စစ်ကောင်စီထံက ဒေါ်လာမဝယ်ယူကြောင်း ဝန်ခံကတိဖြင့် ကုမ္ပဏီများ သွင်းကုန်ပါမစ်ရရှိရန် ကြိုးပမ်းနေရ

စစ်ကောင်စီထံက ဒေါ်လာမဝယ်ယူကြောင်း ဝန်ခံကတိဖြင့် ကုမ္ပဏီများ သွင်းကုန်ပါမစ်ရရှိရန် ကြိုးပမ်းနေရ

သွင်းကုန်လိုင်စင်အတွက် တန်ဖိုးငွေများ ပေးချေလွှဲပြောင်းခြင်းကို စစ်ကောင်စီထံက ဒေါ်လာဝယ်ယူမည်မဟုတ်ဘဲ ကုမ္ပဏီ၏ အစီအစဉ်ဖြင့်သာ တာဝန်ယူဆောင်ရွက်သွားမည်ဆိုသည့် ဝန်ခံကတိဖြင့် သွင်းကုန်ပါမစ်ရရှိရန် ကြိုးပမ်းနေရကြောင်း သွင်းကုန်လိုင်စင်လျှောက်သူများထံက သိရသည်။

“အဓိကက သူတို့ဆီက ဒေါ်လာမထုတ်ပေးတာတော့ မဟုတ်ဘူး။ ကိုယ့်ဘာသာ လုပ်တယ်ဆိုတဲ့ပုံစံမျိုးဖြစ်သွားတာပေါ့။ တကယ်တော့ လိုင်စင်မကျလို့ အဲ့ဒီဖောင်နဲ့ ရိုက်ပြီးတင်ရတာ”ဟု စစ်ကောင်စီ၏ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတွင် သွင်းကုန် လိုင်စင်လျှောက်ထားသူ တစ်ဦးကပြောသည်။

သွင်းကုန်လိုင်စင်မကျခင် ဆိပ်ကမ်းရောက်နေသည့် ကုန်ပစ္စည်းများအား သွင်းကုန်လိုင်စင်ခွင့်ပြုပေးရန်နှင့် လိုင်စင်ရရှိပြီးပါက တန်ဖိုးငွေများပေးချေလွှဲပြောင်းခြင်းကို ကုမ္ပဏီ၏ အစီအစဉ်ဖြင့်သာ တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဝန်ခံကတိဖြင့် လျှောက်ထားရသည်ဟု သိရသည်။

"ဆိပ်ကမ်းမှာ ပစ္စည်းမရောက်ဘူးဆိုရင် အဆင့်ဆင့်သွားပေါ့။ ကော်မတီတင်ရင် ကော်မတီ ကလည်း ဟိုတင် ဒီတင်နဲ့။ သူတို့အနေနဲ့ မချပေးဘူးလို့တော့ တစ်ခွန်းမှ မပြောဘူး။ ဒါပေမဲ့ ကျွန်မတင်ထားတဲ့ လေးလပိုင်းကတည်းက လိုင်စင်က အခုထိမကျဘူး။ လျှပ်စစ်ပစ္စည်းရော ပိုက်တွေရော အစုံပဲပေါ့။ တစ်စောင်မှ မကျဘူး။ ခုနစ်လပိုင်းတင်တဲ့လိုင်စင်တွေက D/O ပြပြီး ပစ္စည်းရောက်နေလို့ဆိုပြီးကျသွားပြီ"ဟု သွင်းကုန် လိုင်စင်လျှောက်ထားသူ တစ်ဦးက ပြောသည်။

သွင်းကုန်များအတွက်လိုအပ်သည့် နိုင်ငံခြားသုံးငွေကို စစ်ကောင်စီ၏ နိုင်ငံခြား သုံးငွေကြီးကြပ်မှုကော်မတီက စိစစ်ခွင့်ပြုပေးနေခြင်းဖြစ်ပြီး နိုင်ငံခြားသုံးငွေအတွက် ဦးစားပေးခွင့်ပြုရန် (၁)လယ်ယာနှင့် မွေးမြူရေး၊ (၂) စက်သုံးဆီ၊ စားသုံးဆီ၊ (၃) ဆေးဝါး၊ ပညာရေး၊ (၄) စက်မှုကုန်ကြမ်း၊ စက်အပိုပစ္စည်း၊ (၅) လူသုံးကုန်၊ စားသောက်ကုန်၊ လျှပ်စစ် စသည်ဖြင့် အဓိက အုပ်စု ငါးခုခွဲထားသည်။

စားသုံးဆီများနှင့် ပတ်သတ်၍ စားသုံးဆီ Consumer Pack (Container)ဖြင့် တင်သွင်းလာသည့် စားသုံးဆီများကို သွင်းကုန်လိုင်စင်သာခွင့်ပြုသွားမည်ဖြစ်ပြီး နိုင်ငံခြားငွေဝယ်ယူခွင့်ကို ခွင့်ပြုမည်မဟုတ်ကြောင်း စားသုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီက ဩဂုတ်လ ၂ ရက်နေ့ ရက်စွဲဖြင့် ညွှန်ကြားထားသည်။

စားသုံးဆီများကို သင်္ဘောဖြင့်တင်သွင်းခြင်းအတွက် လက်ရှိအချိန်ထိ ဒေါ်လာ ဝယ်ယူ ခွင့် ပြုထားသော်လည်း ဝယ်ယူခွင့်ရရန် တစ်ပတ်ခန့် စောင့်ဆိုင်းရသည်ဟု ရန်ကုန်တိုင်း ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်း တာဝန်ရှိသူတစ်ဦးက ဆိုသည်။

ဆေးဝါးများနှင့် ပတ်သတ်၍ လုပ်ငန်းကြန့်ကြာမှု မဖြစ်ပေါ်စေရန်နှင့် ကုန်ပစ္စည်း ပြတ်လပ်မှု မရှိစေရေးတို့အတွက် နိုင်ငံခြားငွေဝယ်ယူခြင်းမပြုဘဲ ကုမ္ပဏီအစီအစဉ်ဖြင့် တစ်ဖက်ကုန်ရောင်းသူထံသို့ ငွေလွှဲမည်ဆိုပါက ကုမ္ပဏီဒါရိုက်တာ ကိုယ်တိုင်လက်မှတ် ရေးထိုးထားသော ဝန်ခံကတိပြုစာဖြင့် အသင်းသို့ တင်ပြရန် မြန်မာနိုင်ငံဆေးနှင့် ဆေးပစ္စည်းလုပ်ငန်းရှင်များ အသင်းကပြီးခဲ့သည့် ဇူလိုင်လတွင် ထုတ်ပြန်ခဲ့သည်။

ထို့အပြင် နယ်စပ်ဒေသများမှ ဒေါ်လာငွေကြေးဖြင့် တင်သွင်းရန် သွင်းကုန်လိုင်စင် ခွင့်ပြုထုတ်ပေးမှုအပေါ် နိုင်ငံခြားငွေဝယ်ယူတောင်းခံခွင့်မရှိကြောင်းနှင့် နိုင်ငံခြားသုံးငွေ ကြီးကြပ်ရေးကော်မတီသို့ ငွေဝယ်ယူခွင့်တင်ပြတောင်းခံခြင်းမပြုရန် ကုန်သွယ်ရေး ဦးစီးဌာနက အသိပေးထားသည်။

“ကိုယ့်အစီအစဉ်နဲ့ကိုယ်လွှဲဆိုပေမယ့် ဒီကုမ္ပဏီကလွှဲလိုက်တယ်ဆိုရင် ဒီကုမ္ပဏီမှာ ဒေါ်လာရရာရကြောင်း ငွေလမ်းကြောင်းရှိတယ်ဆိုတာက ကုမ္ပဏီတွေမှာလည်း နည်းနည်းတော့ အန္တရာယ်ရှိနိုင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ နောက်ကြောင်းတွေ လိုက်မှာကိုး။ ဒေါ်လာတွေကို ဘယ်သူကလွှဲပေးတယ်။ ဘယ်ကနေ ဝယ်ပေးတယ် ဆိုတာကနေ ပြဿနာတွေက တက်လာဦးမယ်”ဟု စီးပွားရေး လုပ်ငန်းရှင်တစ်ဦး ကပြောသည်။

“အဓိကအကြောင်းအရာကတော့ ကျွန်တော့်အထင်သွင်းကုန်ကဏ္ဍကို အဓိက တားမြစ်ချင်တာပေါ့နော်။ ဒေါ်လာမထွက်ချင်တော့တာ။ ဒေါ်လာအတွက်ကို ဒီဘက်မှာ သူတို့ ဒေါ်လာလိုအပ်နေတယ်။ သူတို့အတွက်လိုအပ်နေတဲ့အတွက် ပြည်ပကိုဒေါ်လာ မထွက်ချင်တော့တာ။ အဲ့ဒီလိုသဘောမျိုးအနေနဲ့ ပိတ်ပင်တားမြစ် လိုက်တယ်လို့ ထင်ပါတယ်”ဟု ၎င်းက သုံသပ်ပြောဆိုသည်။

စစ်ကောင်စီအနေဖြင့် သွင်းကုန်များအတွက်လိုအပ်သည့် အမေရိကန်ဒေါ်လာကို အလုံအလောက် ထုတ်ပေးခြင်းမရှိသော်လည်း ပို့ကုန်ရငွေမှ နိုင်ငံခြားငွေများကို မြန်မာကျပ်ငွေဖြင့် လဲလှယ်ရယူလျက်ရှိသည်။

စစ်ကောင်စီက ဩဂုတ်လ ၅ရက်နေ့တွင် ငွေလဲလှယ်နှုန်းကို တစ်ဒေါ်လာလျှင် ယခင် ၁၈၅၀ကျပ် သတ်မှတ်ထားသော်လည်း ၂၁၀၀ကျပ်သို့ ပြောင်းလဲသတ်မှတ်ခဲ့ပြီး ပို့ကုန်ရငွေ၏ ၆၅ ရာခိုင်နှုန်းကိုသာ မြန်မာငွေလဲလှယ်ရန် ညွှန်ကြားခဲ့သည်။

လက်ရှိတွင် စစ်ကောင်စီကဖွဲ့စည်းထားသည့် ရွှေနှင့်ငွေကြေးဈေးကွက်စောင့်ကြည့်၊ ထိန်းသိမ်း၊ ကြတ်မတ်ရေးလုပ်ငန်းကော်မတီက နိုင်ငံခြားငွေကြေးများ တရားမဝင် ကိုင်ဆောင်ခြင်း၊ ဥပဒေမဲ့ အရောင်းအဝယ်ပြုလုပ်ခြင်း၊ ဈေးကစားခြင်းပြုလုပ်သူများကို တိုင်ကြားရန် စစ်ကောင်စီ၏ဝါဒဖြန့် သတင်းစာ ဩဂုတ်လ ၆ ရက်နေ့ထုတ် ကြေးမုံတွင် ထည့်သွင်း ကြေညာထားသည်။

Most read this week

ဖာပွန်မြို့သိမ်းတိုက်ပွဲကြောင့် နေရပ်စွန့်ခွာ တိမ်းရှောင်နေရသည့် ဒေသခံအချို့ (ဓါတ်ပုံ- KNU- Mutraw News) (ပုံဟောင်းဖြစ်ပါသည်)
November 27, 2024
ကရင်ပြည်နယ်၊ ဖာပွန်-ကမမောင်းလမ်းတလျှောက် စစ်ကောင်စီကစစ်ကြောင်းထိုးနေ၍ တိုက်ပွဲများ...
၂၀၂၁ ခုနှစ်အတွင်း RCSS နှင့် SSPP အဖွဲ့ နှစ်ဖွဲ့ ပူးပေါင်းရန် ရှမ်းပြည်လူငယ်များ ဆန္ဒပြပုံ။
November 27, 2024
ရှမ်းလက်နက်ကိုင်နှစ်ဖွဲ့ဖြစ်သည့် SSPPနှင့် RCSS သည် ရှမ်းပြည်နယ် အရှေ့ပိုင်း၊...
“ဝ” မြို့တော် ပန်ဆန်း၌ ၂၀၁၉ ခုနှစ်က ပြုလုပ်သည့် စစ်ရေးပြအခမ်းအနားတွင် တွေ့ရသည့် UWSA “ဝ” တပ်ဖွဲ့ဝင်များ  (ဓာတ်ပုံ- AFP)
November 26, 2024
“ဝ”ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) ၏ တပ်စခန်း ကိုးခုကို ဖယ်ရှားရန် ထိုင်းဘက်က...
ကရင်နီပြည်ရဲမှ ကျန်းမာရေးဝန်ဆောင်မှုပေးနေစဉ် (ပုံဟောင်း)
November 25, 2024
ကရင်နီဒေသအတွင်းရှိ ကိုယ်ဝန်ဆောင် ၃,၀၀၀ ဝန်းကျင်ခန့်သည် မီးဖွားနိုင်မှုအခက်အခဲနှင့်...