ကချင်ပြည်နယ် အင်ဂျန်းယန်မြို့တွင် ယခုနှစ် မိုးရွာသွန်းမှုများပြီး တောင်ယာစပါးခင်းနှင့် စိုက်ခင်း ပျက်စီးမှုများ ကြောင့် စားဝတ်နေရေးအတွက် ခက်ခဲမှုများရှိလာနိုင်သည်ဟု ဒေသခံများက ပြောသည်။
အင်ဂျန်းယန်မြို့နယ်သည် မြစ်ကြီးနားခရိုင်အတွင်းက မြို့နယ်တစ်မြို့နယ်ဖြစ်သည်။
၂၀၂၂ ခုနှစ်သည် အရင်နှစ်များထက် မိုးပိုမိုရွာသွန်းသည့်အတွက် စိုက်ပျိုးထားသည့် တောင်ယာစပါးခင်းများနှင့် စိုက်ခင်းများ ပျက်စီးကုန်သည့်အတွက် နေထိုင်စားသောက်ရေးအတွက် ခက်ခဲလာနိုင်သည်ဟု အင်ဂျန်းယန် ဒေသခံတစ်ဦး က ပြောသည်။
အင်ဂျန်းယန် ဒေသခံတစ်ဦး က “အခုလို စပါးနဲ့ ဟင်းသီးဟင်းရွက်တွေ ပျက်စီးသွားတော့ တောင်ယာစိုက် ပြည်သူတွေက စားဝတ်နေရေးမှာ အခက်အခဲတွေ ရှိလာနိုင်တယ်။ အရင်နှစ်ကလောက်လည်း ဆန်ထွက်မယ် မထင်ဘူး။ ဒီနှစ်တော့ မျှော်လင့်ချက် မရှိတော့ဘူးလို့” ဟု ပြောသည်။
ထိုသို့ တောင်ယာစပါးခင်းများ ပျက်စီးသွားခြင်းကြောင့် အချို့သော တောင်ယာခင်းများတွင် ယခုနှစ် ဆန်လုံးဝ ထွက်မည်မဟုတ်သလို အချို့သော တောင်ယာစပါးခင်းများမှာ အထွက်နှုန်းနည်းမည်ဟု အင်ဂျန်းယန် ဒေသခံ များက ပြောသည်။
အင်ဂျန်းယန်မြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အတွက် ဒေသခံအများစုမှာ တောင်ယာစပါးကို အဓိကထား စိုက်ပျိုးကြပြီး အဆိုပါ တောင်ယာခင်းများထဲတွင် အခြားဟင်းသီးဟင်းရွက် သီးနှံများကို စိုက်ပျိုးကြခြင်း ဖြစ် သည်။
အချို့သော ဒေသခံများသည် လက်ရှိဖြစ်ပေါ်နေသည့် နိုင်ငံရေးအခြေအနေများကြောင့် နေ့စားလုပ်ကိုင်ခြင်း၊ အခြားဒေသများသို့သွား၍ စီးပွားရှာခြင်းတို့အတွက် အခက်အခဲရှိသောကြောင့် မိမိတို့တွင်ရှိသည့် ငွေအနည်း ငယ်စီဖြင့် တောင်ယာစိုက်ပျိုးရေးကို အဓိကအားစိုက်ပြီး လုပ်ကိုင်ခဲ့ကြခြင်း ဖြစ်သည်။
သို့သော် ဒေသအတွင်းမိုးများပြီး တောင်ယာခင်းများ ပျက်စီးကုန်သောကြောင့် လာမည့်နှစ်တွင် ပိုမိုခက်ခဲလာနိုင် သည်ဟု ဒေသခံများက ဆိုသည်။
တောင်ယာလုပ်ငန်းလုပ်ကိုင်သူ အချို့မှာ စပါးစိုက်ပျိုးရန်ပင် ငွေကြေးအခက်အခဲရှိသူများသည် ချေးငှားစိုက် ပျိုးထားရာမှ ယခုကဲ့သို့ မိုးများပြီး တောင်ယာစပါးခင်းများ ပျက်စီးကုန်သည့်အတွက် အကြွေးများတင်ကာ စား ဝတ်နေရေးအပြင် အခြားသော ကဏ္ဍများကိုပါ ပိုမိုခက်ခဲလာနိုင်စေနိုင်သည်ဟု ဆိုသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် လမ်းပန်းဆက်သွယ်ရေးပိုင်း ပိတ်ဆို့မှုများ၊ တားမြစ်မှုများနှင့် မြစ်ကြီးနား မြို့ဘက်မှ ဝင်လာသည့် ဆန်နှင့် အခြားစားနပ်ရိက္ခာ ကုန်ပစ္စည်းများ တင်သွင်းခွင့်ကိုလည်း ပိုဆို့ကန့်သတ်မှုများ ကြောင့် ဒေသအတွင်း ကုန်စျေးနှုန်းမှာလည်း ယခုကထက် အဆမတန် စျေးများ မြင့်တက်နေသည်ဟု အင်ဂျန်း ယန် ဒေသခံများက ပြောသည်။
အင်ဂျန်းယန်မြို့တွင် ပြီးခဲ့သည့် ၂၀၁၉-၂၀၂၀ ခုနှစ်တုန်းကလည်း တောင်ယာစပါးခင်းများ တောကြွက်များကျခဲ့၍ ပျက်စီးဆုံးရှုံးမှုများခဲ့ရာ ယခုနှစ်တွင် မိုးများခြင်းကြောင့် ထပ်မံဆုံးရှုံးမှုများ ရှိနေခြင်း ဖြစ်သည်။
စစ်ကောင်စီလက်ထက် ၂၀၂၁ ခုနှစ် စက်တင်ဘာလအထိ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ကောက်ခံထားသည့် စာရင်းများအရ လူဦးရေစာရင်း မှာ ၈၆၃၅ ဦး ရှိသည်ဟု သိရပြီး အများစုမှာ ကျေးလက်နေပြည်သူများဖြစ်ပြီး တောင်ယာစပါး၊ ပြောင်းနှင့် အခြားသီးနှံများ အဓိက စိုက်ပျိုးကြသည်။