဘေးရှောင်နေကြရသည်မှာ တစ်လနီးပါး ရှိလာနေပြီ ဖြစ်သည်။

မိုင်းနန်းကျေးရွာရောက် စစ်ရှောင်များကို သွားရောက်ကူညီပေးခဲ့သည့် တအာင်းအမျိုးသမီးအစည်းအရုံး-TWO အဖွဲ့ဝင် တစ်ဦး “အဓိကက သူတို့ စားဖို့သောက်ဖို့ ပေါ့နော်။ အဲကြောင့် ကျမတို့ ထင်တာကတော့ ရေရှည် နေမှာ ဆိုတော့လေ ယောက်ကျားတွေက လုံးဝမပြန်ရဲဘူး။ ရေရှည်ဆက်နေမှာဆိုရင်တော့ သူတို့အတွက် အဓိက စား သောက်ပေါ့နော်။ ကျမတို့က လိုအပ်တဲ့ အခြေခံစားသောက်ကုန်တွေပေါ့နော်။ စောင်တို့ ဘာတို့လေ သွားကူခဲ့ တယ်” ဟု ပြောသည်။

ရှမ်းမြောက်နှင့် ရှမ်းတောင်အစပ် ကျေးသီး၊ လဲချားမြို့နယ်တို့ထဲတွင် ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်သည့် RCSS နှင့် SSPP တို့က အဓိက စစ်ရေးလှုပ်ရှားနေသည်ဟု ဒေသခံများနှင့် ဒေသတွင်းရှိ အရပ်ဘက်အဖွဲ့အစည်းများ၏ ပြောပြချက်များအရ သိရသည်။

ထို့အပြင် အဆိုပါဒေသတွင် စစ်ကောင်စီတပ်ဖွဲ့က ရှိနေသော်လည်း လမ်းမပေါ်တွင် ဂိတ်ထားကာ အခွန်အ ကောက် ကောက်ခံနေခြင်းသာ ရှိသည်ဟု သိရသည်။ ယခုနောင်းလိုင်ရွာသားများကို စစ်သားစုဆောင်းနေသည့် အဖွဲ့မှာ RCSS အဖွဲ့ဖြစ်သည်ဟု ဆက်ပြောသည်။

“နောင်လိုင်ရွာသားတွေပေါ့နော်။ နောင်လိုင်ရွာကတော့ လဲချားမြို့နယ်ထဲက။ ဒါပေမယ့် သူတို့ပြန်ပြေးလာတာ က တော့ မိုင်းနန်း၊ ကျေးသီးမြို့နယ်ထဲက မိုင်းနန်းရွာပေါ့။ သူတို့ပြောတာကတော့ ဒီ RC ဘက်ကနေပြီးမှ စစ် လာကောက်ကြတာပေါ့နော်။ ဆိုတော့ ကျမတို့မသွားခင် အလို ၄-၅ ရက် တုန်းကလည်း အဲ့ဘက်မှာ တိုက်ပွဲ ဖြစ်ထားခဲ့တာတွေရှိတာပေါ့နော်။ ရှမ်းတပ်ဖွဲ့နှစ်ဖွဲ့ ပစ်နေတာပေါ့နော်။ တချို့ ကျောင်းဆရာ/မတွေဆိုလည်း တောင်ပေါ်ရွာမှာ မနေရဲပဲနဲ့ မိုင်းနန်းရွာမှာရှိတဲ့ စာသင်ကျောင်းမှာ ရှိတဲ့ ဆရာ/မ တွေနဲ့လာနေတဲ့ဟာတွေ ရှိ တယ်။ တိုက်ပွဲဖြစ်လို့လာနေတဲ့လူတွေရှိတယ်။ စစ်ကောက်လို့လာနေတဲ့ဟာတွေ ရှိတယ်။ ဆိုတော့ အဓိကတော့ စားဖို့သောက်ဖို့ပေါ့နော်။”

လက်ရှိ မိုင်းနန်းကျေးရွာတွင် စစ်ဘေးရှောင်လာသူများမှာ အမျိုးသားများက အများစုဖြစ်ပြီး လူလတ်ပိုင်း အရွယ်များ ဖြစ်သည်ဟု သိရသည်။

ထိုစစ်ရှောင်များအတွက် အခြေခံစားသောက်ကုန်၊ ဆေးဝါး၊ အိပ်ယာ၊ စောင်နှင့် နေထိုင်ဖို့ နေရာထိုင်ခင်းများ လိုအပ်နေသည်ဟု TWO အဖွဲ့တာဝန်ရှိသူများက ပြောသည်။

ဇူလိုင်လမှစတင်၍ ယနေ့အချိန်ထိလည်း နောင်လိုင်ကျေးရွာဘက်တွင် RCSS ဘက်က စစ်ရေးလှုပ်ရှားမှု များရှိနေသေးသလို ဇူလိုင်လ ၂၃ ရက်နေ့က ဖမ်းဆီးခံလိုက်ရသည့် ရွာသား အယောက် ၅၀ ကျော်ထဲက ၁၀ ဦးခန့်မှာ ယနေ့အချိန်ထိ ပြန်မလွတ်လာသေးဘူးဟု ဒေသခံများက ပြောသည်။

ထိုသို့သော အခြေအနေများကြောင့် နောင်လိုင်ရွာသားများအနေဖြင့် ၎င်းတို့၏ မူလနေရပ်ကျေးရွာကို ပြန်ဖို့က လည်း မဖြစ်နိုင်သေးဘူးဟု ရွာသားများ က ဆိုသည်။

လဲချားမြို့နယ်ထဲက စစ်သားစစ်ဆောင်းမှုအခြေအနေနှင့် ရွာသားများကို ဖမ်းဆီးခေါ်ဆောင်သွားသည့် ကိစ္စရပ် များနှင့် ပတ်သက်၍ RCSS/SSA ၏ ပြန်ကြားရေးတာဝန်ရှိသူများကို ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်၍ မရ သေးပေ။ ယခု RCSS က စစ်သားဝင်ရောက်စုဆောင်းနေသည့် ကျေးရွာမှာ ရှမ်းရွာမဟုတ်ပဲ တအာင်းရွာဖြစ် သည်ဟုလည်း သိရသည်။

ဓါတ်ပုံ - Mai A Naing

Most read this week

January 17, 2025
ရှမ်းပြည်မြောက်ပိုင်းတွင် ပြေးဆွဲနေသည့် ကားသမားများကို ဒေသတွင်းအုပ်ချုပ်နေသည့် တိုင်းရင်းသား...
January 15, 2025
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံသို့ ရောင်းစားခံရသည့် အမျိုးသမီးများအား...
မောတောင်မြို့ စစ်ကောင်စီ စစ်ဆေးရေးဂိတ် (ပုံဟောင်း)
January 14, 2025
မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်းရှိ ထိုင်း - မြန်မာ နယ်စပ်မြို့ဖြစ်သည့်...
January 13, 2025
ကရင်နီပြည်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် အရပ်သားနေရာများကို စစ်ကောင်စီက...